ဟဲဗန်းရှိုင်းယား
အခန်း (၂)
မှော်ဝင်သတ္တ၀ါဆန်းများပျော်စံရာ
ရွာထိပ်က လမ်းညွှန်ဆိုင်းဘုတ်ဖြစ်တဲ့ထင်ရှူးပင်ဆီကိုရောက်တဲ့အခါ ရူဘီပြောတဲ့အတိုင်းပဲ အန်တီဆက်ဖိုင်းယားတို့ ကားတစ်စီးနဲ့ယောင်ချာချာဖြစ်နေကြတယ်။ ကားကိုမလှမ်းမကမ်းမှာရပ်ထားပြီး အပင်တွေကို မှော်နှင်တံနဲ့လိုက်ခေါက်နေကြတာလေ။ သမီးဖြစ်သူ ရို့စ်နဲ့လည်း အခြေအတင်စကားများနေကြသေးတယ်။
“အမေကလည်း ဘယ်တော့မှကိုမမှတ်မိဘူး။ ထင်းရှူးပင်တန်းကိုရောက်ရင်နှိုးပါလို့ဆိုတာကို အခုတော့ ဒီအပင်လား ဟိုအပင်လား မသဲမကွဲနဲ့။” ရို့စ်က နှုတ်ခမ်းကိုစူထားပြီး သူ့အမေကိုပြောနေတယ်။
“ဟဲ့ကောင်မလေးရဲ့ ငါကနင့်ကို အိပ်ရေးပျက်နေရှာမှာဆိုပြီးမနှိုးတာဟဲ့။ စေတနာကို မစော်ကားနဲ့။”
သူတို့နှစ်ယောက်စလုံး ဟိုးရပ်စ်ကိုမြင်ပုံမရဘူး။ ဟိုးရပ်စ်မှာ သူတို့ကိုကြည့်ရင်းပြုံးစေ့စေ့နဲ့အော်ခေါ်လိုက်တယ်။
“ဟေး ရို့စ်၊ အန်တီဆက်ဖိုင်းယား”
“အိုး ဘုရားသခင်မစလို့။” ရို့စ်ကပြောပြီး ဟိုးရပ်စ်ဆီကိုပြေးလာတယ်။ ရို့စ်က အခုမှ ၁၃ နှစ်ပဲရှိသေးတာ။ ပြောရရင် ဒါသူ့အတွက် နွေကျောင်းပိတ်ရက်လာလည်တာလို့လည်းပြောနိုင်တယ်။ ဟိုးရပ်စ်က ရို့စ်ကိုဖက်လိုက်ပြီး…
“နေကောင်းလားရို့စ်” ဆိုပြီးမေးတယ်။
“ကောင်းတယ်။”
အန်တီဆက်ဖိုင်းယားကလည်း သူ့ကိုမြင်တော့မှစိတ်သက်သာရာရသွားသလိုနဲ့…
“ငါ့မှာ မင်းတို့ဆီလာတိုင်း လမ်းပျောက်တယ်။ တော်သေးတယ် ရူဘီကလွှတ်လိုက်တာမလား။”
“ဟုတ်တယ် အန်တီလမ်းပျောက်နေမယ်ဆိုပြီးလာခေါ်ခိုင်းထားတာလေ။”
အန်တီဆက်ဖိုင်းယာက သူ့ကိုဖက်ပြီးနှုတ်ဆက်လိုက်တယ်။
ထို့နောက် ဟိုးရပ်စ်က လမ်းညွှန်ထင်းရှူးပင်ကိုလိုက်ပြပြီး မှော်နှင်တံနဲ့ခေါက်စေလိုက်တယ်။ ဒီအခါမှသာ ရွာထဲကိုဝင်လို့ရတဲ့လမ်းကို သူတို့မြင်လာရပြီး ကားပေါ်ပြန်တက်ကာ အိမ်ဆီသို့ထွက်လာခဲ့ကြတယ်။ လမ်းကနည်းနည်းဆိုးတာကြောင့် ကားကိုဖြည်းဖြည်းပဲမောင်းတယ်။ ရို့စ်ကသူကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖောက်သည်ချရင်း ရယ်လိုက်မောလိုက်နဲ့ပဲ။ အိမ်ရောက်တဲ့အခါ ရူဘီရော နီးလ်မန်းရောရှိမနေဘူး။ အဲ့အချိန်ကျမှပဲ ဟိုးရပ်စ်က မနက်ကကိစ္စကိုပြန်သတိရတော့တယ်။
