foodmychoice avatar

The Hook

foodmychoice

Published: 22 Aug 2023 › Updated: 22 Aug 2023The Hook

The Hook

သောက်တတ်လား .....

ကြာကြာမှ တခါလား၊ မကြာ ခဏလား။
နည်းနည်းလား များများလား။
ဘယ်လို အချိန်၊ အ‌‌ခြေအနေမျိုးမှာ သောက်ဖြစ်လဲ။ စိတ်ညစ်တဲ့ အချိန်၊ ပျော်တဲ့ အချိန်၊ ဘယ် အချိန် မဆို၊ ဘယ်အချိန် ဖြစ်ဖြစ်လား။

စစ်ဆေး မေးမြန်းသလိုများ ဖြစ်သွားသလား။ ကျနော်တို့ သူငယ်ချင်း တစုကတော့ စိတ်ညစ်ချိန်ဆို ဘယ်တော့မှ မ‌သောက်ဖြစ်ကြပါဘူး။ စိတ်ညစ်ချိန်ကလည်း နည်းသားလား။ တော်ရုံ စိတ်ညစ်၊ စိတ်ဒုက္ခ၊ စိတ်ပင်ပန်းမှု လောက်ကတော့ သူငယ်ချင်းတွေနဲ့ စကားစမြည် ပြောလိုက်တာတဲ့ ပြေပျောက်သွားရောပဲ။ သောက်ရင်လည်း ပျော်ချင်လို့၊ ဒီအတိုင်း အေးအေးဆေးဆေး စကားဘာညာ ပြောကောင်းအောင် စိတ်ကြည်နူးတဲ့ အ‌‌ခြေအနေ၊ အဆင့်ထိပဲ သောက်ကြပါတယ်။ မိတ်ကောင်း ဆွေမွန် ရှိတာကလည်း ဘဝခရီးတလျှောက်လုံး အထောက်အကူ ဖြစ်တယ် မလား။ တကယ်တော့ မိတ်ကောင်းဆွေမွန်ဆိုတာ ဘဝတခုထဲ မဟုတ်ပါဘူး၊ သံသရာ တလျှောက်လုံးထိ အထောက်အကူ ဖြစ်စေသူတွေပါ။ ကိုယ်တိုင်ကလည်း အဖော်မွန်ကောင်း ဖြစ်နေဖို့တော့ လိုသေးသပေါ့။

တခါတလေ အမေ ပြောတတ်တဲ့ စကားလေးတခွန်း ရှိသား။ နင်တို့ သူငယ်ချင်းတွေ ဒီလောက် ခဏခဏတွေ့နေတာ ပြောစရာ မကုန်ဘူးလားတဲ့။ တကယ်က ပြောစရာ ဆိုတာက ဟန်ပြသာသာရယ်ပါ။ သူငယ်ချင်း‌ တွေ၊ ဒီလူတွေနဲ့ တွေ့ရ၊ ဆုံရဖို့က အဓိကပါ။ လူရင်း‌တွေ ဖြစ်နေကြတော့ ပြောစရာက တမင်ရှာစရာကို မလိုတာ။ အစ တစ ဆွဲမိလိုက်တာနဲ့ တထွေးလုံး ပါလာပါရော။ ဒါနဲ့ပဲ စကားတွေက အမျှင်မပျက် series တွေ ဆက်၊ ဖြစ်ကုန်ရော။ အမေတွေ၊ ဆိုင်သူတွေ ကိုယ်စီ phone ဆက်ခေါ်မှ ထပြန်ကြရော။ (ခေတ်ကာလက သိပ်မကောင်းတော့ စောစောပြန်ကြ ကိုယ့်ဆရာတို့ရေ)

အကင်တန်းမှာ ထိုင်ဖြစ်တဲ့ ကာလက အတော်လေးတော့ ကြာခဲ့ပါပြီ။ ဆိုင်စုံအောင်လည်း ထိုင်ဖြစ်၊ ထိုင်ဖူး ခဲ့ပြီးပြီ။ လက်တလော အထိုင်များနေတဲ့ ဆိုင်တွေကတော့ BPM နဲ့ Lux Street တို့ ဖြစ်ပါတယ်။ နှစ်ဆိုင်လုံးက ကျနော်တို့ သူငယ်ချင်းတွေ အကြိုက်ပါပဲ။ သိကြတဲ့ အတိုင်း BPM ကတော့ Rum Sour ပေါ့ဗျာ။

BPM မှာ ထိုင်တိုင်း ကျနော်တို့ သူငယ်ချင်းတွေက အပြင်ဝိုင်းမှာပဲ ထိုင်လေ့ ရှိကြပါတယ်။ ဆိုင်ထဲ ဝိုင်းမှာ ထိုင်ရင်ကြ သီချင်းသံတွေကြောင့် စကား ကောင်းကောင်း ပြောမရလို့ပါ။ ပြီး အသက်လည်း ရလာလို့ ထင်ပါရဲ့ ဆူဆူ ဆူဆူတွေ သိပ်မကြိုက်တော့ဘူးရယ်။ အေးအေး ငြိမ့်ငြိမ့်လေးနဲ့ပဲ နေချင်တော့တယ်။ ပြီး အပြင်ဝိုင်းမှ ထိုင်ရင် ညီမလေးတွေကိုလည်း ငေးလို့ ရသေးသကိုး။ မိုးရွာရင်တော့ တမျိုးပေါ့။

