သိန်းဇော်လင်း avatar

ကျွန်တော်၏ထင်မြင်ချက်များ

theinzawlin

Published: 13 Jun 2018 › Updated: 13 Jun 2018ကျွန်တော်၏ထင်မြင်ချက်များ

ကျွန်တော်၏ထင်မြင်ချက်များ

မင်္ဂလာပါ Steemit မှ မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ။
ဒီတစ်ပတ်ကျွန်တော်ရေးသားတင်ပြချင်သော အကြောင်းအရာများမှာ ကျွန်တော်တို့ပတ်ဝန်းကျင်နယ်ပယ်များတွင် တွေ့ရှိရသည်များကို မိမိ၏ထင်မြင်ယူဆချက်များဖြင့် ရေးသားတင်ပြချင်ပါရစေ။
community-group.jpg

Image Credit Source

ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ကြကုန်သော လူသားများသည် လူသားတို့၏သဘောသဘာဝအရ တစ်ယောက်တည်းအထီးကျန်စွာ ရှင်သန်ရပ်တည်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောအရာတစ်ခုဖြစ်ပါလိမ့်မည်။ကျွန်တော်တို့သည် အပေါင်းအသင်းမိတ်ဆွေများဖြင့် စုဖွဲ့နေထိုင်တတ်သူများဖြစ်သောကြောင့် လူမှုရေးနှင့်ပေါင်းသင်းဆက်ဆံရေးသည် လူ့လောကနယ်ပယ်တွင် အလွန်အရေးကြီးလှပေသည်။ကျွန်တော်တို့ပတ်ဝန်းကျင်များတွင်တွေ့ရှိရသော တစ်ချို့သောပုဂ္ဂိုလ်များသည် အများသူငါနှင့် လိုက်လျောညီထွေပေါင်းသင်းတတ်သော်လည်း တစ်ချို့သောပုဂ္ဂိုလ်များမူ အတ္တများကို လက်ဆုပ်ကိုင်ကာ ငါ့ဖို့ဆိုသောသူများလည်းရှိနေပြန်သေးသည်။ထိုသို့စိတ်အမျိုးမျိုးရှိကြကုန်သော လူသားများနှင့် ပေါင်းသင်းတတ်ဖို့ရန်မှာ ကျွန်တော်တို့လူသားများသည် အခက်အခဲကိုယ်စီလည်းရှိကြပြန်သည်။စိတ်သဘောထားဖြူစင်သော သူများနှင့်ပေါင်းသင်းဖို့က လွယ်ကူသလောက် စိတ်သဘောထားညစ်ညမ်းသူများနှင့် ပေါင်းသင်းဖို့ရန်မှာ အတော်ပင်မလွယ်ကူလှပေ။စိတ်သဘောထားညစ်ညမ်းသူများနဲ့ပေါင်းသင်းနိုင်ကလည်း အချိန်တိုကာလလေးတစ်ခုမျှသာ တည်မြဲတတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အဖုအထစ်ကလေးများပေါ်ပေါက်လာကာ ပျက်စီးသွားကြလေ့ရှိကြပြန်သည်။
ကျွန်တော်တို့ စိတ်အမျိုးမျိုးအထွေထွေရှိကြကုန်သော ပတ်ဝန်းကျင်မှလူသားများနှင့်ဘယ်လိုပေါင်းသင်းဆက်ဆံကြမလဲ။လူဆိုသည်က သူ့အကြိုက်သူ့အလိုက်ကိုဦးစားပေးလျှင်တော့ ပေါင်းသင်းရလွယ်ကူကြပေလိမ့်မည်။ထိုသို့အလိုလိုက်အကြိုက်ဆောင်ဖို့က လူကောင်းဆိုလျှင်အကြောင်းမဟုတ်ဘဲ လူဆိုးဆိုလျှင်တော့ ပေါင်းသင်းသူမိတ်ဆွေများအနေနဲ့လည်း တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးဆိုသလိုပင် ပျက်စီးခြင်းသို့လမ်းကြောင်းပြောင်းလဲသွားကြပေလိမ့်မည်။တစ်ဦးနှင့်တစ်ဦးပေါင်းသင်းကြပြီဆိုလျှင်လည်း များသောအားဖြင့် စရိုက်တူမှပေါင်းသင်း၍ရသလို စရိုက်မတူပါက အတင်းအဓမ္မပေါင်းသင်းခိုင်းလည်း အဆင်ပြေလိမ့်မည်မဟုတ်ပေ။
friend.jpg