အထုပ်အပိုးတွေကို သူတို့သားအမိနှစ်ယောက်နေရမယ့် အပေါ်ထပ်ကအခန်းထဲကို သယ်ပေးပြီးတဲ့နောက် သူတို့တွေ ဧည့်ခန်းထဲကိုပြန်ဆင်းလာကြတယ်။ ဧည့်ခန်းမှာထိုင်ကြရင်း…
“မင်းအမေဘယ်သွားတာလဲ… ရော့ဒီမှာ မင်းအတွက် လက်ဆောင်ငါဝယ်လာတာ။” ဆက်ဖိုင်းယားက အညိုရောင်စာအိတ်နဲ့ပစ္စည်းတစ်ခုကို လှမ်းပေးတယ်။
ဟိုးရပ်စ်က လှမ်းယူရင်း …
“မနက်က သိုးတွေပျောက်သွားလို့လေ။ အဖေကရွာလူကြီးဆီသွားတိုင်တာ။ အမေပါလိုက်သွားတယ်ထင်တယ်။”
“မင်းတို့ဆီမှာ ခိုးတာဖွက်တာတွေမကြားဖူးဘူးလားလို့ပဲ။”
“ဟုတ်တယ်…”
“ကိုကြီး သမီးကို အမ်းချောင်းဆီလိုက်ပို့ပေးရမယ်နော်။ သမီး ဖယ်ရီတွေကြည့်ချင်သေးတယ်” ဆိုပြီး ရို့စ်ကကြားဖြတ်ပြောတယ်။
“ဟုတ်ပါပြီဗျာ။”
ဟိုးရပ်စ်က ဆက်ဖိုင်းယားပေးတဲ့လက်ဆောင်ကို ဖွင့်ကြည့်မယ်လုပ်တော့…
“မှော်ဝင်သတ္တ၀ါဆန်းများပျော်စံရာစာအုပ်လေ။ ဒီနှစ်မှအသစ်ထပ်ထွက်တာ မကြာသေးဘူး။ မင်းကစာအုပ်ကြိုက်တဲ့သူဆိုတော့ ၀ယ်လာပေးတာ။”
“ကျေးဇူးပါ အန်တီ”
သူတို့အိမ်ရောက်ပြီး ၁၀ မိနစ်လောက်ကြာတော့ ရူဘီနဲ့နီးလ်မန်းတို့ ပြန်လာကြတယ်။ ရူဘီနဲ့ ဆက်ဖိုင်းယားတို့ ဖက်ပြီးနှုတ်ဆက်လိုက်ကြတယ်။
“ဘယ်လိုဖြစ်တာလဲ ရူဘီ သိုးတွေပျောက်လို့ဆို။ ဘယ်နှကောင်လောက်ပါသွားတာလဲ” နှုတ်ဆက်ရင်းကနေ ရူဘီ့ကိုမေးတယ်။
“ဟုတ်တယ် မနေ့ညကအခိုးခံလိုက်ရတာပဲ။ ၇ ကောင်ပါသွားတယ်။ ကဲ အဲ့တာထားပါ ရွာလူကြီးကိုတိုင်ထားပြီးပြီ။ အခု ကားအကြာကြီးစီးလာတာဆိုတော့ ညောင်းနေမှာပဲ။ ရေအရင်ချိုးလိုက်ပါ့လား။ မနက်စာစားရအောင်လို့။”
“အိမ်ကချိုးလာခဲ့ပြီ။ မနက်စာပဲစားရအောင်။ ရို့စ်ကလမ်းမှာတုန်းကဆာတယ်ပဲပြောနေတာ။”
ညီအစ်မနှစ်ယောက်ပြောပြောဆိုဆိုနဲ့ ရို့စ်ကိုခေါ်ပြီး မီးဖိုခန်းထဲဝင်သွားကြတယ်။ နီးလ်မန်းက ဟိုးရပ်စ်ဘေးကထိုင်ခုံမှာ ထိုင်လိုက်တော့ ဟိုးရပ်စ်က…
“အဖေ ဘာထူးသေးလဲ။”
“အေး… ရွာလူကြီးကိုတော့ အဖေတိုင်ခဲ့လိုက်ပြီ။ မင်းမှန်းကြည့်စမ်း ဟိုမှာဘယ်သူတွေနဲ့တွေ့တယ်ထင်လဲ။”
