ကိုကြီးဆိုင်
အသက်က အလကား ကြီးနေတာမှ မဟုတ်တာ၊ သူများတွေထက် အရင် မွေးဖွားလာလို့လေ ... နော့်ဗျာ။
ဒါနဲ့ ဘယ် အသက်အရွယ်လောက်ကို ကိုကြီးလို့ ခေါ်၊ သတ်မှတ်လို့ ရလဲ ဗျ။ အကြမ်း အားဖြင့်ပေါ့။
ကျနော်ကတော့ ကိုယ့်ကို ကိုကြီး အရွယ်ရောက်သွားပြီ ထင်တာပဲ။ ဒါတောင် တခါတလေ ဦးလေး ခေါ်ခံရတာမျိုးလည်း ရှိတတ်သေး။ ဦးလေး အစား ဦးလို့ တခွန်း ထဲတော့ အခေါ်မခံရ ဖူးသေးဘူးရယ်။ ကိုယ့်ထက် အသက်ကြီးတဲ့ မမတွေနဲ့ တွေ့ပြန်ရင်တော့ မောင်လေးလို့ အခေါ်ခံရပြန်ရောပေါ့။ မောင်လေး အစား မောင်လို့ တခွန်းထဲတော့ အခေါ်မခံရ ဖူးသေးဘူးရယ်။ အဲ ကိုကိုလို့လည်း တခါမှတော့ အခေါ်မခံရ ဖူးသေးဘူး။ sorry ဗျာ ... လမ်းကြောင်းတွေ ချော်ကုန်ပြီ။
ထုံးစံအတိုင်း သူငယ်ချင်းတွေ ဆုံကြမယ် ဆိုပြီး ph ဆက်တော့ သူငယ်ချင်း တယောက်က သူတွေ့ထားတဲ့ ဆိုင်လေးမှာ သွားထိုင် မလို့တဲ့။ ဆိုင်က ငါ့ နာမည်လည်း ပါတယ်တဲ့။ (တယောက်ထဲကပဲ ခေါ်ခွင့် ရှိသတဲ့။ မဆိုင်တဲ့သူက လာခေါ်ရင်တော့ စိတ်ဆိုးပါတယ်တဲ့) လာခဲ့လိုက် ဆိုတာနဲ့ သွားထိုင်ဖြစ်ကြတယ်ပေါ့ဗျာ။ ဟုတ်ကဲ့ ဒီနေ့ ပြောပြချင်တဲ့ ဆိုင်လေးကတော့ "ကိုကြီးဆိုင်" ပဲ ဖြစ်ပါတယ်။ ဟုတ် ကျနော့်ဆိုင် မဟုတ်ပါဘူး ဆိုင်ရဲ့ နာမည်ကကို "ကိုကြီးဆိုင်" ပါ။
ဆိုင်အပြင်အဆင်က အတော်လေး သဘောကျချင် စရာပါ။ ကာတွန်း ပိုးဇာ ရဲ့ မောင်မောင်ဇာ၊ လေးမွန်၊ ထွေးမွန် ကာတွန်း ကွက်လေးတွေနဲ့ အခြား တကွက် ကာတွန်းလေးတွေ အများကြီးနဲ့ ဆိုင်ရဲ့ နံရံကို အလှဆင်ထားပါတယ်။ ပိုးဇာ ကာတွန်းတွေကတော့ ပိုပြီး ကြီးကြီး လုပ်ထားပေးတယ်။ ဒီအချက်က ပိုသဘောကျ စရာပါ။ လူပျိုကြီးတွေကို ကိုယ်စားပြုထားပေးတဲ့ဆိုင်လို့ ကိုယ့်ကို သတ်မှတ်လိုက်ပါတယ်။ ဆိုင်နာမည်ကကို ကိုကြီး မလား၊ ဒီလိုပဲ ဖြစ်နေရမှာပေါ့လေ။ ဆိုင်ရဲ့ Facebook page မှာ တွေ့ပါလိမ့်မယ် "လူပျိုကြီး ကိုကြီးရဲ့ ဆာဝါ" ဆိုတာလေးကို။
