ဝါဆိုပွဲ
"ဝါဆိုလ ဝါဆိုပွဲ"
"ဝါဆို ဝါခေါင် ရေတွေကြီးလို့ "
"ဝါဆိုဝါခေါင် ရေဖောင်ဖောင်"
နှစ်စဉ် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ရောက်တိုင်း
ဘုန်းကြီးကျောင်းသို့ သွား၍ ဝါဆိုပွဲမှ
ကျွေးမွေးသော စားစရာများကို သွားရောက်စား
သောက်သည်။ ဘုရားကြီး အရှေ့မုခ်ရှိ အာနန္ဒာဘုရား
အနီးဘုန်းကြီးကျောင်းတွင် ကျွန်တော်တို့၏ အကိုတဝမ်းကွဲက
ဦးပဇင်းရှိသည်။ ထိုဦးပဇင်းက ငယ်ဖြူဖြစ်သည်။ ငယ်စဉ်ကတည်းက ကိုရင်ပေါက်စမှနေပြီး ယခုအချိန်ထိ ဦးပဇင်းဝတ်နေသည်။
ဦးပဇင်းက တရားဟောကောင်းသည်။ သို့ပေသိ
ဘုန်းကြီးစာမေးပွဲကိုတော့ဖြင့် မအောင်မြင်ပေ။
တရားဟောကောင်းသဖြင့် နယ်ဝေး နေသူတို့က
ပင့်ဖိတ်ပြီး တရားဟောကြွခိုင်းသည်။ ဦးဇင်း၏
ဒကာ၊ ဒကာမများက အင်းတော်ကြီးနှင့် ချင်းတွင်းမြစ်
အနီးရှိ မင်းကင်းအရပ်မှ လူများဖြစ်သည်။
နှစ်စဉ် ဝါဆိုဦးရောက်တိုင်း ထိုဒကာ၊ ဒကာမများက
သူရို့အရပ်မှထွက်သော ကုန်ပစ္စည်းများကို
ဦးဇင်းထံ လှူဒါန်းကြသည်။ ထိုကြောင့် ဦးဇင်းက
တဖန်ပြန်ပြီး မန္တလေးရှိသူ၏ ဆွမ်းဒကာ၊ ဒကာမ
များကို ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ကျွေးမွေး
ဧည့်ခံသည်။ လာရောက်စားသောက်သူများ
ကလည်း မိမိတို့တက်နိုင်သလောက် လှူဒါန်းကြသည်။
ထိုကြောင့် ဝါဆိုပွဲရောက်တိုင်း ဘုန်းကြီးကျောင်းမှာ
လူအများက ဝါဆိုသင်ကန်းကပ်သူတို့ဖြင့် စည်ကား
နေတတ်သည်။
ယခုတော့နှစ်နှစ်ရှိပေသည်။ ပထမတနှစ်က စစ်ကိုင်းငလျင်ကြောင့် မကျွေးမွေးနိုင်ပေ။ ယခုနှစ်မှာတော့
ဦးပဇင်း၏ လှူဒါန်းသူ ဒကာများက စစ်ဘေးဒဏ်ကို ပြေးလွှား တိမ်ရှောင်နေကြရသဖြင့် မကျွေးမွေးနိုင်
တော့ပေ။ ဦးပဇင်း၏ ကျောင်း၌ပင် စစ်ဘေးရှောင်
လာကြသူ ဒကာအချို့ရှိပေသည်။ မြို့ပေါ်ရှိ
သူဌေးများက လှူဒါန်းသော ဘုန်းကြီးကျောင်းများ
ကမူ ဝါဆိုပွဲမှာ ကျွေးမွေးနိုင်ကြသည်။
ဝါဆိုလမှာ ဝါဆိုပန်းကပ်ကြသည်။ အိမ်ဘေးရှိ
မူကြိုကျောင်းမှ မူကြိုကလေးများ၏ ဝါဆိုပန်းကပ်
သည်ကို မြင်တွေ့ရသည်။ ကလေးများက ချစ်စရာ
ကောင်းကြသည်။ မိန်ခလေး၊ ယောင်္ကျားလေးများက
ထဘီနှင့် ပုဆိုးများဝတ်ထားကြသဖြင့် မြင်ရတာပို၍
ချစ်စရာကောင်းသည်။ ကလေးများကို နှစ်ယောက်တတွဲ
တွဲခိုင်းပြီး ပန်းတိမ်ငိုပန်းများလေးများ ကိုင်ထားခိုင်းသည်။
ဆရာမများက ဘေးမှာ ခြံရံပြီး ဘုန်းကြီး
ကျောင်းသို့ သွားကြသည်။
"ဝါဆိုပန်းတွေ ခူးရအောင်" စသည့် သီချင်းကိုလည်း
ဖွင့်ထားကြသည်။ ကလေးများကို သူရို့ မိဘများက
လှပအောင် ဆင်ပေးထားကြသည်။ မိမိ၏ရင်သွေး
ကို သူများထက်တော့ မလျော့စေအောင် ပြင်ဆင်
ပေးကြသည်။ ကလေးတို့ကလည်း အဝတ်စား
အသစ်များဖြင့် လှပစွာနေထိုင်ပြုမူကြသည်။
ပန်းမျာကိုင်ပြီး လမ်းလျှောက်ကြသည်မှာလည်း
မော့မော့ ကော့ကော့၊ ပြုံးပြုံး ရွှင်ရွှင်ဖြစ်၍ မြင်ရသူ
တိုင်း နှစ်သက်ဖွယ်၊ ချစ်စဖွယ် ဖြစ်နေပေတာ့သည်။
@htwegyi
July 31, 2026
Leave ဝါဆိုပွဲ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.