“အိုလီဗီယားတို့လား” ဟိုးရပ်စ်က မျက်မှောင်ကြုတ်ရင်း ဖြေတယ်။
“ဟုတ်တယ်။ သူတို့လည်း မနေ့ညက ကြက်ဆင်တွေပျောက်တယ်ဆိုပြီးလာတိုင်တာပဲ။ ရွာလူကြီးက ဒီကိစ္စကို သူစုံစမ်းပါ့မယ်လို့ပြောတာပဲ။ အိုလီဗီယားတို့က အရင်ခံရကတည်းက ခြံနဲ့သေချာဆောက်ပြီးမွေးတာ။ မနေ့ကတော့ ခြေရာလက်ရာပျက်နေတယ်လို့ပြောတယ်။ သူတို့လည်း အခိုးခံရတာလို့ ကောက်ချက်ချလို့ လာတိုင်ကြတာ။”
“ဒါဆို အဖေ… ရွာခံလူတွေကတော့မဖြစ်နိုင်ဘူးမလား။ ဒီရွာကမဟုတ်တဲ့ သူစိမ်းတွေများ ရောက်နေတာရှိသလား။”
“အင်း ခရီးသွားရာသီမဟုတ်သေးတော့ ဒီရက်ပိုင်းလာလည်တဲ့သူတွေမရှိသေးဘူး။ ဟိုတလောကတော့ တွန့်ခ်တို့ဆီကို သူတို့ဖောက်သည်လာသွားတာကလွဲလို့ ဘယ်ကုန်သည်မှလည်းမလာသေးဘူး။”
“စဉ်းတော့ စဉ်းစားစရာပဲအဖေ… သားတို့ညတော့ ခြံမှာစောင့်အိပ်မှဖြစ်မယ်။”
“အေး လုပ်ကြတာပေါ့ကွာ။ ကဲ ဒါနဲ့ ယာထဲသွားချိန်တောင် အတော်လင့်နေပြီ။ သွားလိုက်ဦးမယ်ကွာ တစ်ခုခုဆိုရင် ပက်ထရိုးနပ်နဲ့သတင်းပို့လိုက်။”
နီးလ်မန်းက ထိုင်ရာမှထပြီး သူယာထဲသွားတော့မယ်အကြောင်း မီးဖိုထဲက ရူဘီကိုလှမ်းအော်ပြောတယ်။ ဆက်ဖိုင်းယားနဲ့ ရို့စ်ကိုလည်း အပြန်မှတွေ့မယ်အကြောင်းပြောရင်း ထွက်သွားတော့တယ်။ ဟိုးရပ်စ်တစ်ယောက် ဖြစ်နိုင်ချေရှိတဲ့သူခိုးတွေကိုစဉ်းစားရင်းကနေ မနက်ကသိုးတွေကိုအစာမကျွေးရသေးတဲ့အကြောင်းသတိရသွားလို့ ဆက်ဖိုင်းယားပေးတဲ့စာအုပ်ကိုစားပွဲပေါ်ထားခဲ့ပြီး ခြံဖက်ကိုထွက်လာခဲ့လိုက်တယ်။
ခြံကိုရောက်တော့ ဖရိုဖရဲဖြစ်နေတဲ့စည်းရိုးကို မှော်နှင်တံနဲ့ချိန်ရင်း ပြန်ပြင်လိုက်တယ်။
“ရီပဲရို”
လဲကျနေတဲ့ တိုင်တွေပြန်ထောင်သွားတယ်။ ကျွတ်ထွက်နေတဲ့ သံမှိုတွေနဂိုအတိုင်းပြန်ဖြစ်သွားပြီးတဲ့နောက် ခြံစည်းရိုးလည်း မနေ့ညနေက ရှိခဲ့တဲ့အတိုင်း အကောင်းပြန်ဖြစ်သွားပြီ။ ဒါပေမယ့် သူတစ်ခုခုကိုမြင်လိုက်ရသလိုပဲ။ ပြန်ပြင်လိုက်တဲ့စည်းရိုးနားကိုသေချာငုံ့ကြည့်တဲ့အခါမှာ အတော်ကိုကြီးတဲ့ စွပ်ကြောင်းကြီးတစ်ခု။ ဖုန်နည်းနည်းထူတဲ့ခြံမြေပြင်မှာ မထင်မရှားနဲ့မြင်နေရတယ်။ သိုးခြေရာတွေနဲ့ ရှုပ်ရှက်ခတ်နေပေမယ့်လို့ ဒါမှားစရာမရှိဘူး။ စွပ်ကြောင်းပဲ။