Image Credit Source

ကျွန်တော်တို့မိတ်ဆွေများအနေနဲ့လည်း မိမိတို့လုပ်ကိုင်နေသော အလုပ်အကိုင် ၊ နေထိုင်သောပတ်ဝန်းကျင်များတွင် အခြားသူများနှင့်ပေါင်းသင်းကြသောအခါ သူတစ်ပါးကိုထိခိုက်နစ်နာစေသော အပြုအမူများမပြုမိအောင်နေထိုင်ကြံကျင့်ဖို့လိုအပ်ပေလိမ့်မည်။လူဆိုသောမျိုးနွယ်စုများသည် သူတို့မကြိုက်မနှစ်သက်သောအရာများကို ပြောဆိုလုပ်ကြံခံရလျှင် ဒေါသထွက်လေ့ရှိပြီး ၊ အမှားအမှန်မခွဲခြားနိုင်ခင်မှာ အငြင်းပွားဖွယ်ရာများဖြစ်ပေါ်လာပေတော့မည်။အငြင်းပွားဖွယ်ရာများဖြစ်ပေါ်လာပါကလည်း နားလည်ခွင့်လွှတ်တတ်သူများက အချိန်တိုအတွင်းသဘောပေါက်ကာ ပြီးဆုံးသွားပေမယ့်လည်း တစ်ချို့သောဘုကန့်လန့်သမားများဖြင့် ဖြစ်ပွားခဲ့လျှင်တော့ ပြသနာကတော်ရုံနဲ့ပြီးဆုံးသွားခြင်းမျိုးမရှိဘဲ အငြိုးအတေးကြီးကာ ပိုကြီးထွားလာကြပေတော့သည်။ထိုသို့ဆိုလျှင် ကျွန်တော်တို့အတွက် ဆက်လက်ပေါင်းသင်းဖို့ရန်မှာ အလွန်ကိုခက်ခဲသွားပေလိမ့်မည်။
parcerias.jpg
Image Credit Source

ကျွန်တော်တို့မိတ်ဆွေများအနေဖြင့် အများသူငါနှင့်ပေါင်းသင်းဆက်ဆံကြသောအခါ မိမိတို့၏ စိတ်နေစိတ်ထားများကိုအတတ်နိုင်ဆုံး ဖြူစင်စွာထားပြီး နားလည်သည်းခံပေးတတ်ဖို့ရန်လိုအပ်ပေလိမ့်မည်။အလုပ်အကိုင် ၊ ပတ်ဝန်းကျင်များမှ အခြားသူငါများနှင့် အငြင်းပွားဖွယ်ကိစ္စရပ်များပေါ်ပေါက်လာပါကလည်း စိတ်ရှည်ကာ ဒေါသများကိုထိန်းချုပ်ထားတတ်ဖို့ရန်လိုအပ်ပေလိမ့်မည်။အခြားသူများ မိမိအပေါ်နိုင်ထက်စီးနင်းပြုလုပ်လာပါကလည်း မှန်ကန်သောတုံ့ပြန်မှုများဖြင့်သာ ဖြေရှင်းသင့်ပေသည်။အကယ်၍များ မှန်ကန်သောနည်းလမ်းများကို စဉ်းစားတွေးခေါ်မည့်အစား ဒေါသရှေ့ထားကာ ဖြေရှင်းမိပါက မိမိသာလျှင်ပြသနာကို အစပျိုးသူဖြစ်သွားပေလိမ့်မည်။ထိုအချိန်အခါမျိုးကိုကြုံကြိုက်သည်နှင့် ကျွန်တော်တို့ကို ပူလောင်စေသောကများကလည်း ကျွန်တော်တို့ကိုအနိုင်ယူကာ နှိပ်စက်ခြင်းပြုလုပ်ကြပေလိမ့်မည်။ထို့ကြောင့်ကျွန်တော်တို့၏စိတ်ကို မလိုလားအပ်သောပြသနာများမဖြစ်ပွားရလေအောင် အများသူငါပြောဆိုဆက်ဆံသောအခါ ကျွန်တော်တို့၏စိတ်သည် တည်ငြိမ်အေးချမ်းနေဖို့အလွန်အရေးကြီးလှပေသည်။
iStock_000010208250XSmall.jpg
Image Credit Source

ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ပေါင်းသင်းနေထိုင်ကြသောအခါ တစ်ဦးနှင့်တစ်ဦးအံခွင်ကျဖြစ်ဖို့တော့ ဦးစားပေးဆောင်ရွက်နိုင်မှအဆင်ပြေပါလိမ့်မည်။အခြားသူများလိုအပ်သော အခြေအနေများကို မိမိကိုယ်တိုင်ကူညီနိုင်ပါက ကိုယ်ကျိုးကြည့်နေဘဲ စေတနာဖြူစင်စွာဖြင့်ကူညီပေးလိုက်ခြင်းဖြင့်လည်း တစ်ဦးစေတနာ တစ်ဦးနားလည်ကာ ခိုင်မာသောပေါင်းသင်းဆက်ဆံရေးများဖြစ်လာနိုင်ဟု ယုံကြည်မိပါသည်။ကျွန်တော်တို့တတ်နိုင်သောအရာများကို သူတစ်ပါးကို ပေးကမ်းစွန့်ကြဲကူညီလိုက်ခြင်းဖြင့် ကျွန်တော်တို့အတွက်ပိုပြီးထူးခြားစွာ အခက်အခဲဖြစ်လာနိုင်ခြင်းတော့မရှိပေ။ကျွန်တော်တို့လူသားတိုင်းသည် တစ်ယောက်တစ်မျိုးစီဖြင့် အခက်အခဲကိုယ်စီရှိနေကြသော်လည်း ကိုယ့်အတွက်အပန်းမကြီးသောကိစ္စရပ်များကို ဆောင်ရွက်ပေးလိုက်ကြသောအခါ ရရှိလာသော ၀မ်းသာပီတိများကို တကယ်ကိုစိတ်ကြည်နူးစရာဖြင့် ပြည့်နှက်နေတတ်ပြန်သည်။ထို့ကြောင့်ကျွန်တော်တို့ပေါင်းသင်းဆက်ဆံရေးတွင် ကိုယ်တိုင်ရယူပိုင်ဆိုင်ခြင်းထက် သူတစ်ပါးကိုကူညီပေးကမ်းခြင်းကို ပိုမိုလုပ်ဆောင်ဖို့ရန် ဦးစားပေးဆောင်ရွက်ပေးသင့်ပေသည်။
ကျွန်တော်တို့ပတ်ဝန်းကျင်များတွင်တွေ့ရှိရသော တစ်ချို့သောသူများသည် ကျွန်တော်တို့မကောင်းကြောင်းများကို နောက်ကွယ်တွင် ပြော၍သော်လည်း ၊ နစ်နာစေလိုသောရည်ရွယ်ချက်မရှိဘဲ ပြုလုပ်ကြသောအပြုအမူများသည် တစ်ခါတစ်ရံမှာ ခွင့်လွှတ်သည်းခံစိတ်များပျောက်ဆုံးသွားအောင်ပင် ဒေါသစိတ်များဖြစ်ပေါ်တတ်ကြပြန်သည်။ထိုသို့ဖြစ်ပေါ်လာခဲ့လျှင်တော့ ကျွန်တော်တို့သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့လိုအပ်ပေလိမ့်မည်။သူတို့ပြောဆိုကြသောစကားများသည် မိမိအတွက်ဘယ်လောက်အတိုင်းအတာထိ နစ်နာထိခိုက်သွားနိုင်သနည်း။သူတို့ပြောလိုက်လို့ နစ်နာမှုတစ်စုံတစ်ရာမရှိသော အခြေအနေမျိုးများတွင် ကျွန်တော်တို့ပြန်လည်တုံ့ပြန်မှုမျိုးမလုပ်လျှင်တော့ အကောင်းဆုံးတစ်ခုဖြစ်ပေလိမ့်မည်။ကျွန်တော်တို့ဘာမဟုတ်တဲ့ ပြသနာများကိုထိပ်တိုက်ရင်ဆိုင်ပြုလုပ်လိုက်သောအခါ ကျွန်တော်တို့အတွက်ပို၍ပင်နစ်နာစရာများ ကြုံကြိုက်လာနိုင်ပါတော့သည်။ထို့ကြောင့် ကျွန်တော်တို့၏စိတ်များကို အတတ်နိုင်ဆုံးဆွဲဆန့်ထားဖို့ရန်မှတစ်ပါး အခြားမရှိပေ။သူတို့ပြောနေသော အကြောင်းအရာများသည် မဟုတ်မမှန်သောအကြောင်းအရာများဖြစ်နေခဲ့လျှင်တော့ အချိန်တန်လျှင် သူ့အလိုလိုပျောက်ကွယ်သွားကြပေလိမ့်မည်။ပျောက်ကွယ်သွားသောအချိန်မျိုးတွင်တော့ ကျွန်တော်တို့သည်းခံခွင့်လွှတ်လိုက်သောအကျိုးတရားကြောင့် ပေါင်းသင်းဆက်ဆံရေးကိုလည်း ထိခိုက်နစ်နာခြင်းမရှိနိုင်တော့ပေ။ထို့ကြောင့်မိမိအတွက်ထူးခြားစွာပြောင်းလဲနိုင်ခြင်းမရှိသည်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုလုပ်ပါဘဲ နားလည်ခွင့်လွှတ်ပေးခြင်းဖြင့် ခုခံကာကွယ်နိုင်ပေမည်။

