foodmychoice avatar

Dear Universe

foodmychoice

Published: 31 Aug 2023 › Updated: 31 Aug 2023Dear Universe

Dear Universe

စကြာဝဠာက တခု၊ တတိုက်ထဲ မဟုတ်၊ မက ဘူးတဲ့။ ဒီစကားကို စကြားမိတော့ အံဩခဲ့ရတယ်။ ကိုယ်တွေမှာက နေစကြာဝဠာ အဖွဲ့အစည်းတခုထဲနဲ့တင် ရွာလည်နေခဲ့တာကိုး။ စိတ်ဝင်စားပေမယ့် ငယ်ငယ်က စာဆိုတာ ကျက်ရတယ်ဆိုတာကြီးနဲ့ပဲ ကြီးခဲ့ရတော့ ထပ်ပြီး မလေ့လာချင်တော့ဘူးရယ်။ ကြီးလာမှပဲ ပြန်ပြီးလေ့လာဖြစ်၊ ရှာဖတ်ဖြစ်တော့တယ်။ ဒါပေမယ့်လည်း အလုံးစုံတော့ မသိ၊ နားလည်နိုင်ဘူးလေ။ ထဲထဲဝင်ဝင် လေ့လာတာမှ မဟုတ်ဘဲ၊ ဒီအတိုင်း သိချင်စိတ်ကို ဖြေဖျောက် နိုင်ရုံလောက်သာရယ်။ ပြီး ကိုယ့် တထွာ၊ တမိုက်ဉာဏ်ရည်လေးနဲ့ လက်လှမ်းမှီတဲ့ အရာတွေလည်း မဟုတ်နေခဲ့ဘူးကိုး။

ငယ်ငယ်က သင်ခဲ့ရတာတွေ ပြီးနောက် စာတွေမှာလည်း ဖတ်ရ၊ အမေ ဖွင့်နေကြ တရားတွေမှာလည်း ပါပါနေတော့ စကြာဝဠာ အကြောင်း နည်းနည်းပါးပါး တီးမိ၊ ခေါက်မိတော့ ရှိလာခဲ့၏။ စာတို့၊ ဘာသာရေးတို့ ဘက်ကနေ မဟုတ်ဘဲ ရုပ်ရှင် အနေနဲ့ ထပ်သိခွင့် ရခဲ့တာကတော့ ဂျက်လီ ပါဝင် သရုပ်ဆောင်ထားတဲ့ The One ပေါ့။ အပြိုင် စကြာဝဠာရဲ့ ကမ္ဘာတွေမှာ ရှိတဲ့ သူနဲ့ တူတဲ့ သူတွေကို လိုက်ရှင်းနေတဲ့ ဇာတ်ကားပေါ့။ အဲ့ကားကတော့ ငယ်ငယ်က ကြည့်ခဲ့ရတာပေါ့။ အဲ့ နောက်ပိုင်းတော့ အပြိုင် စကြာဝဠာတွေနဲ့ ပြန် ဝေးသွားခဲ့ပြန်ရော။

Doctor Strange တို့ Spiderman တို့ ကြောင့် Multiverse နဲ့ တဖန် ပြန်ရင်းနှီး ရပြန်ပါရော။ ဒါတောင် ကျနော်က comic ‌တွေ မဖတ် ဖြစ်လို့သာ၊ comic တွေသာ ဖတ်ဖြစ်ရင် ခပ်စောစော ပြန်ရင်းနှီး သိရှိခွင့် ရမှာ။ Doctor Strange in the Multiverse of Madness ကနေ Spiderman ရဲ့ Spider-Man: Into the Spider-Verse ပြီးနောက် ဒီနှစ်ထဲ ထွက်ထားတဲ့ Spider-Man: Across the Spider-Verse တို့ကို ကြည့်ပြီး အပြိုင် စကြာဝဠာထဲ တဖန် ပြန်လည်လို့ ရောက်လာခဲ့ပြန်ပါရောလား။

ကိုယ်တွေတုန်းက စာတွေလောက်သာ ဖတ်ရှုခွင့် ရခဲ့ပေမယ့် ခု ကလေးတွေဆိုရင် ရုပ်ရှင်ကနေပါ လေ့လာသိမြင်ခွင့် ရနေပြီလို့ ပြောလို့ ရမည် ထင်၏။ ကလေးတွေကို ရှင်းပြရတာလည်း ပိုပြီး ခရီးရောက်၊ တွင်သွားတာပေါ့။ စာချည်း သက်သက်နဲ့ ရှင်းပြ၊ ပြောပြရင် ဆရာတွေက သိပ် စိတ်မဝင်စားဘူး မလား။ ရုပ်ရှင် ပေမယ့် တချို့ သီအိုရီက အရှိကို အ‌ခြေခံပြီး ရိုက်ပြထားတာကိုး။

အမှန်တော့ ဆိုင်လေး တဆိုင်ကြောင့် အတွေးတွေက ငယ်ဘဝနဲ့ လက်ရှိ ဘဝကြား လူးလာခေါက်ပြန်မိသွားခြင်း ဖြစ်၏။ ဆိုင်နာမည်က Dear Universe ဖြစ်၏။ အင့် အပေါ်က ပြောလာတာတွေနဲ့ ဘာဆိုင်လို့လဲပေါ့။ ဆိုင်တာ ဆိုလို့ စကြာဝဠာဆိုတဲ့ နာမည်ပဲ ပါတယ်ဟု ပြောမယ်ထင်။ လင်းပါမည် မိတ်ဆွေ။

