ခေါ်ဆောင်ရာ
ငှက်ကလေးတကောင် ကိုယ့်ရှေ့မှာ သေသည်ပင်
စိတ်မကောင်းဖြစ်ရသည်။ ကိုယ့်ရှေ့မှ လူတဦး
သို့မဟုတ် ထိုထက်ပို၍ ထိခိုက်ဒဏ်ရာများရရှိပါမူ
ပြောဖွယ်ရှိမည်မထင်။ မြန်မာပြည် တနံတလျား
ဒုက္ခရောက်နေသူများက အပြည့်။ သုခရသူထက်
ဒုက္ခရောက်သူက မြန်မာပြည်မှာပိုပေသည်။
မနက်က ဈေးသို့သွား၍ အမေ့အတွက် ရှမ်းခေါက်ဆွဲ
သွားဝယ်သည်။ တိုးဟူးကြော်ဝယ်ပြီး ရှမ်းခေါက်ဆွဲဝယ်ရာ
ရှမ်းခေါက်ဆွဲကပွဲသေး တစ်ထောင့်နှစ်ရာ၊
ပွဲကြီးတစ်ထောင့်ငါးရာကျပ်ဖြစ်သည်။
အမေက ရှမ်းခေါက်ဆွဲကို တိုးဟူးပျော့ မပါသော
အသုတ်ကိုကြိုက်သည်။ အမေ့အတွက် ပွဲသေးတပွဲ
ဝယ်ရာ နှစ်ရာကျပ်မပါသဖြင့် နှစ်ထောင်ပေးလိုက်သည်။
ရှမ်းရောင်းသည့်အမျိုးသမီးက နှစ်ရာမပါလျှင်နောက်နေ့မှ
ပေးဖို့ပြောသည်။ သို့နှင့် အခြားကုန်စုံ
ဆိုင် တဆိုင်မှာ တာယာပွကြီးအတွက် ဆော့အချဉ်ထုတ်
ဝယ်သည်။ ဆော့အချဉ်ထုတ်က ငွေသုံးရာကျပ်ဖြစ်သည်။
ပြန်အမ်းသော ငွေမှ နှစ်ရာကျပ်ရသဖြင့်
ရှမ်းခေါက်ဆွဲ ဆိုင်သို့ ပြန်သွားပေးလိုက်သည်။
ရှမ်းရောင်းသူ အမျိုးသမီးက တကူးတကပြန်လာ
ပြီးပေးနေတယ်၊ နောက်ရက်မှ ပေးလည်း ရပါသည်ဟု
ပြောသည်။ ကျွန်တော့်စိတ်ထဲမှာတွေးမိသည်
ယခု ငွေနှစ်ရာကျပ်ကိုသာ ပြန်လာပေးသည်။
ငွေနှစ်ရာကျပ်ထက်ပိုသော ငွေနှစ်သောင်း၊
နှစ်သိန်း ဆိုပါမူ ကျွန်တော်ပြန်လာပေးနိုင်ပါ့မလား။
ကိုယ့်ကိုကိုယ် ပြန်စဉ်းစားမိသည်။ အနည်းငယ်သော
ငွေအတွက် ကိုယ်ကျင့်တရာကို ထိန်းသိမ်းနိုင်သည်။
များပြားသော ငွေကြေးအတွက်မူ ကိုယ်ကျင့်တရား
ကို ထိန်းနိုင်ပါမည်လား။
ကိုယ်ကျင့်တရား ဘာအရေးကြီးသလဲ။ ချမ်းသာဖို့
အရေးကြီးတယ်။ ကိုယ့်အတွက်အဆင်ပြေဖို့
အရေးကြီးတယ်။ အများမိုးခါးရေသောက် သောက်လိုက်
တာပေါ့။ ယခုခေတ်ကြီးမှာ ကိုယ်ကျင့်တရားဆိုတာ
ရှားပါးပစ္စည်းဖြစ်နေတာပဲလေ။ ဒါလေးနဲ့ဘာမှ
မဖြစ်လောက်ပါဘူး စသဖြင့်အတွေးများက လူတို့၏
စိတ်ကို ထိုးဆွ ထိုးနှက်နေတတ်ပေမည်။ ထိုစိတ်ရိုင်း၊
စိတ်မိုက်များ၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားကြ
သူတို့ကအများသား။ ခေါ်ဆောင်ရာသို့ မလိုက်သူက
အနည်းငယ်သာရှိပေတော့သည်။ ထိုခေါ်ဆောင်ရာသို့
မလိုက်သူ လူအနည်းငယ်စုထဲမှာ သင်ရော ကျွန်တော်ရော
ပါနိုင်ဖို့ ကြိုးစားကြရပေအုံးမည်။
@htwegyi
July 25, 2026
Leave ခေါ်ဆောင်ရာ to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.