group.png

Image Credit Source

ကျွန်တော်တို့၏ အလုပ်အကိုင် ၊ ပတ်ဝန်းကျင်များမှ အခြားသောသူများနှင့်ပေါင်းသင်းကြသောအခါ တစ်ဦးအကြိုက်တစ်ဦးလိုက်၍ အတတ်နိုင်ဆုံးကူညီဆောင်ရွက်တတ်သော လူတော်လူကောင်းများဖြစ်နိုင်ကြပါဖို့ရန် Steemit မှ မိတ်ဆွေများလည်း ကျင့်ကြံနေထိုင်ကြပါပေလိမ့်မည်ဟု ယုံကြည်မိပါသည်။ကျွန်တော်တို့ညီအစ်ကိုမောင်နှမများအတွက် ဘာမဟုတ်သော ကိစ္စရပ်များကိုလည်း မှန်ကန်သောနည်းလမ်းများဖြင့် ဖြေရှင်းအောင်မြင်နိုင်ကြပါစေဟု ဆုတောင်းရင်း ကျွန်တော်၏ ထင်မြင်ယူဆချက်များကို နိဂုံးချုပ်ပါရစေ။

စာဖတ်သူမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Writter theinzawlin@theinzawlin
MSC - 128

Leave ကျွန်တော်၏ထင်မြင်ချက်များ to:

Written by

စေတနာကောင်းမှ ကံကောင်းမည်

Read more #myanmar posts


Best Posts From သိန်းဇော်လင်း

We have not curated any of theinzawlin's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From သိန်းဇော်လင်း