“တောက် ခွေးကောင်တွေ သိုးတွေကိုအိတ်နဲ့ထည့်ပြီး ဆွဲသွားကြတာနေမှာ”
အဲ့ဒီနောက် ဟိုးရပ်စ်မှာ မှော်နှင်တံတစ်ချက်ဝှေ့လိုက်ပြီး မြက်ခြောက်ထုံးတွေကိုဆင့်ခေါ်လိုက်တယ်။ သိုးတွေကြားထဲ မြက်ခြောက်ထုံးတွေ ချကျွေးခဲ့ပြီး အိမ်ဖက်ကိုပြန်လာလိုက်တယ်။
နေ့လည်ရောက်တော့ ရို့စ်ကို အမ်းချောင်းဆီလိုက်ပို့ပေးဖို့ပြင်ဆင်ပေးတယ်။ ရူဘီနဲ့ ဆက်ဖိုင်းယားကတော့ နီးလ်မန်းဆီသွားကြမှာ။ ယာထဲကို မရောက်တာကြာလို့သွားဦးမယ်ဆိုပြီး အန်တီဆက်ဖိုင်းယားကပြောနေတာ။ ရို့စ်ကတော့ ရောက်ကတည်းက အမ်းချောင်းပဲသွားမယ်ဆိုပြီပြောနေတာဆိုတော့ ဟိုးရပ်စ်ကလိုက်ပို့ပေးတာပေါ့။ သူကိုယ်တိုင်လည်း အမ်းချောင်းဖက်ကို မရောက်တာအတော်ကြာပြီ။ ရွာရဲ့အနောက်စွန်က တောအုပ်လေးထဲမှာရှိတဲ့အမ်းချောင်းက သူတို့ရွာကိုလာလည်တဲ့သူတိုင်း အမြဲသွားကြတဲ့ချောင်းတစ်ချောင်းပဲ။ ရွာအနောက်စွန်းမှာနေတဲ့ အိုလီဗီယားတို့အိမ်နဲ့ဆို သိပ်မဝေးဘူး။ နာရီဝက်လောက်ပဲလျှောက်ရတယ်။ ဟိုးရပ်စ်က သူတို့အိမ်ကိုဝင်ချင်တာလည်း တစ်ကြောင်းပေါ့။ ဒီအမ်းချောင်းမှာက စမ်းချောင်းဖယ်ရီတွေအရမ်းပေါတယ်။ တခြားဖယ်ရီအမျိုးအစားတွေနဲ့မတူတာက သူတို့မှာသက်တံ့ရောင်တောင်ပံတွေနဲ့ ကိုယ်ရောင်ကိုယ်ဝါတောက်ပတဲ့အပြင် လူတွေနဲ့သိပ်ခင်ချင်ကြတာ။ ရို့စ်ကသူတို့ကိုသိပ်ချစ်တာလေ။ သူတို့မောင်နှမနှစ်ယောက်တည်း စကားပြောရင်းဆိုရင်းနဲ့ထွက်လာခဲ့ကြတာ အိုလီဗီးယားတို့အိမ်နားကို ရောက်လာကြပြီ။
“ရို့စ် ခဏနော်။ ကိုကြီး အိုလီဗီယားတို့ဆီခဏ၀င်ဦးမယ်။”
“ဟုတ် ၀င်လေ”
သူတို့နှစ်ယောက် အိမ်ပေါက်ဝကနေရပ်ရင်း ဟိုးရပ်စ်ကမစ္စတာအိုလီဗီယားကို လှမ်းခေါ်တယ်။ အိုလီဗီယားတို့ရဲ့သားအငယ်ဆုံးလေးပဲထွက်လာပြီး အဖေက ကြက်ဆင်ခြံဖက်ကိုသွားကြောင်းကိုလာပြောတယ်။ ဒါနဲ့ ဟိုးရပ်စ်တို့လည်း သူတို့ရဲ့ခြံဖက်ကို ထွက်လာခဲ့တယ်။
“ဟယ်လို မစ္စတာအိုလီဗီယား”
