htwegyi avatar

ရှောက်ယို ခါးခါး

htwegyi

Published: 14 Jul 2026 › Updated: 14 Jul 2026ရှောက်ယို ခါးခါး

ရှောက်ယို ခါးခါး

တနေ့က ရှောက်သီးတလုံး လက်ဆောင်ရသည်။
ထိုရှောက်သီးကို မည်သို့ပြုလုပ်ရမည်နည်းဟု
အမက ပြောသည်။ ရှောက်ရည်ညှစ်ပြီး ဖျော်ရည်
သောက်ကြမယ်ဟု ပြောသည်။ ရှောက်သီးလုံးက
ကြီးသည်။ ယခင်ကလည်း ရှောက်သီးကြီးတလုံး
ရဖူးသည်။ ထိုရှောက်သီးကြီးအား ဟိုဟာလုပ်ရမလား။
ဒီဟာလုပ်ရမလားဟု စဉ်းစားကြရင်း ရှောက်သီးလုံးကြီး
မှာ ပုတ်သွားပါလေသည်။

ထိုကြောင့် ယခင်အခါ ရှောက်သီးကဲ့သို့ ပုတ်သွားမည်ကို
စိုးသဖြင့် ရှောက်သီးကို အသုံးပြုကြဖို့ ဝိုင်းဝန်း
စဉ်းစား ပြောကြသည်။ အမနှင့် ကျွန်တော်က
ရှောက်ရည်ညှစ်ပြီး သကြားဖြင့် ဖျော်သောက်မည်ဟု
ကြံစည်သည်။ ထိုသို့ စိတ်ကူးနေကြစဉ် တူမဖြစ်သူက
ရှောက်သီးလုံးကြီးကို ကိုင်ပြီး ဆားများဖြင့် ပယ်ပယ်
နယ်နယ် နယ်ပါလေသည်။

"ဟယ် ညည်းက ဘာလုပ်မလို့ ဆားတွေနဲ့
နယ်နေတာလဲ"

"အမေတို့က ဘာလုပ်မယ်၊ ညာလုပ်မယ် ပြောနေကြတာ။
ပြီးတော့ တကယ်လည် ဘာမှ မလုပ်ကြဘူး။
အခု သမီးက ယူကျူကနေကြည့်ပြီး ရှောက်ယို
ထိုးမလို့"

"အော် အဲ့သလိုလား။ သေချာမှ လုပ်ပါအေ"

ပြောပြောဆိုဆို တူမသည် ဆားနယ်ပြီးသော
ရှောက်သလုံးကို အခွံများခွါပြီး အတုံးလေးများ
စိတ်သည်။ ပြီးနောက် ဒယ်နီအိုးအတွင်း ထည့်ပြီး
ထန်းလျက်ခဲလေး ကိုးလုံးပါထည့်ပြီး ကျိုပါသည်။
ရှောက်သီးဖတ်များနှင့် ထန်းလျက်များကို ဒယ်နီ
မှာ ပွက်ပွက်ဆူအောင်ကျိုပြီး ဆားအနည်းငယ်
ထည့်သည်။ သကြားအနည်းငယ်ထည့်သည်။
ပြီးနောက် ရှောက်ယိုအဖြစ်သို့ ရောက်ခါနီးမှာ
ပျားရည်းနှစ်ဇွန်းထပ်ထည့်သည်။

တူမကတော့ သူ၏ ရှောက်ယိုကို အပြီးကျိုနေသည်။
ရှောက်ယိုရပြီးဟု ပြောပြီးသကာလ လာရောက်ပြီး
မြည်းကြည့်ရန်ပြောသည်။ အမရယ်၊ ကျွန်တော်ရယ်
ဇွန်းကလေးများယူကာ ရှောက်ယိုကို မြည်းကြည့်ကြပါလေသည်။
ပါးစပ်ပေါက်ဟကာ လျှာဖျားပေါ်သို့
ရောက်ရှိလာသော အနှီးရှောက်ယို၏ အရသာသည်က
ခါးပေစွ။

"ဟင်း ခါးလိုက်တာအေ ညည်းရှောက်ယိုက ခါးချိုကြီး
ဖြစ်နေတယ်"

"ခါးချင် ခါး၊ ချိုချင် ချို လုပ်ပြီးသွားပြီး။ စားချင်
စား၊ မစားချင်လည် ထားကြပေါ့"

"ဟမလေး မထားနိုင်ပေါင် ခုခေတ် အစစ အရာရာ
ဈေးကြီးနေတာ။ ပုလင်းထဲထည့်ပြီး တစိမ့်စိမ့်စား
ကြတာပေါ့"

အမက ပြောပြောဆိုဆို ပုလင်းလေးတခုအတွင်းသို့
အအေးခံပြီး ရှောက်ယိုများကို ထည့်လေသည်။
ရှောက်သီးလုံးကြီး ကြီးသမို့ အများကြီးရမည်ထင်
ပေသည်။ တကယ်ယိုထိုးတော့ အနည်းငယ်သာ
ရပေသည်။ ယနေ့မှ ထိုရှောက်ယိုကို ထပ်မံ၍
အနည်းငယ်မြည်းကြည့်သည့်အခါ မနေကလောက်
မခါးတော့ပေ။ ဆေးဖြစ် ဝါးဖြစ်တော့ တနေ့
နည်းနည်းချင်း စားပါရင် ကုန်သွားမှာပေါ့။
ဟုတ်ဖူးလားဗျာ။

htwegyi@htwegyi
July 14, 2026

Leave ရှောက်ယို ခါးခါး to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi