htwegyi avatar

ဝမ်းနည်းမိသခိုက်။

htwegyi

Published: 23 Jul 2026 › Updated: 23 Jul 2026ဝမ်းနည်းမိသခိုက်။

ဝမ်းနည်းမိသခိုက်။

"ဦးလေး ဦးလေး ငှက်ကလေးကောက်ချင်လို့"

"ဦးလေး ဦးလေး ငှက်ကလေးကောက်ချင်လို့"

ခြံအပြင်မှ လူငယ်တစ်ဦးပြောသံကို ကြားရသည်။
ပထမတော့ ထိုသူငယ်ဘာပြောတာလဲ သေချာ
မသိပေ။ အိမ်သို့လာသော အလှူခံပုဂ္ဂိုလ်လား၊
အိမ်ခွန်၊ မြေခွန်အ‌တွက် အခွန်စာရွက်လာပေးသူလား၊
မီတာဘေလ် လာပေးသူလား စသဖြင့် ထင်မိသည်။
ခြံတံခါးကို အကိုတာယာပွကြီးက သွားဖွင့်ပေးသည်။
လူငယ်နှစ်ဦးအနက် တဦးက ဆိုင်ကယ်ပေါ်မှာ စောင့်နေသည်။
ကျန်တဦးက လေးခွကိုင်ပြီး ခြံအတွင်းသို့
ဝင်လာကာ လေးခွမှန်ထားသော ချိုးငှက်ကလေးကို
ကောက်ယူသွားသည်။

ထိုချိုးငှက်ကလေးများက ကျွန်တော်ခြံအတွင်း
နေထိုင်ကျက်စားကြသည်ကများသည်။ အထီးအမ
မောင်နှံစုံတွဲ လာရောက်တတ်သည်။ ယခုလောက်လေးခွ
ထိမှန်သော ငှက်သည်က အထီးလား၊ အမလား
မသိပေ။ ထိုလူငယ်နှစ်ဦးကို တာယာပွကြီးက မည်သို့
ပြောလိုက်သလဲဟု အမနှင့် နှမက မေးကြသည်။
"ဘာမှ မပြောပါဘူး၊ သေတဲ့ငှက်လည်း သေသွားပြီး
ကိုယ့်ပြောလည်း ပြောတာသာ အဖတ်တင်မယ်။
သေသွားတဲ့ငှက်က ပြန်ပြီး အသက်ရှင်လာမှာမှ
မဟုတ်တော့တာ"

တာယာပွကြီးပြောသည်ကလည်း ဟုတ်ပေသည်။
သို့ပေသိ နောက်တခါလာရောက်မပစ်ဖို့တော့
ပြောသင့်ပေသည်။။ ကိုယ်တွေငယ်စဉ်ကလည်း
လောက်လေးခွဖြင့် ဟိုပစ် ဒီပစ် ပစ်ခတ်ခဲ့သည်။
ယခုအသက်အရွယ်မှ ထိုသို့ပြုလုပ်မှုသည် မကောင်းပါလားဟု တွေးတောစဉ်းစားမိလာသည်။ ကိုယ်တွေ
ငယ်စဉ်ကလည်း လောက်လေးခွဖြင့် ပုတ်သင်ညို
ပစ်၊ ငှက်ပစ် တို့ပြုလုပ်ခဲ့သည်။ ညအချိန်ဆိုပါမူ
ဓာတ်မီးတိုင်များအောက် ပုရစ်များလည်း
ဖမ်းခဲ့ဖူးသေးသည်။

ကိုယ်တွေငယ်စဉ်ကပြုလုပ်ခဲ့ပြီး ယခုလူငယ်များကို
မလုပ်နဲ့ဟုပြောရသည်မှာ အဆင်တော့မပြေပါ။
ကျွန်တော်တို့ခြံမှာ တိရစ္ဆာန်များက ပျော်ရွှင်ကြပေသည်။
ပျော်ဆို ကျွန်တော်က မနက်ရောက်ပြီးဆိုပါမူ
ညကကျန်သော ထမင်းအကျန် ထမင်းကြမ်းခဲများကို
ခြေပြီး သစ်သားပြား‌ ပေါ်တင်သည်။ ထိုနောက်
ထိုသစ်ပြားကို သစ်ပင်ပေါ်ရှိ လက်လှမ်းမီသော
သစ်ပင်ခွကြားမှာ ထားပေးသည်။ ထိုကြောင့်
ကျေးငှက်များက ကျွန်တော့်ခြံမှာ မြူးထူးပျော်ပါး
ကြသည်။

ယခုတော့ ထိုပျော်ပါးကြသော ငှက်များအနက်မှ
ချိုးငှက်ကလေးတကောင်ကတော့ လောက်လေးခွကြောင့်
သေဆုံးသွားရှာသည်။ ယခင်က ပျော်ရွှင်
ဆူညံစွာ အစာ စားကြသော ငှက်ငယ်များသည်
ယခုအခါမှာ လာစာတာ နည်းသလို။ လာရောက်စား
သော ငှက်တို့ကလည်း အလန့်တကြားနှင့် စား
သောက်နေကြပေသည်။ သတ္တဝါတိုင်းမှာ ခန္ဓာရှိပါရင်
ဒုက္ခရှိကြစမြဲပါကလား။

htwegyi@htwegyi
July 23, 2026

Leave ဝမ်းနည်းမိသခိုက်။ to:

Written by

Read more #hive-122133 posts


Best Posts From htwegyi

We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htwegyi