James Hlaing avatar

ဟဲဗန်းရှိုင်းယား

jameshlaing

Published: 06 Aug 2018 › Updated: 06 Aug 2018ဟဲဗန်းရှိုင်းယား

ဟဲဗန်းရှိုင်းယား

အခန်း (၁)
ဟဲဗန်းရှိုင်းယား

Haevan Shire.jpg

နေရောင်ကြောင့်ရောင်ပြန်ဟပ်နေတဲ့ ဒီလမ်းမကြီးဟာ မျက်စေ့တစ်ဆုံးလောက်ကို ဖြောင့်ဖြူးနေပါတယ်။ ဘေးဘီဝဲယာမှာတော့ စိမ်းစိုစိုနဲ့ ထင်ရှူးပင်မြင့်ကြီးတွေက စီစီရီရီပေါက်နေတာကြောင့် နေသာပေမယ့် သိပ်မပူဘူး။ လမ်းတစ်လျှောက် ကားတံခါးဖွင့်ပြီးမောင်းသွားရင်တော့ အေးမြတဲ့လေတွေနဲ့အတူ မွှေးပျံ့တဲ့ထင်းရှူးရနံ့ကို ခံစားရမှာသေချာပါတယ်။ ဒါပေမယ့် ဒီမှာဖြတ်သွားတဲ့ကားမရှိဘူး။ တစ်နာရီကို တစ်စင်းနှစ်စင်းလောက်ပဲဖြတ်သွားတဲ့ကားတွေကိုကြည့်ရတာလည်း ထင်းရှူးရနံ့ကို ခံစားလိုပုံမရဘူး။ ကားတံခါးတွေကိုလော့ချပြီး ဝေးဝေးကမြို့ကိုရောက်ဖို့ပဲစိတ်စောနေကြတယ်လို့ထင်ရတယ်။ ဒါကြောင့်မို့ဖြစ်မယ် ဒီအမြန်လမ်းမကြီးရဲ့ဘေးမလှမ်းမကမ်းမှာ ရွာတစ်ရွာရှိနေတာကို မသိကြဘူး။ ဒါပေမယ့်လည်း ကားတံခါးကိုလော့မချပဲ မောင်းခဲ့မယ်ဆိုရင်တောင်မှ ဒီရွာကိုသတိထားမိမယ်မထင်သေးဘူး။ ထင်းရှူးပင်တွေက အစီအရီဆိုတော့ မမြင်ရအောင် ကာထားတာလည်း ဖြစ်နိုင်တာပဲ။ ဟင့်အင်း အမှန်မှာတော့ ဒီရွာကမြေပုံမှာကိုမပါတာ။ ဘယ်အရောင်းဆိုင်ကနေမဆို မြေပုံကိုဝယ်ခဲ့ပါစေဦး ဒီမှာရွာရှိပါတယ်ဆိုတဲ့အမှတ်အသားတစ်ခုမှကိုမပါတာဆိုတော့ မသိတဲ့လူတွေကိုအပြစ်ဘယ်ပြောလို့ရမလဲ။

ဒီရွာမှာနေတဲ့သူတွေက သူတို့ရွာကို ဟဲဗန်းရှိုင်းယားလို့ခေါ်ကြတယ်။ ဟဲဗန်းဆိုတဲ့ကောင်းကင်ဘုံလိုသာယာတယ်လို့တော့ သူတို့ဟာသူတို့ချီးမွမ်းခန်းဖွင့်ကြတာပဲ။ ပြီးတော့သူတို့ပြောတာရှိသေးတယ်။ အမြန်လမ်းပေါ်ကနေဖြတ်သွားခဲ့လိုရှိရင် သေချာမျက်စေ့ရှင်ရှင်ထားပြီးကြည့်လိုက်… ဒါဆိုဟဲဗန်းရှိုင်းယားကိုမြင်ရမှာတဲ့။ နောက်သူတို့ထပ်ပြောကြတာက “အိုဟုတ်တာပေါ့ မင်းမှာမှော်သွေးမပါရင်တော့ ဘယ်မြင်ရမှာလဲ” တဲ့။ သူတို့ဘယ်လိုပြောပြော ရွာကိုအနီးအနားမြို့ကလာလည်တဲ့သူတွေကတော့ အမြဲလမ်းပျောက်တာပါပဲ။ ကိုယ်တိုင်မှော်သွေးပါနေတယ်ဆိုဦးတော့ ဒီရွာရဲ့လမ်းညွှန်ဆိုင်းဘုတ်က ထင်ရှူးပင်ယောင်ဆောင်တတ်တာကိုမသိရင် လမ်းစဘယ်ရှာလို့ရမှာလဲ။ လမ်းပျောက်တဲ့သူအပြစ်မှမဟုတ်တာ။

ဘယ်လိုပဲနေနေ လမ်းပျောက်တယ်လို့ပြောမိရင်တော့ ရွာသားတွေကစိတ်မရှည်သလိုနဲ့ ပြောပါလိမ့်မယ်။ “လမ်းရှာရတာဘာများခက်လို့တုန်းဗျာ။ မြို့ထဲကနေထွက်လာလို့ ထင်ရှုးပင်တန်းကိုစမြင်ရပြီဆိုတာနဲ့ လမ်းဘေးကအပင်တွေကို ရေလာလိုက်။ အဲ့မှာ ၁၂၄ ပင်မြောက်အပင်က ရွာကိုလမ်းညွှန်ပေးမယ့် သစ်ပင်ပဲဗျ။ အဲ့သစ်ပင်ကိုတွေ့တာနဲ့ ခင်ဗျားမှာပါလာတဲ့ မှော်နှင်တံနဲ့ခေါက်လိုက်ရင် လမ်းညွှန်ဆိုင်းဘုတ်အဖြစ် ပြောင်းသွားမှာပဲလေ။” အင်းလေ လွယ်လွယ်လေးပဲကို။ ဟုတ်တယ်မလား။

ဒီလောက်ဇယားပျောက်တဲ့ရွာကိုဘာလို့များလာလည်ချင်ရတဲ့လို့သိချင်ရင် ဒီရွာအကြောင်းကိုသိထားမှဖြစ်မယ်။ ဒီရွာက နာမည်ကြီးပဲ။ မှော်ဆေးရည်ဈေးကွက်မှာပိုပြီးနာမည်ကြီးတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ပျောက်ဆေးရည်ဖော်စပ်ရတဲ့ အဓိကအမယ် အော့ပ်တိုးနစ်အပင်တွေက ဒီရွာရဲ့မြေတစ်နေရာတည်းမှာပဲပေါက်တာလေ။ ဟဲဗန်းရှိုင်းယားရွာဖြစ်တည်လာတဲ့အကြောင်းကလည်း ဒီအပင်တွေကြောင့်ပဲ။ ရှေ့မှီနောက်မှီဘိုးဘွားတွေပြောပုံအရ ရှေးကဘိုးဘေးတွေဟာ ဒီမြေမှာပဲပေါက်တဲ့ အော့ပ်တိုးနစ်တွေကို ယာတည်ပြီးစိုက်ကြတာကနေ ရွာဖြစ်လာတာတဲ့။ ရွာကိုမြေပုံမှာမမြင်ရတာလည်း ဒီအပင်တွေကြောင့်လို့ဆိုကြတယ်။ ဒီအပင်တွေရဲ့စွမ်းအားက ပိုင်ရှင်မှမဟုတ်ရင် မမြင်ရဘူး။ ဒါပေမယ့်လို့ ထင်းရှူးပင်ဆိုင်းဘုတ်ကိုမြင်ခဲ့ရင်တော့ ဒီရွာကိုမြင်ရမယ်လို့ ရွာသားတွေကပြောကြပါတယ်။

