u oo myo thant avatar

အီလည်လည် နိုင်ငံရေး

uoomyothant

Published: 01 Mar 2018 › Updated: 01 Mar 2018အီလည်လည် နိုင်ငံရေး

အီလည်လည် နိုင်ငံရေး

အီလည်လည်နိုင်ငံရေး

မြန်မာ့နိုင်ငံရေးအခြေအနေသည် မြစ်ဝကျွန်းပေါ် ချောင်းတွေမြောင်းတွေတွင် ရေတက်ရေကျနှစ်ခု ကြား၌ ရေအီနေသည့်သဖွယ် သောင်မတင်ရေမကျ အီလည်လည် နိုင်ငံရေးအခြေအနေသို့ ဆိုက်ရောက်နေပေ ၏။ မျှော်လင့်သလောက်လည်း အရှေ့သို့မရောက်၊ ဆိုးရွားခဲ့သော အတိတ်သို့လည်း ပြန်မသွားတနေရာတည်း မှာပဲ ရပ်နေသလိုလို တ၀ဲလည်လည် ငြိမ်နေသလိုလို ဖြစ်နေသော အခြေအနေဖြစ်ပါသည်။ မျက်မှောက် ခေတ် မြန်မာ့နိုင်ငံရေးအခြေအနေမှာ ၁၉၈၈ တုန်းက တကြိမ်၊ ၁၉၉၀ တုန်းက တ ကြိမ်၊ ၂၀၀၇ တုန်းက တ ကြိမ်၊ ၂၀၁၀ တွင် တခါ၊ ၂၀၁၂ တွင်တကြော့၊ ၂၀၁၅ တွင်တဖန် လှုပ်လှုပ်ရှားရှား စိတ် အားထက်သန်မှုများဖြင့် လှည်းနေ လှေအောင်း မြင်း ဇောင်းမကျန် ပါဝင်ဖော် ဆောင်ခဲ့ကြပါ၏။ ရည်ရွည် ချက်အသီးသီး ပစ်မှတ်အမျိုး မျိုး မျှော်မှန်းချက်သက် သက်ဖြင့် ပြည်သူက ပါဝင်ခဲ့ကြသော ထိုခုနှစ်များတွင် နိုင်ငံရေးရေချိန်သည် အမြင့် ဆုံးသို့ ရောက်ခဲ့ကြပါ၏။ တူညီသည်မှာ အာဏာရှင်တော် လှန်ရေးလမ်းကြောင်းတွင် ပြည်သူလူထု၏ ဘုံရည်မှန်းချက်သည် စစ်အာဏာရှင် စနစ်ဖြုတ်ချရေးဖြစ်၍ အာဏာရှင် တိုက်ဖျက်ရေးလမ်းကြောင်းတွင် နိုင်ငံရေးပါတီ၊ လူထုခေါင်းဆောင်၊ ကျောင်းသား၊ စာပေပညာရှင်၊ အနုပညာသမား၊ အလုပ်သမား၊ လယ်သမား၊ ရဟန်းသံဃာများနှင့် လူထုလူတန်းစား အသီးသီးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ ကြသဖြင့် နိုင်ငံရေးသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် ရွေ့ခဲ့ ကြပါသည်။
တနိုင်ငံလုံး ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေးအတွက် ဟန်ချက်ညီညီ လက်တွဲခဲ့ကြပါသည်။ ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီတိုက်ပွဲ၏ ရေချိန် အမြင့်ဆုံးအပိုင်းဖြစ်ခဲ့သည်။ စစ်ဗိုလ်ချုပ်များ ဖြင့် ဖွဲ့စည်းထားသော ကြံ့ခိုင်ရေးပါတီနှင့် စစ်အာဏာ ရှင်စနစ်လိုလားသူများလက်သို့ အာဏာပြန်ရောက်သွား မလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမိုကရေစီလိုလားသူများဘက်သို့ နှစ်ပေါင်း ၅၃ နှစ်အတွင်း လူထုလိုလားသော ပြည်သူလူထုရွေးကောက်ခံအရပ် သားအစိုးရစနစ် ပြန်လည်အသက်ဝင်လာမလား။ လူ တွေက ရင်တမမဖြင့် စောင့်ကြည့်ခဲ့ကြရသည်။ စောင့်ကြည့်ရုံတင်မက ကိုယ်တိုင်နိုင်သမျှ ဒီမိုကရေစီဘက် သားများကို အားပေးကြသည်။ အချို့လုပ်အားပေးသည်။ ထမင်းမေ့၊ ဟင်းမေ့၊ အလုပ်အကိုင်မေ့၊ ကိုယ် ကျိုးစီးပွားမေ့ထားကာ NLD ပါတီအောင်နိုင်ရေးအတွက် ၀ိုင်းကူကြသည်။ ကိုယ့်ထမင်းကိုယ်စားကာ ပါတီဝင် မဟုတ်ဘဲ မဲဆွယ်ပေးကြသူများလည်း တနိုင်ငံလုံးသာမက တကမ္ဘာလုံးမှာပါ အုန်းအုန်းကျက်ကျက် ဖြစ်ကြ သည်။ ဆိုက်ကားဆရာများကပါ ကိုယ့်ထမင်းကိုယ်စားအမေ့သားဟု အမည်ခံကာ ဆိုက်ကားတွင် NLD အလံများတပ်ကာ ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် အားပေးထောက်ခံကာနိုင်သည့်ဝန်ကို ထမ်းကြသည်။ တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြင့် နိုင်ငံရေးရေချိန်မြင့်ခဲ့ကြသည်။ ရွေးကောက်ပွဲပြီးသော် ပြည်သူလူထု လိုလားသောပါတီက နိုင်သည်။
နိုင်ငံရေး ရေချိန်သည် မြင့်နေဆဲ။ ပြည်သူလူထုလိုလားသော အရပ်သား အစိုးရလာတော့မည်။ ပြောင်းလဲချိန်တန်ပြီဆိုသော စကားနှင့်အညီ အပြောင်းအလဲတွေ မြင်ကြရတော့မည်ဟု မျှော်လင့်စောင့်စားကြသည်။ တနေ့တနေ့ ဘယ်ဝန်ကြီးဌာနတွင် ဘယ်သူ့ကိုလျာထားသည်။ ဘယ်တိုင်း ဒေသကြီးနှင့် ဘယ်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ ဘယ်သူ့ကိုနေရာပေးမည်၊ ဘယ်အဖွဲ့မှာတော့ ဘယ်သူ တွေကို ခန့်အပ်မည်၊ သမ္မတသည် ဘယ်သူဖြစ်မည် စသည်ဖြင့် အသစ်ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့ လူစာရင်းအတွက် တနိုင်ငံလုံးက ရင်ခုန်ကြသည်။ သိချင်ကြသည်။ မျှော်လင့်ကြသည်။ နိုင်ငံရေးအရ လှုပ်လှုပ် ရွရွဖြစ်ကြသည်။ တနိုင်ငံလုံး ပျော်လည်းပျော် မျှော်လည်းမျှော် တက်ကြွလှုပ်ရှားနေကြသည်။
ထို့နောက် သမ္မတစာရင်းထွက်လာသည်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်စာရင်းထွက်လာ သည်၊ ပြည်ထောင်စုအစိုးရ ၀န်ကြီးစာရင်းထွက်လာသည်။ ရှေ့နေချုပ်၊ ရွေးကောက်ပွဲကော်မရှင်၊ လူ့အခွင့် အရေးကော်မရှင်စသည့် စာရင်းများထွက်လာသည်။ လွှတ်တော်ရေးရာကော်မတီတွေ ထွက်ပေါ်လာသည်။ မူနှင့်လိုက်ဖက်အောင်လူစာရင်း Line Up တွေ ထွက်လာသည်။ အစပိုင်းတော့ လူတွေက တက်ကြွသေးသည်။ တဖြည်းဖြည်းနှင့် အစိုးရသစ်သက်တမ်း တနှစ်ကျော်လာချိန်တွင်တော့ လူတွေ၏နိုင်ငံရေးရေချိန်မှာ ပြန်လည်ငြိမ်သက်သွားသည်။ အားပေးခဲ့သူများရော၊ အားမပေးခဲ့ကြသူများရော၊ ဆန့်ကျင်ခဲ့ကြသူများရော ငြိမ်သက်နေသောကာလကို ယခုအခါ ပြန်လည်ရောက် ရှိခဲ့ပေ၏။ ရေထဲသို့ ခဲတလုံးကျလာပြီးနောက် လှိုင်းဂ ယက်များစွာထလာအပြီးတွင် ပြန်လည်ငြိမ်သက်သွား သည်နှင့်လည်း ဆင်တူပေ၏။
