foodmychoice avatar

Era Kitchen

foodmychoice

Published: 28 Jul 2023 › Updated: 28 Jul 2023Era Kitchen

Era Kitchen

"အင်ဒိုနီးရှား ပိုလာဘာလီ ကျွန်းလေးဝယ် သူနဲ့လည်း ‌တွေ့လို့ ချစ်ကြိုးသွယ် ..."

အစားကောင်း စားရရင် ချစ်ရ ခင်ရသူတွေကို သတိရသတဲ့။ အဟုတ်ပဲ။ ခုလို ပိုစ့်တွေ မရေးဖြစ်ခင် ကတည်းက ကိုယ်ကြိုက် ကိုယ်စားလို့ကောင်းတာ တခုခု စားမိတိုင်း၊ စားနေရင်း ချစ်ရ ခင်ရသူတွေကို သူ့သူ သတိရသွားမိတာမျိုး။ သူဆိုရင် ဒါလေး ကြိုက်မှာ၊ သူ့ကို ဒီခေါ်လာမယ် ဒါမှမဟုတ်လည်း သူ့ကို ဒါလေး စားကြည့်ဖို့ ပြောဦးမယ် အစ ရှိသဖြင့်ပေါ့။

လက်ရှိ ကျနော်တို့ဆီမှာ ကြီးစိုးနေတာ ကိုရီးယားယဉ်ကျေးမှု ထင်ပါရဲ့။ အဲ့ မတိုင်ခင်ကတော့ တခုခုက သိသိသာသာ ကြီးစိုးနေတယ်ဆိုပြီး တိတိကျကျကြီး လက်ညှိုးထိုးပြစရာ မရှိ‌‌‌ နေဘူးကိုး။ ကိုယ်တွေက တရုတ်သိုင်းကား၊ တရုတ်ဇာတ်လမ်းတွဲ နဲ့ စပြီး ရင်းနှီးခဲ့ရတဲ့ အရွယ်တွေဆိုတော့လေ။ စနေ၊ တနင်္ဂနွေနေ့တွေမှာ လွှင့်ပေးတဲ့ အနောက်အရပ်သို့ ခရီးသွားခြင်းကို စောင့်ပြီး ကြည့်ရတာလေးတွေ‌။ ရွှေလက်ကောက်ပါရင် သတိထားတို့ဘာတို့လည်း ပါသေးသပေါ့။ လုရီတို့၊ ဟန်ရင်းတို့ကော။ အဲ့ကစလို့ ကိုယ်တွေ ဆယ်တန်းလောက်မှာ ဆောင်းဦးရွက်ကြွေ ချစ်သက်သေကို စပြီး သိရပါလေရော။

ထိုစဉ်က ကျောင်းစာသင်ခန်းထဲ ပြက္ခဒိန်၊ အလှရှုခင်းတွေ ချိတ်ကြလေ့ ရှိတယ်မလား။ အဲ့ပုံတွေအစား အွန်စောပုံ နှစ်ပုံ ဝယ်ပြီး အခန်းထဲ ချိတ်တာ ကျနော်နဲ့ အတန်းခေါင်းဆောင်ပဲ။ အက်ကြောင်းထပ် လမ်းစဉ်ကနေ ဖေါက်ထွက်လို့ လမ်းသစ် ဖေါက်ခဲ့တယ်ပေါ့ဗျာ။ ဂျွန်စောနဲ့ ထယ်စောက်ပုံ မကပ်ပေးလို့ ကျောင်းသူတွေရဲ့ အပြစ်တင်ခြင်းကိုလည်း ခံခဲ့ရသေးတယ်။