ဟဲဗန်းရှိုင်းယားက နာမည်နဲ့လိုက်အောင်ပဲ အတော်ကိုသာယာပါတယ်။ အစိမ်းမှာအ၀ါနှောတဲ့ အော့ပ်တိုးနစ်ပင်တွေက ရွာပတ်ပတ်လည်မှာ ယာဧကပေါင်း ၁၀၀ မကတာမို့ မျက်စေ့ပဒဿလည်းအတော်ဖြစ်တယ်။ ရွာအနီးက ထင်ရှူးတောအုပ်မှာ စမ်းချောင်းတွေပေါတဲ့အပြင် အရှေ့ဖက်ရေခဲတောင်တန်းတွေဆီကနေလာတဲ့ အအေးဓာတ်ကြောင့်ရွာလေးက အတော့်ကိုအေးဆေးလှပါတယ်။ ဒါကြောင့်မို့လည်း ကုန်သည်တွေတင်မကဘူး အပန်းဖြေတဲ့သူတွေပါ မကြာမကြာလာတတ်ကြတာပေါ့။ ဆိုပေမယ့်လို့ အမြဲတမ်းရှုပ်ရှက်ခတ်နေတဲ့ရွာမျိုးတော့လည်း မဟုတ်ပါဘူး။ ကုန်သည်တွေက အော့ပ်တိုးနစ်တွေရင့်မှည့်တဲ့အချိန်မှလာကြတာမလား။ အပန်းဖြေတဲ့သူတွေဆိုတာလည်း မြို့မှာအတော်ပူမှလာကြတာဆိုတော့ အမြဲလိုလိုအေးချမ်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းလောက်စပြီးတော့ အဲ့ဒီအေးချမ်းတဲ့ဂုဏ်ပုဒ် စပျက်မယ့်ကိစ္စပေါ်လာတယ်။ စဖြစ်တဲ့အိမ်ထောင်က ဟဲဗန်းရှိုင်းယားရဲ့အရှေ့စွန်က အမ်းစ်ထရောင်းမိသားစု။