မြန်မာ့နိုင်ငံရေးကား အီလည်လည်ဖြစ်နေသည်ကား အမှန်ပင်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ပထမဆုံးအချက်ကား NLD ပွဲထုတ်ခဲ့သော အစိုးရအဖွဲ့ဝန်ကြီးစာရင်းကို တော်တော်များများက မကြိုက်ကြပေ။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုများ ကြောင့်မဟုတ်၊ သူတို့ထက်သင့်တော်သော လူတော် လူကောင်းများစွာ မြန်မာပြည်မှာ ရှိနေနိုင်သေးသည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ တပ်မှ လာသူ၊ ကြံ့ခိုင်ရေးပါတီမှလာသူများ NLD အစိုးရအသစ်ထဲတွင် ပါဝင်လာခြင်းကို လူတွေက သဘောမကျကြ။ သူတို့ထက် သင့်တော်သောသူတွေ မြန်မာ နိုင်ငံသား ၅၁ ဒသမ ၄ သန်းထဲမှာ မရှိတော့ပြီလောဟု မေးစရာဖြစ်လာကြသည်။ တပ်မှလာ သူ ကြံ့ခိုင်ရေး ပါတီမှ လာသူများကိုသာ ပြောလိုရင်း မဟုတ်၊ ၀န်ကြီးအဖွဲ့တွင် မြန်မာနိုင်ငံ၌ သူ့ထက်တော် သူ၊ တတ်သူ၊ သင့်တော်သူများစွာ ရှိနေနိုင်သူများစွာလည်း ပါဝင်နေတာကိုတွေ့ရသည်။ ပြောရလျှင် NLD ပါတီကို ကျွန်တော်တို့ကြိုက်သည်၊ သို့သော် သူတို့လူထုတ်ပုံ Line Up ထုတ်ပုံကို မကြိုက်ပါ။
ရွေးကောက်ပွဲဝင်စဉ်က ပြောင်းလဲချိန်တန်ပြီ ဟူသောကြွေးကြော်သံဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ထိုဆောင် ပုဒ်သည် အလွန်အဓိပ္ပာယ်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၅၃ နှစ်ခန့် အမြစ်တွယ်နေသော စစ်တပ်ကြီးစိုးနေ သောဝါဒ၊ အရာရာတွင် တပ်ထွက်များသာ ရာထူးနေရာကောင်းများ ရယူနေသော အနေအထားများကို ပြည်သူလူထုက ငြီးငွေ့စိတ်ပျက်နေကြလေသောကြောင့် NLD တက်လာလျှင် ထိုအနေအထားကို အပြောင်းလဲ ကြီးပြောင်းလဲတော့မည်ဟု ပြည်သူ အပေါင်းက ထင်မြင်ယူဆခဲ့ကြသည်။ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြသည်။ သို့သော် အစိုးရအသစ်သည် ယခင်လူဟောင်းများကို သံယောဇဉ်မပြတ်နိုင်၊ တပ်မတော်က ငြိုငြင်မှာကို လိုတာ ထက် စိုးရိမ်ထိတ်လန့်နေတတ်ရှိသည်။ အမျိုးသားရင်ကြားစေ့ရေးဟူသော အမည်လှလှကလေးအောက်တွင် အရာရာကိုမပြောင်းမလဲ ခေါင်းငုံ့အလျှော့ပေးရတာတွေ များနေသည်။ အစိုးရအသစ်တက်လာခါစတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော မြန်မာသံရုံးများမှ သံအမတ်ကြီးများကို အသစ်ပြောင်းလဲတော့မည်ဟု ထင်မြင်မိခဲ့၏။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်တက်လာခါစကလည်း ယခင်သမ္မတ ဘားရက်အိုဘား မားခန့်ခဲ့သော သံအမတ်အားလုံးနီးပါးကို သူ့စိတ်ကြိုက်သံအမတ်များနှင့် လူစားလဲခဲ့သည့်သာဓကလည်း ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ပြုပြင်ပြောင်းလဲရေးလုပ်တော့မည်ဟု ထင်မြင်မိခြင်းဖြစ်ပါသည်။ သို့သော် အံ့သြဖွယ်ကောင်းလောက်အောင်ပင် သံအမတ်ရာထူးများမှာ နဂိုအတိုင်း ဆက်ရှိခဲ့ပါသည်။