ခုဆိုင်လေးက ပြီးခဲ့သော လပိုင်း‌တွေက ဖွင့်ခဲ့သော Cafe Sake ( ရေးဖူးခဲ့ပြီး) နဲ့ ဆက်စပ်မှု ရှိ၏။ ပြီး ထို နှစ်ဆိုင်လုံးက Dr Cake ဆိုသည့် တချိန်က ကျနော်တို့ တခုတ်တရနဲ့ ထိုင်ခဲ့ဖူးသည့် ဆိုင်လေးနဲ့ ဆက်စပ် နေခဲ့၏။ Cafe Sake ကော၊ Dear Universe ကော Dr Cake ကနေ မွေးဖွား ဖြစ်တည်လာတယ်လို့ ပြောလို့ ရမယ် ထင်ပါရဲ့။ ဒါကြောင့်ပင် နှစ်ဆိုင်လုံးရဲ့ အပြင်အဆင်၊ အရသာ၊ ဝန်ဆောင်မှုပိုင်းက အများကြီး ပြောနေစရာကို မလိုတော့ဘူးပေါ့။

Dear Universe တဲ့၊ နေရာ အနေအထားလေးနဲ့ ဆိုင်နာမည်က လိုက်ဖက်တယ်လို့ မြင်မိပါရဲ့။ ဆိုင်ကနေ မြင်ရတဲ့ ရှုခင်းလေးက ပြောရရင် အတော်လေး လှတယ်။ ခုလို မိုးရာသီဆို ပိုလို့တောင် မိုက်သေးတယ်။ မိခင် မြေပြင်ဆီသို့ မိုးစက် မိုးပွင့်တွေ ပြန်လည်ပြီး သက်ဆင်းလာကြတာကို ကော်ဖီ တခွက်နဲ့ ထိုင်ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူး တကယ်။ မိုးရွာထဲ လျှောက်သွား ရတာထက်၊ မိုးရွာတာကို ထိုင်ကြည့်ရတာ ပိုကြိုက်သူ အဖို့ ဆိုင်နေရာ၊ ဆိုင်ကနေ မြင်ရတဲ့ ရှုခင်းက အဆင်ပြေတယ်ဆိုတာထက်ကို ပိုပါတယ်။ (အပိုတွေလို့ ထင်ရင် သွားသာ ထိုင်ကြည့်၊ ခံစား ကြည့်ပါလို့)

ရှုခင်းကြည့်ရရုံတင် မက၊ အစားအသောက်တွေကလည်း ခံတွင်းတွေ့ ချင်စရာလေးပါ။ ကော်ဖီ၊ ကိတ်၊ အအေး၊ ရေခဲမုန့် တို့ အပြင် ထိုင်းအစားအစာလေးတွေပါ မှာယူ သုံးဆောင် နိုင်ပါသေးတယ်။ ကော်ဖီ၊ ဒိန်ချဉ်၊ ကိတ်၊ သင်္ဘောသီးထောင်း၊ အာလူးချောင်းကြော်တို့ စားခဲ့ပါတယ်။ ကွေ့သယိုလည်း စားခဲ့ပါသေးတယ်။ ပုံတော့ ထည့်မရိုက်လိုက်ရဘူးရယ်။ ပြီးမှ ထပ်မှာ ဖြစ်လို့ပါ။ ကော်ဖီက အဆင်ပြေပါတယ်။ ဒိန်ချဉ်ကတော့ တော်တော့်ကို ဂွတ်တယ် ပြောရပါလိမ့်မယ်။ ကျနော့် သူငယ်ချင်းဆို ဒိန်ချဉ်ကို နှစ်ခွက်ထိ သောက်ပါလေရော။

ကိုယ်တွေ ထိုင်နေတုန်း မိုးက ကောက်ရွာပါလေရော။ ခပ်လှမ်းလှမ်းမှာ အရင် ရွာနေတဲ့ မိုးက တဖြည်းဖြည်းနဲ့ ကိုယ်ရှိတဲ့ နေရာကို လာတာ။ အဲ့တာကို ကိုယ်က ခံစား ကြည့်နေရတာလေး။ စားပြီး သောက်ပြီးတော့ ကိုယ်တွေလည်း ပြန်ခဲ့ကြပါရော။

ပင်ပန်းမှုတွေကနေ ခဏတာ ဖြေဖျောက် အနားယူချင်လို့ရယ်ပဲ ဖြစ်ဖြစ် Dear Universe မှာ သွားထိုင်ကြည့်ပါလို့၊ အကြုံပြုပါရစေ။ တခေါက်ပဲ သွားကြည့်ပါ။ နောက်ထပ် အခေါက်တွေက ကျနော် တိုက်တွန်းစရာ မလိုဘဲ မိတ်ဆွေတို့ရဲ့ စိတ်ဆန္ဒကကို ဆိုင်လေးကို နောက်တခေါက် သွားဖို့ စေ့ဆော်ပါလိမ့်မယ်။

မိုးရွာတဲ့ နေ့ တနေ့မှာ ကျနော်တို့ ထပ်ဆုံကြရအောင် ...

ဆိုင်လိပ်စာ (နေရာ)

အဝေရာ မီးပုံးပျံကွင်း အကျော်၊ ရထားသံလမ်း ရောက်ရင် ညာဖက်ချိုးလိုက်၊ Shri Shiva Mandir ဘုရားကျောင်း နည်းနည်းလေး ကျော်သွားရင် ရောက်ပေါ့။
Dear ဆိုပြီး Universe က နှုတ်ဆက်နေပါလိမ့်မယ်။

ဒီ phone number လေးတွေကိုလည်း ဆက်နိုင်ပါတယ်ဗျ။

09-792 555 373
09-423 181 440

#DearUniverse
#FoodMyChoice
#PhyoeBakerySupply

Leave Dear Universe to:

Written by

Read more #hive-122133 posts


Best Posts From foodmychoice

We have not curated any of foodmychoice's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From foodmychoice