Bang's Bar
ပျင်းရိဖွယ် ကောင်းတဲ့ နေ့ရက်တွေ၊ ညနေခင်းတွေ။ မဖြစ်လာသေးတဲ့ အိပ်မက်တွေ၊ ထပ်ပြီး မက်ချင်တဲ့ အိပ်မက်တွေ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုပြီး ဦးစား ပေးခဲ့ရတာတွေ။ ဘဝဆိုတာ အမြဲ ပျော်နေရတာမျိုး မဟုတ်ခဲ့ပါဘူး။ အမြဲ ဝမ်းနည်းနေရတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ မေးခွန်းတိုင်း အတွက် အဖြေဆိုတာက တကယ်၊ အမြဲ ရှိနေနိုင်ပါ့မလား။ တခါတလေ အဖြေမရှိတဲ့ မေးခွန်းတွေကြောင့် မွန်းကြပ်လာရတာမျိုးတွေ ဖြစ်တတ်သေးပြန်ရဲ့။ စိတ်ညစ်တယ်တို့ စိတ်မပျော်ဘူးတို့တွေ ဖြစ်လာရော။ Facebook trending အရဆိုရင် ဆိတ်မကောင်းဘူးတို့ ဘာတို့ပေါ့။
"Alcohol may not be the answer, but it sure helps forget the question."
ဟုတ်ပါတယ်။ Alcohol ဟာ အဖြေမဟုတ် ပေမယ့် မေးခွန်းတွေ၊ မွန်းကြပ်မှုတွေကနေ ခဏတာ လွတ်မြောက်ဖို့ စိတ်လက်ပေါ့ပါးသွားစေဖို့ ကူညီပေးကောင်း နိုင်ပါရဲ့။ ဟုတ်ကဲ့ ဖော်ပြပါ စာသားလေးကတော့ Bang's Bar ရဲ့ Facebook page မှာ ရေးပေးထားတဲ့ စာသားလေးပါဗျ။ ဒီနေ့ ပြောပြပေးချင်တဲ့ ဆိုင်လေးကတော့ Bang's Bar ပဲ ဖြစ်ပါတယ်။
ဆိုင်လေးလို့ ပြောပေးမယ့် သူ့ အရသာ၊ အစားအသောက်တွေကတော့ မသေးပါဘူး။ ဆိုင်လေးလို့ သုံးရတာက တကယ့်ကို သေးသေးလေးနဲ့ ချစ်ဖို့ ကောင်းလို့ပါ။ ရတဲ့နေရာလေးနဲ့ ရအောင်၊ အဆင်ပြေအောင် စားပွဲ နေရာလေးတွေ ပြင်ဆင်ထားနိုင်တာကို ချီးကျူး စရာပါ။ လက်ရှိ Rum Sour ရတဲ့၊ သောက်လို့ ကောင်းတဲ့ ဆိုင်တွေထဲမှာ အသေးဆုံးဆိုင်လေးလို့ ပြောလို့ရမယ် ထင်ပါရဲ့။ ပြောချင်တာက ခုံနေရာ ရချင်ရင်တော့ စောစောလေး သွားထိုင်ပါ။ နောက်ကျရင်တော့ မသေချာနိုင်ဘူးပေါ့။
Bang's Sour နဲ့ Rum Sour နှစ်မျိုး စမ်းပြီး သောက်ကြည့်ဖြစ်ပါတယ်။ Rum Sour ထက် Bang's Sour ကို ပိုသဘောကျမိပါတယ်။ သံပုရာ ပိုကဲတဲ့ဖက်ကို ပိုကြိုက်သူတွေအဖို့ စမ်းကြည့်သင့်ပါတယ်။ သံပုရာ ကဲတယ်ဆိုပေမယ့် မချဉ်နေပါဘူး။ သောက်လို့ကောင်းပြီး ခံတွင်းမြိန်စေပါတယ်။ Rum Sour ကတော့ အပြင်း ကြိုက်သူဆိုရင် နည်းနည်းပြင်းပေးဖို့ တပါတည်း မှာပေါ့။ Alcohol မပါဝင်တဲ့ တခြား ဘာဘာညာညာ သောက်စရာလေးတွေလည်း ရနိုင်ပါသေးတယ်ဗျ။