ယခင်က အဘလူများမှာ ယခုအခါ အစ်မကိုချစ် ချင်ယောင်ဆောင်လျက် အစ်မလူလိုလို ဘာလိုလိုဖြင့် (နောက်ကွယ်မှာ အဘတွေကို ဆက်လက်တမ်းတနေကာ) ရာထူးတွင် ဆက်ထိုင်နေကြဦးမည်ဖြစ်သည်။ နိုင်ငံသားများအပေါ် ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံ့တော်နှင့်ပြည်သူလူထု၏ လစာနှင့် အဆောင်အယောင် ခံစားခွင့်များကို ယူထားကြသော မြန်မာသံအရာရှိများသည် ယခင်ကတော့ ပြည်ပရောက် ကိုယ့်နိုင်ငံ သားများကို မတူသလို မတန်သလို၊ စောင့်ရှောက်ဖို့ တာဝန်မရှိသလို၊ သူတို့က မိုးပေါ်မှကျလာသော အထက်တန်းစား သီးသန့်လူတန်းစားများလိုလို လုပ်နေကြတာများသည်။ ပြည်ပရှိ မြန်မာများ ပြုလုပ်သော သာရေးနာရေးလူမှုရေး အခမ်းအနားများသို့ ပူးပေါင်းပါဝင်လျှင် နေပြည်တော်မှ ဖြုတ်စာချက်ချင်းရတော့မလို သရဲသဘက်များကို ရှောင်သလို မြန်မာအသိုင်းအ၀ိုင်းကို ရှောင်ခဲ့ကြသော မြန်မာသံအရာရှိများသည် အစိုးရ အသစ်တက်လာသောအခါ ယခင်နေရာဟောင်းမှာပင် မိန့်မိန့်ကြီးဆက်လက်တည် မြဲကြလေသည်။ ခြွင်းချက် အဖြစ် မြန်မာပြည်သူများကို စောင့်ရှောက်ရမည့် မူလတာဝန်ဝတ္တရားအတိုင်း တာဝန်ကျေပွန်ခဲ့ကြသော သံအမတ်အချို့နှင့် သံအရာရှိ အချို့ကား ရှိပေလိမ့်မည်။ ဤစာ၌ လူများစုကို ဆိုလိုခြင်းဖြစ်သည်။ ယခုထက် တိုင် အချို့သော သံအရာရှိ တော်တော်များများသည် အစ်မလိုလို၊ အဘလိုလိုဖြင့် ခြံစည်းရိုးကို ခွထိုင်ကာ အဘတို့ပြန်လာမည့်ခေတ်ကို မျှော်လင့်တမ်းတနေဆဲ ဖြစ်သည်။ ဤကားပြည်သူလူထုမျှော်လင့်သော်လည်း ဖြစ်မလာခဲ့သည့် အပြောင်းအလဲဖြစ်သည်။ NLD သည် ပြောင်းလဲခွင့်သာခဲ့ပါလျက် ဤကိစ္စကို မပြောင်းလဲ နိုင်ခဲ့ပေ။
သံအမတ်များကို မပြောင်းလဲနိုင်ခဲ့သလို ၀န်ကြီးများ ခန့်ရာတွင်လည်း သစ္စာတော်ခံခဲ့သူများနှင့် နီးစပ် သူများ၊ အမျိုးသားရင်ကြားစေ့ရေးဝါဒအရ ခန့်ရသူများကိုသာ တာဝန်ပေးရွေးချယ်ခဲ့သဖြင့် အစိုးရအဖွဲ့သည် အသင့်တော်ဆုံးလူများဖြင့် ဖွဲ့ထားသည်ဟု ပြောနိုင်သော်လည်း အတော်ဆုံး၊ အကောင်းဆုံးလူများနှင့် ဖွဲ့စည်းထားသည်ဟု မဆိုလိုနိုင်ပါ။ ထို့အတူပင် မြန်မာနိုင်ငံရှေ့နေချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် သည်လည်း ယခင်လူဟောင်းများနှင့်သာ ဆက်လက် နှစ်ပါးသွားမြဲသွားလျက်ရှိရာ အဟောင်းကြိုက်လွန်းသော အစိုးရဟုပင် ခေါ်ရမလိုရှိပေသည်။