အမ်းစ်ထရောင်းမိသားစုကရွာမှာ အတော်စိတ်သဘောကောင်းတဲ့မိသားစုဆိုပြီး ရွာသူရွာသားတွေအားလုံးကသိကြတယ်။ အော့ပ်တိုးနစ်စိုက်တဲ့ယာတွေ ၁၀ ဧကလောက်ရှိတဲ့အပြင် အိမ်နဲ့ ပေ ၃၀ လောက်အကွာမှာ သိုးတွေကိုခြံနဲ့မွေးထားသေးတယ်။ သူတို့အိမ်ထောင်က ဒီလိုစိုက်ပျိုးမွေးမြူတဲ့အလုပ်ကိုလုပ်လာတာ မစ္စတာနဲ့မစ္စစ်အမ်းစ်ထရောင်းတို့အိမ်ထောင်ကျကတည်းပဲ။ အခုဆို သူတို့ရဲ့တစ်ဦးတည်းသောသားလေး ဟိုးရပ်စ်တောင်မှ အသက် ၂၀ ပြည့်တော့မယ်။ အရင်ကတော့ကြက်ဆင်မွေးတာ။ ခဏခဏ အစဖော်မရအောင် ကြက်ဆင်တွေပျောက်ပျောက်သွားလို့ ဆက်မမွေးကြတော့ပဲ သိုးပြောင်းပြီးမွေးလိုက်ကြတာ။ ကြက်ဆင်ပျောက်တဲ့ကိစ္စက သူတို့တစ်အိမ်တည်းမဟုတ်ဘူး ရွာအနောက်ဖျားက အိုလီဗီယားအိမ်ထောင်မှာလည်းခဏခဏဖြစ်တယ်။ ရွာမှာက သူများပစ္စည်းခိုးရလောက်အောင် နိမ့်ကျတဲ့သူတွေမရှိတာကိုသိနေလို့သာ ပိုခက်နေတာ။ ဒါနဲ့ပဲ သိုးပြောင်းမွေးတော့ မပျောက်တော့ဘူး။ သိုးပြောင်းမွေးလာတာ ခုဆို ၄ နှစ်လောက်ရှိနေပြီ။ ဒါပေမယ့်လို့ အိုလီဗီယားအိမ်ထောင်က ကြက်ဆင်တွေလည်းမပျောက်တော့ဘူးလို့ သူတို့ကြားထားတယ်။ ၄ နှစ်လောက်ရှိပြီဆိုတော့ ပျောက်တဲ့ကိစ္စတွေတောင် မေ့တေ့တေ့ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ ၃ ရက်လောက်က ညနေမှောင်လုဆဲဆဲအချိန်လောက်မှာ ခါတိုင်းလိုပဲ ဟိုးရပ်စ်အမ်းစထရောင်းတစ်ယောက် သိုးတွေကိုခြံထဲထည့်ပြီးအိမ်ကိုပြန်လျှောက်လာခဲ့တယ်။ ညစာစားဖို့အတွက် အမေဖြစ်သူ ရူဘီ နဲ့ အဖေနီးလ်မန်းတို့ စောင့်နေလောက်ပြီဆိုတာ သူသိတယ်လေ။ ကိုယ်လက်သန့်စင်ဖို့အတွက် အိမ်ရှေ့ကရေတွင်းမှာ ရေငင်နေတုန်းပဲ အိမ်ရှေ့တည့်တည့် အော့ပ်တိုးနစ်ယားခင်းထဲမှာ မည်းမည်းကြီးတစ်ခုကိုသူတွေ့လိုက်ရတယ်။ နေအလင်းရောင်နည်းသွားတဲ့အချိန်ဖြစ်တာကြောင့် ရေငင်နေရင်းက ဆက်မငင်သေးပဲ မျက်မှောင်ကြုတ် အားစိုက်ပြီးကြည့်လိုက်တော့ ပြားပြားချပ်ချပ်နဲ့ ခပ်မည်းမည်းအရာကြီးဆိုတာကို သတိထားမိလိုက်တယ်။ ကော်ဇော်စုတ်တစ်ချပ်ပဲနေမယ်ဆိုပြီး ရေဆက်ငင်ဖို့လုပ်တယ်။
“ဟိုဖက်အိမ်က တွန့်ခ်တွေ စုတ်ပဲ့ပြန်ပြီထင်တယ်။ သူတို့ကို ကိုယ့်အမှိုက်တွေကိုယ်သိမ်းဖို့ ခဏခဏပြောရပေါင်းလည်းများလှပြီ။ ကိုယ့်အိမ်ကရွာအစွန်ဆိုတော့ အမှိုက်တွေကို ဒီနားအရမ်းမဲ့လာလာပစ်ကြတာပဲ။ တော်ပြီကွာ နောက်နေ့မှပဲရှင်းလိုက်တော့မယ်။”
ဟိုးရပ်စ်တစ်ယောက်တွေးရင်းနဲ့ လက်ဆေးခြေဆေး၊ မျက်နှာသစ်ပြီး အိမ်ထဲကိုဝင်သွားတယ်။ မီးဖိုးခန်းထဲကနေပျံ့လာတဲ့ ကြက်ဆင်သားပေါင်းအနံ့က ဆာနေတဲ့သူ့ဗိုက်ကိုအောင့်သွားစေသလိုပဲ။ ကြက်ဆင်သားပေါင်းနဲ့ပေါင်မုန့်က သူ့အတွက်အကြိုက်ဆုံးညနေစာဖြစ်ကြောင်း အမေဖြစ်သူရူဘီက ကောင်းကောင်းသိတယ်လေ။ မိသားစုသုံးယောက် ညနေစာစားကြရင်းနဲ့ မနက်ဖြန်မှာ မြို့ကရူဘီရဲ့အစ်မ သူ့ရဲ့အန်တီလာမယ့်အကြောင်း အဖေဖြစ်သူနီးလ်မန်းကပြောတယ်။ ကလေးနဲ့လာမှာဖြစ်တာမို့ ဟိုးရပ်စ်ကိုသွားကြိုခိုင်းတယ်။