ရုပ်သံ ဇာတ်လမ်းတွဲ၊ ရုပ်ရှင်၊ သီချင်းတွေက စလို့ သူတို့ ယဉ်ကျေးမှုတွေကို သိမြင်ခွင့်ရခဲ့တယ်ပေါ့။ ဒါတင်ပဲလားဆို ဘယ်ဟုတ်မလဲ အစားအသောက်တွေကောပေါ့။ ယခင် အ‌‌ခြေအနေတုန်းက မလွယ်ပေမယ့် ခုခါကြ တခုခုဆို ဝုန်းခနဲ ဒိုင်းခနဲ မြန်ချက်ပဲ။ ဘယ်ကားထဲက ဘာလေး၊ ဟိုကားထဲက ဒါလေး ဆိုတာမျိုးတွေ ရက်‌ပိုင်းလောက်နဲ့ ကိုယ်တွေ ရှေ့မှောက်ရောက်လာရောပဲ။

ယနေ့ အချိန်မှာပဲ ကြည့်လေ ကိုရီးယားစတိုင် အစားအသောက်ဆိုင်တွေမှ အများကြီးပဲ။ ကျနော်တို့လည်း ကိုယ့်အစားအစာ အပြင် နံနံခြား အစားအစာတွေ မြည်းစမ်းကြည့်ခွင့် ရကြတယ်ပေါ့ဗျာ။ ကမ္ဘာကြီးဟာ ရွာဖြစ်သွားခဲ့ပေါ့။

နေဦးဗျ ကိုယ့်လူတို့ကို ကိုရီးယား ယဉ်ကျေးမှုကနေ ခဏ ဆွဲထုတ် ခွင့်ပြုပါ။ ကိုယ့် ဆရာတွေကို အင်ဒိုနီးရှား ခဏ အလည် ခေါ်ပါရစေ။ ဟုတ်ပါတယ်။ ဒီနေ့တော့ အင်ဒိုနီးရှားစာတွေ တော်တော်များများရတဲ့ Era Kitchen ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကျနော်တို့ မြို့က လူတွေ အနေနဲ့ အင်ဒိုနီးရှားစာက နည်းနည်းတော့ စိမ်းမယ် ထင်ပါရဲ့။ အစား အစာတင် ဘယ်ကမလဲ ဇာတ်ကားတွေတောင် စိမ်းမယ် ထင်တယ်။ အရှေ့တောင် အာရှဆို ထိုင်းနဲ့ ဖိလစ်ပိုင် ဇာတ်ကားတွေကိုပဲ ပိုပြီး သိ၊ ရင်းနှီးကြတာကိုး။ အင်ဒိုနီးရှား ကားလေးတွေလည်း မဆိုးဘူးရယ်၊ ကြည့်ကြည့်ပါလို့။ ကဲ ထားပါ၊ ခုက အင်ဒိုနီးရှားစတိုင် အစားအစာဖက်ပဲ ပြန်သွားရအောင်။

မိတ်ဆွေတို့ အနေနဲ့ ဒီမြို့လေးမှာပဲ နိုင်ငံစုံက အစားအစာတွေ စားကြည့်ဖူးချင်ပါရဲ့၊ အင်ဒိုစတိုင်လေး စားကြည့်ချင်ပါရဲ့ဆို Era Kitchen ကို တခေါက်တခါတော့ သွားကြည့်သင့်တယ်။ ကျနော့်အထင် ကျနော်တို့ဆီမှာ အင်ဒိုစတိုင် အရသာက ဒီဆိုင်က ပထမဆုံးပဲ ထင်ပါရဲ့။ (မဟုတ်ခဲ့လို့ ဒီဆိုင်ထက် စောတာလေး ရှိရင်လည်း ပြောပြပေးပါဦး။ လေ့လာမှု အားက သိပ်ပြီး မကောင်းလို့ပါ။)