လူဟောင်းများကို တော်တော်နေရာပေးသည့်အပြင် ၀န်ကြီးဌာန တိုင်းတွင် အမြဲတမ်းအတွင်းဝန် ဆိုသူများမှာလည်း ယခင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ရွေးချယ်ခန့်အပ် သွားသူများဖြစ်သည်။ NLD လက်ထက်မှခန့်သော အမြဲတမ်းအတွင်းဝန်ဟူ၍လည်း မမြင်ဖူး ချေ။ နေရာမှ ဖယ်ရှားပြောင်းရွှေ့ခံရသော အမြဲတမ်းအတွင်းဝန်လည်း မရှိပေ။ ယခင်လူများက ယခင်အတိုင်း ရာထူးနှင့် လုပ်ပိုင်ခွင့်များတွင် ဆုပ်ကိုင်ထားဆဲဖြစ်ရာ အစိုးရအဖွဲ့သည် ၀န်ကြီးများသာပြောင်းသွားသော်လည်း ကျန်သောနေရာအားလုံး ဘာမှမပြောင်းလဲဘဲ လမ်းရိုးဟောင်းအတိုင်း ချီတက်နေကြဆဲဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲပြီး၍ အစိုးရအသစ်ပေါ်လာခဲ့သော်လည်း စွမ်းဆောင်ရည်အရကြည့်လျှင် ကြီးမားသိသာသော ပြောင်းလဲမှု မည်သည့်ဝန်ကြီးဌာနတွင်မှ မယ်မယ်ရရမတွေ့ရခြင်း ဖြစ်သည်။ ဤသို့ ပြောင်းရမည့်သူများကို မပြောင်းနိုင်သည့်အပြင် လူဟောင်းကိုထပ်၍လက်ခံရပုံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၀ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူးဖြစ် သည်ဟုလည်း ဘောင်ခတ်ခံထားရပါသည်။ ဆိုလိုသည်မှာ ပြည်နယ်အစိုးရများတွင် တိုင်းဒေသကြီး အစိုးရများ တွင် အစိုးရအဖွဲ့အတွင်းရေးမှူးသည် ထွေအုပ်၊ တိုင်းနှင့်ပြည်နယ်အဆင့် အကြီးအကဲက တက်လုပ်ရမည် ဆိုသောသဘောဖြစ်သည်။ ထွေအုပ်သည် ဘယ်ကလာသလဲဆိုမူ ပြည်ထဲရေးဝန်ကြီးဌာနမှ လာပါသည်။ လူထုရွေးချယ်ရသော အရာရှိမဟုတ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနက တပ်မတော်လက်အောက် မှာ ရှိပါသည်။ ထို့ကြောင့် စစ်တပ်မှခန့်သောလူသည် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များတွင် အစိုးရအဖွဲ့အတွင်းရေးမှူး အလိုလိုဖြစ်ခွင့်ရနေပါသည်။ သူ့လူ တွေ ကိုယ့်ထဲရောက်အောင် အခြေခံဥပဒေနှင့်ထည့်ခံထားရချိန်တွင် ကိုယ့်လူတွေနေရာ၌ ဘာလို့အစိမ်းရောင်လွှမ်းနေသူတွေ ထပ်ထည့်မလဲဆိုတာ စဉ်းစား၍မရပေ။ ဒါသည် ပြည်သူလူထုက အားမရသောပြောင်းလဲချိန်မတန်သေးသည့်ကိစ္စဖြစ်သည် (၀ါ) ရွေး ကောက်ပွြဲွေကးကြော်သံ အတိုင်း မဖြစ်သေးသည့်ကိစ္စ ဖြစ်သည်။