ဒီဆိုင်က အမြည်းတွေ တော်တော်ကောင်းတယ်ဗျ။ ငါးရှဉ့် ဆေးခါး၊ ဆိတ်လက်ဖက်၊ ငါးထောင်း၊ အာလူးချောင်းကြော် တို့ စားဖြစ်ပါတယ်။ ငါးရှဉ့် ဆေးခါးဆို နောက်တခွက် ထပ်မှာယူ ဖြစ်တဲ့အထိကို သောက်လို့ ကောင်းပါတယ်။ အရသာလေးတွေက အစပ်အဟပ်တည့်ပြီး ထိထိမိမိ ရှိလှပါတယ်။ နောက်ထပ် သဘောကျမိတာ တခုက ပဲပုပ်စိ free ချပေးတာလေးပါ။ ထုံးစံ အတိုင်း ကျနော်ကတော့ ကုန်သွားတော့ ထပ်တောင်းတာပါပဲ။ (ဆိုင်တွေက free ချပေးတဲ့ အမြည်းတွေရဲ့ black list စာရင်းမှာ ကျနော်က ထပ်ဆုံးက ပါသွားမယ်ထင်ပါရဲ့။ ကိုကြီးရဲ့ ဆာဝါ ဆိုင်တုန်းကလည်း မြေပဲဆံကြော် ကုန်သွားလို့ ထပ်ထပ်တောင်းသေးသကိုး) ကြီးကြီးမားမားရယ်လို့ မဟုတ်ပေမယ့် အဲ့သေးသေးလေးတွေကပဲ စားသုံးသူတွေရဲ့ စိတ်ထဲ အမယ် သူတို့က ဒီလိုလေးလည်း ချပေးသားဆိုပြီး အမှတ် ပိုပေး ဖြစ်တာပေါ့။
ဆိုင်က အမြည်း၊ စားစရာတွေနဲ့ မတင်းတိမ်နိုင်ရင်လည်း ဘေးဆိုင်တွေကနေ မှာလို့ရသေးသဗျ။ Bang's Bar က Night 38 ညဈေးနားမှာ ဖွင့်ထားတာကိုး။ အကင်တန်းမှာပဲ အထိုင်များလို့ Night 38 ဖက်က သိပ်မရောက်ဖြစ်ဘူးရယ်။ Night 38 မှာလည်း သဘောကျတဲ့ အကင်ဆိုင်နဲ့ အခြား အစားအသောက်ဆိုင်လေးတွေလည်း ရှိပါတယ်ဗျ။ ကိုယ်ကြိုက်တတ်တဲ့ စားစရာတွေ ရှိပေမယ့် ကိုယ်ကြိုက်တတ်တဲ့ သောက်စရာ မရှိတာတဲ့ဘဲ Night 38 ညဈေးကို သိပ်မရောက် ဖြစ်နေတာပါ။ ခုတော့ Bang's Bar ကြောင့် Night 38 ညဈေးကိုလည်း မကြာခဏ သွားဖြစ်တော့မယ် ထင်ပါရဲ့။
မေးခွန်းတွေကနေ ခဏတာလေးပဲ ဖြစ်ဖြစ် လွတ်မြောက်ချင်တယ်ဆိုရင်တော့ Bang's Bar မှာ သွားထိုင် ဖြစ်အောင် ထိုင်ကြည့်ပါလို့။
ဆိုင်လိပ်စာ
ပြည်နယ် ဘောလုံးကွင်း မြောက်ဖက် ( မြောက်ဖက်ခြမ်း ဝင်ပေါက်ဘေး ကပ်လျက်) ၊ ဘုရင့်နောင်လမ်း၊ Night 38 ညဈေးတန်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။
Facebook Page
https://www.facebook.com/profile.php?id=100095485654176&mibextid=ZbWKwL
ဆိုင်ဖွင့်ချိန်
ညနေ ( ၃ ) နာရီမှ ည ( ၁၀ ) နာရီထိ။
Leave Bang's Bar to:
Read more #hive-122133 posts
Best Posts From foodmychoice
We have not curated any of foodmychoice's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.