ဟိုးရပ်စ်ရဲ့အမေက သူ့ထဲကို ကြက်ဆင်ပေါင်နောက်တစ်ချောင်းထပ်ထည့်ပေးရင်း…
“သားလည်းသိတဲ့အတိုင်းပဲ မင်းအန်တီက အမြဲတမ်းလမ်းပျောက်တယ်။ ဒီရွာကိုသူ့မှာဘယ်နှခါလာလာ အဲ့ထင်းရှူးပင်ကို မမှတ်မိနိုင်ရှာဘူး။”

“ဟုတ်ပါ့။ ဒါနဲ့ အမေ… သူတို့ကဘာလို့ ဖလိုးကွန်ယက်နဲ့မလာတာတဲ့တုန်းဗျ။” ဟိုးရပ်စ်က ပေါင်မုန့်ပေါ်ကို ကြက်ဆင်ဟင်းအနှစ်ကိုလောင်းရင်းပြန်မေးတယ်။

“ဆက်ဖိုင်းရားက နေသိပ်မကောင်းချင်လို့ လေသန့်လေးရှူချင်လို့ကားနဲ့လာမှာတဲ့။” နီးလ်မန်းက၀င်ရှင်းပြတယ်။

“သူတို့ရဲ့ဟိုကားစုတ်ကြီးလား။ ဟိုတစ်ခါ ကားစက်ထိုးရပ်သွားလို့ ရွာထိပ်လမ်းညွှန်ထင်ရှူးပင်ကိုဝင်တိုက်တဲ့ဟာလေ။” ဟိုးရပ်စ်ကပြောရင်းနဲ့ သူ့ဟာသူပြန်တွေးမိပြီး ပြုံးစေ့စေ့ဖြစ်သွားတယ်။ အိမ်အတွင်းမှာ ဇွန်းခက်ရင်းသံနဲ့ စကားပြောသံတွေ ဆူညံနေပေမယ့်လို့ အိမ်အပြင်မှာတော့ အတော်တိတ်ဆိတ်နေပြီ။ စကားပြောရင်းစားသောက်နေကြတဲ့အသံကို ပေ ၃၀ အကွာက သိုးတွေအော်ဟစ်တဲ့အသံတွေက ဖောက်နိုင်ပုံမရဘူး။ ဒီလောက်ဆူညံနေတာတောင်မှ ဟိုးရပ်စ်တို့မကြားကြဘူးလေ။

နောက်မနက် အန်တီဆက်ဖိုင်းရားကိုသွားကြိုဖို့အတွက် စောစောထလာတဲ့ဟိုးရပ်စ်က သိုးတွေကိုဒီနေ့ကျောင်းနိုင်မှာမဟုတ်လို့ အစာအရင်ကျွေးထားမယ်ဆိုပြီးသိုးခြံကိုထွက်လာခဲ့တယ်။ အဲ့မှာစတာပဲ။ မနေ့ညနေက သူသေချာသွင်းခဲ့တဲ့သိုးတွေ ၇ ကောင်တိတိပျောက်နေပြီ။ သိုးခြံကိုရံထားတဲ့ ခြံစည်းရိုးလည်း ဖရိုဖရဲဖြစ်နေတာကို သူတွေ့လိုက်ရတယ်။ ဒါ့အပြင် လေထဲမှာလွှင့်လာတဲ့ ညှီစို့စို့အနံကို သွေးနံ့ဆိုပြီး သံသယရှိနေတယ်။ သိုးစာကျွေးမယ့်ဟာကိုမကျွေးနိုင်တော့ပဲ အိမ်ဖက်ကိုအမြန်ပြန်ပြေးလာပြီး ယာထဲသွားတော့မယ့်ဖခင်ဖြစ်သူကို သွားခေါ်တယ်။ အရင်ကကြက်ဆင်တွေပျောက်တာ သူလည်းသိခဲ့ပေမယ့်လို့ အဲ့တုန်းက ခြေရာလက်ရာမတွေ့ရဘူး။ အခုတော့ သိုးခြံစည်းရိုးပျက်နေတာ။ သိုးတွေခြံခုန်ပြေးတာမဟုတ်ဘူး။ ဒါသူခိုးကပ်တာပဲဖြစ်ရမယ်လို့ သူတွေးမိတယ်။ နီးလ်မန်းလည်း ဟိုးရပ်စ်ခေါ်တဲ့နောက်ချက်ချင်းလိုက်လာပြီး သိုးခြံကိုကြည့်တဲ့အခါ သူခိုးဆိုတာသေချာတယ်လို့ကောက်ချက်ချတယ်။ ဒါကြောင့် ဟိုးရပ်စ်ကို ဆက်ဖိုင်းရားကိုသာ အရင်သွားကြိုနှင့်ပြီး သူကတော့ ရွာလယ်ကိုသွားမည့်အကြောင်းပြောရင်း ထွက်သွားတော့တယ်။