အရင်က အင်ဒိုစာတွေ မစားဖူးတော့ ခုဆိုင်က ဘယ်လို၊ ဘာညာ ဆိုပြီး‌ ပြောပြ ယှဉ်ပြဖို့တော့ ခက်သားရယ်။ ဒါပေမယ့် အစားအစာက ယှဉ်ပြစရာ ယှဉ်ကြည့်စရာလို့ တခါသားမှ မတွေးခဲ့မိဖူးဘူးရယ်။ ကောင်းခြင်း မကောင်းခြင်းထက် ကြိုက်ခြင်း၊ မကြိုက်ခြင်းက ပိုပြီး အရေးကြီးသလားလို့ပါ။ (ကျနော့် တကိုယ်ရည်စာ အတွက်ပေါ့) နှိုင်းယှဉ်ခြင်းက ကောင်းသလိုလိုနဲ့ ဆိုးနေတတ်တယ်။ အဲ့လိုပဲ ဆိုးသလိုလိုနဲ့ ကောင်းနေတတ်ပြန်ရော။ ကျနော်တို့ လူ့ပတ်ဝန်းကျင်ကကို နှိုင်းယှဉ်ခြင်း အဖွဲ့အစည်းကြီး မလား။ လူမှန်း မသိခင် ကတည်းက အနှိုင်းယှဉ်ခံနေကြရပြီလေ။

ဒီလထဲ သွားထိုင်ဖြစ်တဲ့ ဆိုင်လေးတွေက ညပိုင်းတွေချည်း ဖြစ်နေတာကတော့ ထူးဆန်းသား။ ခုလည်း ဒီဆိုင်လေးကို သွားထိုင်ဖြစ်တာ ညဦးပိုင်းလို့ ဆိုရမယ်။ (ပုံလေးတွေ lighting မကောင်းရင် သည်းခံ နားလည်ပေးပါလို့။ အရသာတွေကတော့ တကယ် မိမိုက်ပါတယ်။ ဆိုင်ရဲ့ page ကနေ သွားကြည့်ပြီး သရေကျ နိုင်ပါတယ်။ တချို့ဆိုင်တွေလို menu နဲ့ အပြင်ပုံ မတူတာတွေ မရှိပါဘူး။ menu ထဲက ပုံနဲ့ အပြင်ပုံနဲ့ အတူတူ ကွက်တိ၊ အဲ့အတိုင်း ရပါတယ်။)

အင်ဒို အစားအသောက်တွေက နည်းနည်းစပ်တဲ့ဖက်ကို သွားတယ်လို့ သိရတယ်။ အင်း ... ကျနော်တို့ အရှေ့တောင်အရှဒေသ တဝိုက်ကတော့ ဒီလိုပဲ ထင်ပါရဲ့။ ဒါနဲ့များ ကျနော်တို့ သူငယ်ချင်း တစုက ဘာလို့ အစပ် မစားနိုင်ကြတယ် မသိပါဘူး။ ပြောချင်တာက လုံးဝ အစပ်မပါဘဲ စားမယ်ဆိုရင် အင်ဒို taste အပြည့် မရနိုင်ဘူးလို့ ပြောချင်တာပါ။ နည်းနည်းလေး မချစ်ချင်နေ၊ နည်းနည်းလေးတော့ အစပ် ‌စားပေးပါ။

Era Kitchen မှာ မြည်းစမ်းခဲ့တာလေးတွေက ကြက်သား ပေါက်ပေါက်ကြော်၊ အင်ဒိုနီးရှားစတိုင် တိုဖူးစိမ့်ကြော် နဲ့ Roti John Cheese တို့ ဖြစ်ပါတယ်။ တခြားတခြားသော ရွေးချယ်စရာတွေ ရှိနေပေမယ့် ဒီ (၃) ခုကို အရင် စမ်းကြည့်ခဲ့ပါတယ်။ (၃) မျိုးလုံးက ကျနော့် အကြိုက်နဲ့ ကွက်တိပဲ။ ကျနော်က သိပ်ပြီး မစပ်တဲ့ အရာတွေကို စားခဲ့လို့ပါ။ မိတ်ဆွေတို့ အနေနဲ့ တကယ် စပ်စပ်လေးတွေ မြည်းစမ်းခဲ့တယ် ဆိုရင် အပိတ်ကို Roti John Cheese နဲ့ ပိတ်ဖို့ အကြံပြုပါရစေ။