NLD၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ပြည်တွင်းငြိမ်းချမ်းရေးဆိုတာပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ အား တက်သရောသွားနေသည်။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်နေသည်။ သို့သော် နှစ်ပေါင်း ၇၀ ခန့်လွတ်လပ်ရေးရသည်နှင့် ဖြစ်လာခဲ့ကြသော ပြည်တွင်းစစ်ပွဲများ အချိန်တို အတွင်းရပ် တန့်သွားကြဖို့ ပဋိပက္ခတွေပြေလည်သွားကြဖို့ဆိုတာ ချက်ချင်းဖြစ်နိုင်သည်မဟုတ်။ ပြီးတော့ ယခုဆွေးနွေး နေကြသော အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် NLD အစိုး ရသည် အဆုံးအဖြတ်ပေးနိုင်သောအဖွဲ့မဟုတ်၊ အဆုံးအဖြတ်ပေးနိုင်သူမှာ လက်နက်စွဲကိုင်တိုက်ခိုက်နေကြ သော ဘက်နှစ်ဖက်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်သာဖြစ်သည်။ အစိုးရသည် ပွဲဖြစ်ရန် စေ့စပ်ပေးသော ကြားပွဲစားသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(ခ)အရ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိ သည်ဟုပါရှိ၏။
ထို့ကြောင့် NLD အစိုးရသည် တပ်နှင့်ပတ်သက်၍ ကြားဝင်အာမခံ၍မရ၊ ကတိပေး၍မရ သူ့ဘာ သာ လွတ်လပ်စွာဆောင်ရွက်မည်ဟု ဆိုထားသဖြင့် ကြားပွဲစားပဲလုပ်ပေးလို့ရသည်။ ကဲ . . .နင်နဲ့နင်နဲ့ ညှိကြ ပေတော့ဟု အရောင်းအ၀ယ်ဖြစ်အောင် ဆိုင်ပေးသော သဘောသာ လုပ်နိုင်တော့သည်မှာ ပကတိအရှိတရား ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုသော ရွေးကောက်ပွဲကြေညာစာတမ်းပါ ကြွေးကြော်သံသည် NLD အစိုးရက ဘယ်တော့ဖြစ်မည်ဟု အပ်မတ်ချကိုမပြောနိုင်သော ကိစ္စသာဖြစ်သည်။ ထိုသည်ကို ပြည်သူ လူထုက နားလည်ပါ၏၊ ခွင့်လွှတ်ပါ၏၊ သို့သော် NLD ကလည်း နားလည်ဖို့လိုသည်။ ငြိမ်းချမ်းရေးရပါမှ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်တော့ မည်လိုလိုပြောနေခြင်းကား ဖြစ်မလာသေးသောကိစ္စ တခုကိုမူသေ ထား၍ လက်တွေ့လုပ်ရမည့် အလုပ်တခု ကို နေ့ရွှေ့ညရွှေ့လုပ်နေသလိုရှိတော့သည်။ အိမ်ခေါင်မိုးကို ပြင်ဆင်၍ မိုးကို မိုးရမည့်အခြေတွင် ထီပေါက်ကာမှ ပြင်တာပေါ့ဆိုတာမျိုးလုပ်နေ၍မရပေ။ ငြိမ်းချမ်းရေးရ သည်ဖြစ်စေ၊ မရသည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကတော့ တတ်နိုင်သည့်ဘက်မှ ခွန်တိုက်အားတိုက် စတင်ဖိအားပေး ဆောင်ရွက်ရမည် ဖြစ်သည်။
NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို လျစ်လျူရှုမထားဘဲ တစိမ့်စိမ့်ကြိုးစား နေကြောင်း ပြောကြားခဲ့၏။ ဦးဝင်းထိန်ပြောကြားသည့် တစိမ့်စိမ့်ဆိုသည့်စကားကို သိပ်မရှင်းပေ။ တဖြည်း ဖြည်း၊ ခပ်နှေးနှေး၊ တလှမ်းချင်း၊ ရေအိုးထဲမှ ရေသည် အိုးအောက်ခြေသို့ တစက်ချင်းစိမ့်၍ကျသလို မေ့ လောက်မှ တစက်ဆိုသည့်အဖြစ်မျိုးကိုဆိုလိုသလားဟု တွေးမိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုသည်မှာ NLD ပါတီတခုတည်းကလုပ်၍ရသည့် အရာမဟုတ်၊ ငှက်ပျောသီးအခွံနွှာစားသလို လွယ်သည့်အ ရာမဟုတ်ဆိုတာ လက်ခံပါသည်။ ပုဒ်မ ၄၃၆ ကန့်သတ်ပြဋ္ဌာန်းချက်များအရ လွှတ်တော်ထဲမှ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှ အနည်းငယ်ဖြစ်စေပါဝင်မှုမရှိဘဲ လုပ်၍မရတာကိုလည်း သဘောပေါက်ပါ သည်။ သို့သော် ပြည်သူလူထု၏ Mandate ခေါ် လုပ်ပိုင်ခွင့်လွှဲအပ်ခံထားရသည့် အစိုးရတရပ်အနေနှင့် ဒီထက် မြန်မြန်ထက်ထက် အလုပ်လုပ်ကြဖို့လိုမည်ဖြစ်သည်။ ယခုလိုတစိမ့်စိမ့် ဆိုတာတွေနှင့်ပင် အစိုးရသက်တမ်း (၁) နှစ်ကျော်ခဲ့လေပြီ။ အစိုးရသက်တမ်းမှာ (၄) နှစ်သာကျန်တော့၏။ တစိမ့်စိမ့်လုပ်နေဖို့အချိန်မရှိပြီ။ ရွေးကောက်ပွဲတွင် ကိုယ်ကအမြဲတမ်း ၇၀ ရာခိုင်နှုန်းကျော်နိုင်နေမည်ဟုလည်း နိုင်ငံရေးတွင်ပုံသေမတွက်ကြဖို့ လိုမည် ဖြစ်သည်။ ကိုယ်ကနိုင်နေတုန်း၊ ကိုယ့်ဘက်မှာ ပြည်သူလူထုရှိနေတုန်း ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအ၀င် ပြုပြင်ပြောင်းလဲရေးများကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြစေလိုပါသည်။
အစိုးရများက(၅)နှစ်တကြိမ် တက်လိုက်ဆင်းလိုက်ဖြစ်နေမည်ဆိုသော်လည်း လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်ပါဝင်မှု ၂၅ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲတွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲသောအချက်ဖြစ်သည်ဆိုတာကို မမေ့သင့် ပေ။ ရွေးချယ်ခံအစိုးရ၏ သက်တမ်းသည် (၅) နှစ်။ ငါးနှစ်ပြည့်လျှင် ဆင်းသွားရမည်။ လုပ်ပိုင်ခွင့်သည် ငါးနှစ်သာရှိသည်။ ယခုအခါ ၄ နှစ်သာကျန်ပါသည်။ သို့သော် တပ်မတော်က လွှတ်တော်တွင် ပါဝင်မှုကတော့ သက်တမ်းသတ်မှတ်ချက်မရှိပေ။ ဆိုလိုသည်မှာ ရွေးကောက်ပွဲကတဆင့်တက် လာသူများ၏ အချိန်သည် သူ တို့၏အသက်ဖြစ်သည်။ အချိန်သည်တဖြည်းဖြည်းနည်းသွားတာပဲရှိသည်။ ပိုရလာသည်မရှိ။ တပ်ကိုယ်စား လှယ်များကို သို့မဟုတ် သူတို့ပါဝင်မှုမှာ လူပြောင်းသွားသော်လည်း ၂၅ ရာခိုင်နှုန်းဆိုသောကိစ္စကတော့ မပြောင်းလဲဘဲကျန်နေမည် ဖြစ်သည်။