ရူဘီက ဟိုးရပ်စ်အတွက်မနက်စာပြင်ပေးရင်းနဲ့ သိုးပျောက်တာက သူခိုးခိုးတာသေချာရဲ့လားဆိုပြီး ဟိုးရပ်စ်ကိုမေးသေးတယ်။ အရင်က သူတို့ရွာမှာ ခိုးတယ်ဆိုတာ ကြားမှမကြားဖူးပဲ။
“သေချာတယ်အမေ။ သားမနေ့ညက ခြံတံခါးကိုသေချာကိုခတ်လာခဲ့တာ။ သူတို့ခုန်ထွက်သွားစရာအကြောင်းမရှိဘူး။ နောက်ပြီး သွေးညှီနံ့ရတယ်အမေ။ သိုးတွေကိုသတ်ပြီးမှသယ်သွားကြပုံပဲ။”
“မင်းအဖေရွာလူကြီးဆီသွားတိုင်နေတယ်မလား။”
“ဟုတ် အမေ။ ကျွန်တော်လည်း အန်တီဆက်ဖိုင်းယားကိုသွားကြိုတော့မယ်။ သူတို့ထွက်လာမှာနဲ့ဆို ရောက်ဖို့သိပ်မလိုလောက်တော့ဘူး။ ပြီးတော့ ဟိုဖက်အိမ်က တွန့်ခ်တို့ကိုပြောပါဦး။ မနေ့ကလည်း ကော်ဇော်စုတ်လာပစ်ထားတယ်။ သားသွားရင်းနဲ့ ကောက်သွားလိုက်မယ်။”
“အေးအေး။ မှော်နှင်တံမေ့ကျန်နေဦးမယ်။ ယူသွားဦး။”
“ဟုတ်… ပါတယ်။ သွားတော့မယ်။”

ဟိုးရပ်စ် လက်သုတ်ပြီးနောက် စားပွဲကနေထလာခဲ့တယ်။ မှော်နှင်တံကို ဘောင်းဘီနောက်အိတ်ထဲသေချာထည့်လာခဲ့ပြီး မနေ့ညနေက သူမြင်ခဲ့တဲ့ကော်ဇော်စုတ်ကိုကောက်ဖို့အတွက် ခြံရှေ့ကထွက်ခဲ့သေးတယ်။ ဒါပေမယ့်… “ဟင် ဘယ်ရောက်သွားတာလဲ။ ငါမနေ့က မြင်ခဲ့ရတာ ဒီယာခင်းထဲမှာပါဟ။” ဟိုးရပ်စ်မှာ သူ့ကိုယ်သူဇဝေဇ၀ါဖြစ်သွားတယ်။ မရှိတော့ရင်လည်း ငါ့အမှိုက်ပစ်ရသက်သာတာပေါ့ဆိုပြီး ဆက်ဖိုင်းယားကိုကြိုဖို့အတွက် ထွက်လာခဲ့လိုက်တော့တယ်။

JK Rowling ၏ မှော်ကမ္ဘာကို မှီငြမ်းပါသည်။
Photo credit to Redbubble travel blog.

Leave ဟဲဗန်းရှိုင်းယား to:

Written by

I'm a translator.

Read more #myanmar posts


Best Posts From James Hlaing

We have not curated any of jameshlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From James Hlaing