“ဟေး ဟိုးရပ်စ်။ ဘယ်ကလှည့်လာတာလဲ။” ကြက်ဆင်ခြံဝမှာရှိနေတဲ့ မစ္စတာအိုလီဗီယားက သူ့ကိုပြန်နှုတ်ဆက်တယ်။ သူ့ကြည့်ရတာ ကြက်ဆင်တွေကို အစာကျွေးပြီထွက်လာပုံရတယ်။
“အမ်းချောင်းကိုသွားမလို့။ လမ်းကြုံတာနဲ့ဝင်လာခဲ့လိုက်တာ။ သတင်းလည်းမေးချင်လို့လေ။”
“အေး မင်းတို့လည်း သိုးတွေပျောက်တယ်ဆို။”
“ဟုတ်တယ် အန်ကယ်ရေ။ ပြီးတော့ ကျွန်တော်ထူးဆန်းတာတွေ့ခဲ့လို့ဗျ။”
“ဘာတုန်းကောင်လေးရ။”
“ကျွန်တော် မနက်ကခြံထဲတစ်ခေါက်တပြန်သွားတော့ စွပ်ကြောင်းကြီးတွေ့ခဲ့လို့။”
မစ္စတာအိုလီဗီယားမှာ သူ့ဆီလည်းအဲ့လိုရှိကြောင်းပြောပြီး လိုက်ပြတယ်။ ဒီမှာစွပ်ကြောင်းကပိုပြီးထင်နေတယ်။ ရို့စ်က ကလေးပီပီစွပ်ကြောင်းအတိုင်းလိုက်ကြည့်တာ တောအုပ်ထဲထိရောက်ကြောင်းတွေ့ရတယ်။ ဟိုးရပ်စ်နဲ့ မစ္စတာအိုလီဗီယားက ဒီစွပ်ကြောင်းကိစ္စကိုဆွေးနွေးပြီးကျန်နေခဲ့တယ်။ ရို့စ်က တောစပ်ကနေပြန်လှည့်မယ်အလုပ်မှာ သစ်ရွက်ခြောက်တွေကို ကြိတ်ပြီးနင်းလာတဲ့အသံကိုကြားလိုက်ရတယ်။ ဒါနဲ့ နောက်လှည့်မကြည့်တော့ပဲ သူ့အစ်ကိုဆီမြန်မြန်ပြန်ပြေးလာခဲ့တော့တယ်။
သူတို့နှစ်ယောက် မစ္စတာအိုလီဗီယားကိုနှုတ်ဆက်ပြီးထွက်လာတော့ ရို့စ်က တောထဲမှာကြားခဲ့ရတဲ့အသံကို ပြောရကောင်းမလား မပြောရင်ကောင်းမလား စဉ်းစားနေသေးတယ်။ နောက်တော့ ဘာမှမဟုတ်ပဲ ကြောက်နေတယ်အပြောခံရမှာစိုးတာနဲ့မပြောတော့ပဲ ခေါင်းထဲကထုတ်လိုက်တော့တယ်။ အမ်းချောင်းကိုရောက်တဲ့အခါ ချောင်းစပ်မှာ ရေဆော့နေကြတဲ့ဖယ်ရီလေးနှစ်ကောင်ကိုတွေ့တော့ ရို့စ်တစ်ယောက် ပျော်ရွှင်စွာနဲ့ပြေးသွားတယ်။ ဟိုးရပ်စ်ကတော့ ချောင်းဘေးက ကျောက်တုံးတစ်ခုပေါ်ထိုင်လိုက်ပြီး မနက်ကသူ့အန်တီဝယ်လာပေးတဲ့စာအုပ်ကို ဖွင့်ဖတ်နေလိုက်တယ်။ ရို့စ်ကချောင်းထဲမှာ ဖယ်ရီလေးတွေနဲ့ဆော့ကောင်းတုန်း။ နောက်ထပ်ဖယ်ရီလေးကောင်ထပ်ရောက်လာပြီး စိန်ပြေးတမ်းဆော့ကြတယ်။ ရို့စ်ရဲ့ရယ်သံက ငြိမ်သက်နေတဲ့တောအုပ်လေးထဲမှာ နည်းနည်းတောင် ဆူညံနေသလိုပဲ။