သီချင်းခွေတွေကို မျက်နှာကြက်မှာ သံဇကာလေးထဲထည့် အလှဆင်ထားတာတွေ ပြီး keychain လေးတွေ ချိတ်ထားတာလေးတွေ အစရှိသဖြင့် အလှဆင်ထားပုံလေးတွေကလည်း အမြင်လေး တမျိုးဆန်းလို့ ကြည့်မြင် ခံစားလို့ ကောင်းပါတယ်။ ကိုယ့်မြို့ မလို့ ပြောတာတော့ မဟုတ်ဘူး။ ကျနော်တို့ဆီက ဆိုင်တွေက ဆိုင်အပြင်အဆင်ပိုင်းမှာ အတော်လေးကောင်းလာကြတာကို တွေ့ရသလိုပဲ။ အရသာပိုင်း၊ ဝန်ဆောင်ပိုင်းတို့ အပြင် ဆိုင်အပြင်အဆင်ကလည်း စားသုံးသူတွေကို အမြဲ မဟုတ်တောင် မကြာခဏ ထပ်ထပ်လာစေတဲ့ အကြောင်းအရင်းတွေပဲ မလား။
သောက်စရာပိုင်းမှာတော့ အတော်လေး စုံစုံလင်လင် ရပါတယ်။ sour ပိုင်းမှာ ကြိုက်မိတာက coffee sour ပါ။ ကော်ဖီ ကြိုက်တဲ့ ကျနော့်အဖို့တော့ လုံးဝကို ကွက်တိပါပဲ။ rum sour ကတော့ နည်းနည်းပျော့တယ်။ (ကျနော်တို့ အတွက် ပြောတာပါ) ကိုယ်က ခပ်ပြင်းပြင်း ကြိုက်တတ်သူဆိုရင်တော့ မှာကတည်းက နည်းနည်းပြင်းမယ် ပြောပေါ့။ မနေ့က sour တော်တော်များများ စမ်းသောက် ဖြစ်ကြတယ်ဗျ။ ပူရှိန်းတို့ ဘာတို့ ကြိုက်တတ်သူတွေအဖို့ KG sour ကို စမ်းသောက်ကြည့်ပါ။ သူ့ taste လေးကလည်း တမျိုးတဘာသာဆန်းနေပါတယ်။ Peach sour, Mango sour တို့လည်း မိုက်တယ်။ အို ခြုံငုံပြောရရင် sour တွေ အားလုံး ဂွတ်တယ်ပေ့ါဗျာ။ အကြိုက်ဆုံးကတော့ coffee sour ပေါ့။
စားစရာ (အမြည်း) ကတော့ ပဲခြမ်းသုပ်၊ လက်ဖက်သုပ်၊ ဆိတ်လက်ဖက်ထောင်း၊ အာလူးချောင်းကြော်၊ ဝက်အူချောင်းကြော်တို့ စားကြည့် ဖြစ်ခဲ့ပါတယ်။ အရသာလေးတွေက အတော်မိုက်ပါတယ်။ တခုပဲ အမြည်း အစားများ (ကြီး) သူ ဆိုရင်တော့ မလောက်နိုင်ပါဘူး။ အမြည်း ပန်ကန်လေးက သေးလို့ပါ၊ ဟီးဟီး။ ဒီကာလ ဒီကုန်ဈေးနှုန်းနဲ့ကတော့ ဒီလောက်က ပုံမှန်ပဲလို့ ပြောလို့ ရပါတယ်။ ခုထက် နည်းနည်းလေး ပိုထည့်ပေးရင်တော့ ပိုကောင်းတာပေါ့လေ။ နောက်ပိုင်း ထပ်မှာဖြစ်တဲ့ စားစရာတွေမှာတော့ ပိုပြီး ထည့်ပေးလာတာကို တွေ့ရပါတယ်။ ဒါကလည်း ကျနော်တို့ဆီက ဆိုင်လေးတွေရဲ့ စားသုံသူအပေါ် ထားတဲ့ စေတနာလေးတွေပေါ့ဗျာ။ (နည်းနည်းတော့ ချွဲပြတတ်ဖို့တော့ လိုတာပေါ့) အမြည်းလောက်နဲ့ မတင်းတိမ်နိုင်ရင်တော့ ထမင်းဆီစမ်းတို့ ဘာတို့ စားလို့ရနိုင်ပါသေးတယ်။