ကြက်သား ပေါက်ပေါက်ကြောက်က စားဖူးသမျှ ကြက်သားကြော်တွေနဲ့ လုံးဝ မတူနေပါဘူး။ သူ့ အရသာလေးက သီးသီးသန့်သန့်လေးကို ကွဲထွက်နေရော။ ကြက်သားကလည်း နူးအိနေတာ၊ အသာအရာလေး ဝါးလိုက်ရုံပဲ။ အေးသွားရင်တောင် မမာသွားဘူးရယ်။ ဒါလေးကတော့ တကယ် သဘောကျချင်စရာပါ။ ခပ်သေးသေးလေးတွေဆိုတော့ တခု တလုတ် ကွက်တိပဲ။ (ကလေးတွေ အတော်ကြိုက်မယ့် ပုံစံဗျ။ အိမ်က Champ နှစ်ယောက်ကတော့ မိုက်တယ် မိုက်တယ်တဲ့ စားတာ။ တီဖြိုး ပြောတာ မှန်ပါ့။)

အင်ဒိုစတိုင် တိုဖူးစိမ့်ကလည်း ဂွတ်သဗျ။ ပိုသဘောကျမိတာက အချဉ်၊ တိုဖူးစိမ့်နဲ့ တွဲစားတဲ့ အချဉ်၊ အဲ့ အချဉ်လေးကိုတော့ အတော် ကြိုက်မိသား။ ကြက်ကြော်ကိုတောင် သူ့အချဉ်နဲ့ မဟုတ်ဘဲ တိုဖူးစိမ့်ရဲ့ ဆော့အချဉ်နဲ့ တို့စားမိတဲ့ အထိပဲ။ ပိုပြီးလည်း စားလို့ကောင်းတယ်လို့ ခံစားမိတယ်။ ( ဆိုင်ရှင် မမ ချောချောက ဆော့အချဉ် ယူပြန်ဦးမလားလို့ မေးနေသေးသား။ ဒီက တကယ် ယူပြန်ဦးမို့ အားနာလို့။ ဆော့အချဉ်လို့သာ ခေါ်မိပေမယ့် တအားကြီးချဉ် တအားကြီး စပ်နေတာမျိုး မဟုတ်ဘူးရယ်။ အချဉ် အစပ် အချိုးကျ ပေါင်းစပ်မိသွားပြီး အရသာ အသစ် ဖြစ်ပေါ်လာတဲ့ သဘောမျိုး ဖြစ်မယ်။)

Roti John Cheese ကလည်း အတော်လေး စားလို့ကောင်းသား။ မေလကမှ အသစ်တိုးထားတဲ့ menu လေးပေါ့။ သူ့ အရသာကိုတော့ မပြော ပြနေတော့ဘူးဗျာ။ ကိုယ်တိုင်သာ သွားပြီး စားကြည့်ပါလို့ ပြောပါရစေ။

ကြက်ကြော်နဲ့ တိုဖူးစိမ့်က ထမင်းလွတ် မဖြစ်ရင်တောင် Roti John Cheese ကတော့ လူတယောက် ထမင်းလွတ် အဖြစ်ကောင်းကောင်း စားလို့ ရတယ်။ သိပ်အစား မကြီးဘူး ဆိုရင်ပေါ့ဗျာ။ သေချာတာကတော့ မိတ်ဆွေတို့ တခုထဲနဲ့ ဝမှာ မဟုတ်ဘူး။ သူ့ အရသာကကို ထပ်စားဖြစ်၊ ထပ်စားချင်အောင် ဆွဲဆောင်နေတာမျိုးဗျ။