ဒါကြောင့် အချိန်ဆွဲလေလေ အချိန်ကြာလေ လေလုပ်ပိုင်ခွင့်တွေ ကုန်သွားမည်မှာ ရွေးကောက်ခံ အမတ်များသာဖြစ်လေသည်။ တရုတ်အစိုးရနှင့် တိဘက်ခေါင်းဆောင် ဒလိုင်းလားမား၏ ပဋိပက္ခတွင် တရုတ် အစိုးရ၏ မဟာဗျူဟာမှာ တိဗက်လွတ်လပ်ရေးလှုပ်ရှားမှုသည် ဒလိုင်းလားမားဆရာတော်ထံတွင် တည်မှီနေ သည်။ ထို့ကြောင့် ဆရာတော် ပျံလွန်တော်မူသည်အထိ အချိန်ဆွဲထားနိုင်လျှင် ဆရာတော်မရှိတော့သည်နှင့် တိဗက်လွတ်လပ်ရေးကြိုးပမ်းမှုလည်း အားပျော့ပျောက်ကွယ်သွားမည်ဆိုသော ချဉ်းကပ်မှု တရုတ်တွင်ရှိပါ သည်။ ထို့ကြောင့် တရုတ်သည် ဒလိုင်းလားမားဆရာတော်ကို လိုတာထက်ပိုပြီး မဆန့်ကျင်၊ အချိန်တန်လျှင် သူ့ဘာသာ ပျံလွန်တော်မူသွားလျှင် အေးပြီ၊ လူတယောက်အသက်သည်နေရလှ နှစ် ၁၀၀ နိုင်ငံတော်၏ အသက်သည် အနှစ်တထောင်မက၊ တသောင်းလည်းမက၍ အချိန်များစွာ ရှိလေသည်။ ယခုလည်း မြန်မာ နိုင်ငံမှ လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များသိဖို့မှာ လွှတ်တော်နှင့် အစိုးရသက်တမ်းသည် ငါးနှစ်သာရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်သည်ဆိုခြင်းမှာ အဆိုမူကြမ်းတင်ခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်း၊ ရလဒ်ကြေညာခြင်းစသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက် ရသည်မှာ အနည်းဆုံး (၁) နှစ် အချိန်ယူရပါသည်။ မိမိတို့တွင် ၄ နှစ်ပျော့ပျော့သာ ကျန်တော့ရာ အဆင့်ဆင့် လုပ်ရသည့် (၁) နှစ်အချိန်ကို နုတ်လိုက်လျှင် ရာထူးမှမဆင်းခင် အလုပ်လုပ်ချိန် ၂ နှစ်ကျော်ကျော်သာ ရှိပါတော့သည်။ တစိမ့်စိမ့်တွေ၊ ဘာတွေ လုပ်နေဖို့အချိန်မရတော့ပါ။ ဘောလုံးစကားနှင့် ပြောရလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လယ်ဗယ် ၂၅ ပြား ကြေးဖွင့်ထားသော ဘောလုံးပွဲလိုဖြစ်နေပါသည်။ ၅ နှစ်ပြည့်၍ ဂိုးမသွင်းနိုင်ဘဲ သရေကျနေ လျှင် ၂၅ ရာခိုင်နှုန်းစားသွားမည်ဖြစ်ပါသည်။ မည်သူစားသွားမည်လဲဆိုတာတော့ ကိုယ့်ဘာသာကိုယ်တွေးကြရန် ဖြစ်သည်။ အီလည်အီလည်နှင့် အပြောင်းအလဲမရှိ မြစ်လယ်တွင်ရောက်နေ သော လှေတစင်းကို ရှေ့သို့သွားလိုပါလျှင် အလုပ်မဖြစ်လေးလံနေသော လှေပေါ်မှ ကျောက်တုံးတွေကို အရင်ဆုံး ရေထဲသို့ပစ်ချရပါမည်။ ထို့နောက် ရေလည်းအအီပြေလျှင် ပြုပြင်ပြောင်းလဲရေး တက်စုံဖွင့်ရွက်ကုန် လွှင့်ဖို့သာလိုပါကြောင်း။
image

Leave အီလည်လည် နိုင်ငံရေး to:

Written by

I Like Money💸💸💸 Want Million $

Read more #esteem posts


Best Posts From u oo myo thant

We have not curated any of uoomyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From u oo myo thant