ဒါတွေကို သိလို့ ထင်ပါရဲ့ဗျာ။ BPM က ကျနော်တို့လို ဘီးကျဲကြီးတွေ အဆင်ပြေအောင်ဆိုပြီး နောက်တဆိုင် ထပ်ဖွင့် ပေးထားပါတယ်ဗျ။ ဆိုင်နာမည်က The Hook တဲ့။ BPM ဆိုင်ခွဲ ဆိုမှတော့ သိပ်ပြီး ပြောပြနေစရာ မလိုတော့ဘူး ထင်ပါရဲ့။

သောက်စရာ၊ စားစရာတွေရဲ့ အရသာက နဂို လက်ရာ၊ နဂို အတိုင်းပဲ။ ဆိုင်အပြင်အဆင်နဲ့ ခံစားရမှုပိုင်းမှာပဲ ကွာသွားတာ။ BPM နဲ့ ယှဉ်လိုက်ရင်တော့ ယခု The Hook ရဲ့ အပြင်အဆင်၊ ဒီဇိုင်းလေးကို ပိုသဘောကျမိတယ်ဗျ။ ပိုပြီးတော့ အေးဆေးတယ်၊ ပိုပြီးတော့ ကျယ်တယ်၊ ပိုပြီးတော့ ဝိုင်းတွေ များတယ်၊ ပြီး ပိုလည်း ဝေးတယ်။ (မြို့ထဲက လူတွေ အတွက်ပါ။ ခု ဆိုင်ခွဲ The Hook က ဘုရားဖြူမှာ ဖွင့်ထားတာကိုး။ ဒါပေမယ့် သိပ် အဝေးကြီးလည်း မဟုတ်နေပါဘူးလေ။ BPM ရဲ့ fan တွေကလည်း The Hook ရဲ့ fan တွေပဲ မလား) ခုတော့ BPM မှာ ထိုင်မလား၊ The Hook မှာ ထိုင်မလားနဲ့ ရွေးရမယ့် ဒုက္ခ တခုဝော့ ထပ်တိုးလို့ လာခဲ့ပြီ။ BPM တရက်၊ The Hook တရက် ထိုင်ကြတာပေါ့ဗျာ။

The Hook မှာ ပိုသွားတာ တခုက garden mood တွေ ဘာတွေပါ ခံစားလို့ ရသွားတာလေးပဲ။ အဲ့တာလေးကတော့ ကိုယ်တွေ အကြိုက်ပေါ့။

BPM မှာ ရနေကြ စားစရာတွေ အပြင် ထပ်တိုးထားတဲ့ menu တွေလည်း ရှိပါသေးတယ်ဗျ။ ထုံးစံအတိုင်း Rum Sour နဲ့ စားစရာလေးတွေ၊ မြည်းစရာလေးတွေ စားခဲ့ သောက်ခဲ့တယ်ပေါ့။ Rum Sour ကတော့ ဘာမှကို ပြောနေစရာကိုမလိုတော့၊ ကိုယ်တွေကို မြင်တာနဲ့ ကိုယ်တွေ အကြိုက်အတိုင်း တခါထဲ ဖျော်ပေးပြီးသားပဲ။ အပို အလို မရှိ၊ ကွက်တိ။ Rum Sour ကို အမဲအူပြုတ် ဟင်းရည်၊ ကြက်‌ခြေထောက် ဟင်းရည်၊ ငါး အရေခွံကြော် တို့တဲ့ မြည်းခဲ့ပါတယ်။ ထပ်တိုး menu တခု ဖြစ်တဲ့ ထမင်းဆီစမ်း ကြက်ကြော်ကိုလည်း စားကြည့်ခဲ့ပါတယ်။ အစားအသောက်တွေက တကယ် အဆင်ပြေပါတယ်။ မသိရင် Rum Sour နဲ့ လိုက်ဖက်တဲ့ စားစရာတွေကိုပဲ တမင် ချက်ပြုတ်ပေးထားတဲ့ အတိုင်းပဲ။ (အမှန်တော့ Rum Sour နဲ့မှ မဟုတ်ပါဘူးလေ။ တခြား Sour သောက်စရာတွေနဲ့လည်း အစပ်အဟပ်မိနေမှာတော့ အသေအချာပါပဲ)

အရသာ အတူတူ ကိုမှ မတူညီတဲ့ အပြင်အဆင် ခံစားမှုလေးတွေကို ခံစားလိုတယ် ဆိုရင်တော့ The Hook ကို သွားထိုင်ကြည့်ပါလို့။ BPM ကို ကြိုက်နှစ်သက်သူတွေ အဖို့ The Hook ကိုလည်း သဘောကျမိသွားမှာပါ။

RRQ Naomi ရဲ့ Franco's hook တွေလိုပဲ The Hook ကလည်း ကျနော်တို့ကို လာထား အာဘွားဆိုပြီး ဆိုင်ထဲကို ဆွဲသွင်းနေမှာ အသေအချာပါပဲ။ The Hook က Franco လို ကိုက်မှာ မဟုတ်ဘဲ Rum Sour တွေ တိုက်မှာပါ။

ဆိုင်လိပ်စာ

ဘုရားဖြူ နယ်မြေ (၂)၊ ရေထွက်ဦးလမ်း/ ကိုယ်ပိုင်လမ်း အနီး၊ ရွှေဥယျာဉ် စတိုးရှေ့၊ (ရန်ကုန် ဝက်သားဒုတ်ထိုးဆိုင် မရောက်ခင်လေး)၊ တောင်ကြီးမြို့။

ဆိုင်ဖွင့်ချိန်

မနက် (၁၁) နာရီမှ ည (၁၀) နာရီထိ။

#TheHook
#FoodMyChoice
#PhyoeBakerySupply

Leave The Hook to:

Written by

The food I like around the place.

Read more #hive-122133 posts


Best Posts From foodmychoice

We have not curated any of foodmychoice's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From foodmychoice