နောက်ထပ် သဘောကျတာ တခုကတော့ မြေပဲဆံကြော် free ချပေးတာပါပဲ။ ကုန်သွားလည်း ထပ်တောင်းလို့ ရပါတယ်။ ရိုးရိုး မြေပဲလှော် ဟုတ်ဘူးနော်၊ သေသေချာချာ ကျကျနန ကြော်ထားတာ။ မြေပဲဆံကြိုက်တဲ့ ကျနော်ကတော့ တခွက်ပြီး တခွက်တောင်းတာ။ နောက်ရက်တွေ သွားထိုင်ဖြစ်ရင် ကျနော့်ကို မြင်ရင် မြေပဲဆံကုန်ပြီလို့ ပြောမည်ထင်။
စားဖို့ အဓိက မဟုတ်ဘဲ တခုခုသောက်ပြီး ပေါ့ပေါ့ပါးပါး အမြည်းလေးစားမယ်ဆိုသူတွေ အတွက်ကတော့ အဆင်ပြေမှာပါ။ တနေ့ကုန် ပင်ပန်းထားမှုတွေကို ညနေခင်းမှာ ဖြေဖျောက်ပြီး အေးဆေး အနားယူချင်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။
ကျနော်တို့လို ကိုကြီးတွေ အတွက်ကတော့ ကိုကြီးဆိုင်က ကွက်တိပါပဲ။ ကိုကြီးတွေ တင်မက ကိုကြီးတွေ အကြောင်း သိလိုတဲ့ ညီမလေးတွေကော၊ တချိန်မှာ ကိုကြီး ဖြစ်လာနိုင်တဲ့ ညီလေးတွေကော၊ အတိတ်က ကိုကြီးဘဝကို ပြန်တမ်းတ အောက်မေ့လိုသူ ဦးဦးတွေကော အဆင်ပြေမယ့် ဆိုင်လေးပါ။
(ပုံလေးတွေက ညဖက် ရိုက်ထားတာ မလို့ အနည်းငယ် သည်းခံ ပေးပါလို့။ ပြီး စားပွဲ ခုံနေရာလေးတွေ ရိုက်ချင်ပေမယ့် တခြား စားသုံးသူတွေရှိနေလို့ အားနာတာနဲ့ မရိုက်ဖြစ်ခဲ့လိုက်ပါဘူး။ ဒါလေးကိုပါ နားလည်ပေးပါလို့။ ကျေးဇူးပါ။)
ဆိုင်လိပ်စာ
၄ က/ ၇၊ သီရိရိပ်မွန်၊ ကမ္ဘောဇ လမ်းသွယ် ၁၊ (ပြည်နယ် ပညာရေးရုံး လမ်းဆုံနားလေး ဘေးနားတင်)၊ ရေအေးကွင်း ရပ်ကွက်၊ တောင်ကြီးမြို့။
Facebook page
https://www.facebook.com/profile.php?id=100094220167768&mibextid=ZbWKwL
Google Map
https://maps.app.goo.gl/BbW7kNPeixFZ1o2eA
ဆိုင်ဖွင့်ချိန်
ညနေ (၃) နာရီမှ ည (၁၀) နာရီထိ။
Leave ကိုကြီးဆိုင် to:
Read more #hive-122133 posts
Best Posts From foodmychoice
We have not curated any of foodmychoice's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.