ထုံးစံ အတိုင်း ဆိုင်ပိတ်ခါနီးမှ သွားထိုင် ဖြစ်လို့ ပါဆယ်ပဲ ထပ်ဆွဲပြီး ပြန်ခဲ့တယ်ပေါ့ဗျ။ နောက်ရက်မှ ထမင်းနဲ့ တွဲထားတဲ့ စားစရာတို့၊ ခေါက်ဆွဲကြော်တို့ ဘာတို့ ထပ်သွား စားပါဦးမယ်။ ဆိုင်ရဲ့ ဟင်းလျာတွေထဲမှာ အချိုမှုန့် လုံးဝ မသုံးထားပါဘူး။ အချိုမှုန့် ရှောင်လိုသူတွေ အတွက်တော့ ကွက်တိပါပဲ။

စားစရာ အပြင်၊ ဖျော်ရည်တို့ အေးအေးတို့လည်း ရသေးသဗျ။ ကျနော်တို့ကတော့ ရေနွေးကြမ်းနဲ့ပဲ စားခဲ့လိုက်ကြပါတယ်။ ဆိုင် မသွားခင်က ကော်ဖီ နဲ့ အအေးကို အချိန် နည်းနည်းစီသာ ခြားပြီး သောက်ထား မိလို့ပါ။

Mobile Legends ဂိမ်းနဲ့ ရင်းနှီးသူတွေ ဆိုရင်တော့ Naomi ကို သိကြမယ် ထင်ပါရဲ့။ အင်ဒိုနီးရှားက eSports အသင်း တသင်း ဖြစ်တဲ့ RRQ မှာ သွားကစား နေသူပေါ့။ ခုဆို အင်ဒို MPL တွေလည်း စနေပြီဆိုတော့ မြန်မာကစားသမား Naomi ပါတဲ့ MPL ID ပွဲတွေကို အင်ဒိုနီးရှား အစားအသောက်လေးတွေ စားရင်း အားပေးလို့ ရတာပေါ့ဗျာ။ ‌ပြောကောင်း ပြောကောင်း Regular season တွေ ဘာတွေ ပြီးသွားလို့ RRQ သာ Grand final တွေ ဘာတွေ ရောက်သွားရင်၊ Final ပွဲစဉ်ကြီးကို အင်ဒိုအထိ သွားအားပေးဖြစ်ခဲ့မယ်ဆိုရင်လည်း ပိုပြီး အဆင်ပြေသွားတာပေါ့။ အင်ဒို အစားအစာတွေနဲ့ ကိုယ်က ကြိုတင် ရင်းနှီး နေခဲ့ပြီး မဟုတ်ပါလားဗျာ။

(ဆိုင်က လက်ရှိနေရာကနေ ပြောင်းဖွင့်ဖို့ ရှိတယ်လို့လည်း သိထားရပါတယ်။ နေရာသစ်ကိုလည်း အရိပ်အမြွက်တော့ သိထားပြီးပေမယ့် တိတိကျကျသိသွားတဲ့အခါမှပဲ ယခု ပိုစ့်မှာ update ပြန်ထပ် ဖြည့်ပေးပါမယ်ဗျ။)

ဆိုင်လိပ်စာ
အမှတ် ၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကန်အောက် ရပ်ကွက်၊ (အလယ် boc မျက်နှာချင်းဆိုင်၊ နမ့်ခေးမောဝ် ဖက်ခြမ်း)၊ တောင်ကြီးမြို့။

Facebook page

https://www.facebook.com/erakitchenn?mibextid=ZbWKwL

Google Map

https://maps.app.goo.gl/mPfcqM6SE7HNZHM76

ဆိုင်ဖွင့်ချိန်

မနက် (၁၁) မှ ည (၈) နာရီထိ။

#EraKitchen
#FoodMyChoice
#PhyoeBakerySupply

Leave Era Kitchen to:

Written by

The food I like around the place.

Read more #hive-122133 posts


Best Posts From foodmychoice

We have not curated any of foodmychoice's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From foodmychoice