ချောင်းက ရေတိမ်တဲ့အချိန်မို့ ဟိုးရပ်စ်လည်းစိတ်ချလက်ချနဲ့စာအုပ်ကိုဖွင့်ဖတ်နေလိုက်တယ်။ သူဖွင့်ဖတ်နေတုန်း စပ်စုတဲ့ဖယ်ရီတစ်ကောင်က သူ့ဆီလာပြီးဘာဖတ်နေတယ်ဆိုတာ လိုက်ကြည့်နေသေးတယ်။ ပြောရရင် သူဒီစာအုပ်ကိုဖတ်ဖူးတယ်။ ဟော့ဂ်ဝပ်ပထမနှစ်ကျောင်းသားတိုင်း ဒီစာအုပ်ကိုသိကြတယ်လေ။ ဒါကကျောင်းပြဌာန်းစာအုပ်မဟုတ်လား။ အခုဒါက Edition အသစ်လို့ သူ့အန်တီကပြောတယ်။ သူ့အန်တီက မှော်ဝင်သတ္တ၀ါတွေကို စိတ်ဝင်စားတဲ့သူဆိုတော့ ဒီစာအုပ်ဝယ်လာတာ မဆန်းပါဘူး။ ဟိုးရပ်စ် စာအုပ်ကိုဖတ်နေရင်းကနေ သူတို့ပထမနှစ်ကအကြောင်းတွေကို ပြန်တွေးမိတယ်။ အခုပြန်တွေးကြည့်တော့လည်း ပျော်စရာ လွှမ်းမောစရာပဲ။ ဟော့ဂ်ဝပ်ကို အခါသင့်ရင်တော့သူသွားလည်ဦးမယ်လို့စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ကတိပေးလိုက်သေးတယ်။
စာအုပ်ထဲကအကြောင်းအရာတစ်ချို့ကို သူမှတ်မိသေးတာ ကိုယ့်ကိုယ်ကိုအံ့သြမဆုံးဘူး။ ဒါပေမယ့် အသစ်တွေလည်းပါတာတွေ့ရတယ်။ ဒီမှာအသစ်ထပ်ဖြည့်ထားတဲ့အကောင်တွေကိုဖတ်ရတာ ဘ၀မှာတစ်ခါလောက်တော့ အမေရိကန်၊ အရီဇိုးနားပြည်ကိုသွားပြီး မိုးကြိုးငှက်တွေကို ကြည့်ချင်စိတ်တောင် ပေါ်လာသလိုလိုဖြစ်မိတယ်။ စာဖတ်ရင်းကနေ ရို့စ်ကိုလည်း လှမ်းလှမ်းကြည့်ရသေးတယ်။ အခု ရို့စ်နားမှာ ဖယ်ရီတွေ အကောင် ၂၀ လောက်ရှိပြီ။ ၀ိုင်းထိုင်ရင်း ရိုစ်ပြောတာကို စိတ်ဝင်တစားနားထောင်နေကြသလိုပဲ။ သူတို့ လူစကားကိုနားလည်မလည်တော့သူမသိဘူး။
ညနေ ၄ နာရီလောက်ရောက်တော့ ပြန်ဖို့သင့်ပြီဆိုပြီး ရို့စ်ကိုခေါ်တယ်။ ရေစိုနေတာကိုခြောက်အောင်လို့ မှော်နှင်တံနဲ့သူမန်းမှုတ်ပေးတယ်။
“ကိုကြီးရွတ်တာကလည်းနှေးလိုက်တာ။ မေမေဆိုရင် တစ်ခါပဲရွတ်ရတယ်။ အကုန်ခြောက်သွားပြီ။”
ရို့စ်ကပြောင်ပြရင်းစလိုက်တယ်။ မောင်နှမနှစ်ယောက်အိမ်ပြန်ရောက်တော့ မှောင်စပျိုးတော့မယ်။ ရို့စ်က ဖယ်ရီတွေကိုအိမ်ပြန်ခေါ်မယ်လုပ်နေတာနဲ့ နောက်ကျသွားတာ။
JK Rowling ၏ မှော်ကမ္ဘာကိုမှငြမ်းပါသည်။
Photo credit to google image
Leave ဟဲဗန်းရှိုင်းယား to:
Read more #myanmar posts
Best Posts From James Hlaing
We have not curated any of jameshlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.