James Hlaing avatar

ဟဲဗန်းရှိုင်းယား

jameshlaing

Published: 08 Aug 2018 › Updated: 08 Aug 2018ဟဲဗန်းရှိုင်းယား

ဟဲဗန်းရှိုင်းယား

အခန်း (၃)
ညနက်တစ္ဆေ

Patronus.jpg

ဒီနေ့ည ညစာစားပြီးတော့ သိုးခြံမှာညအိပ်စောင့်မယ့်အကြောင်း ရူဘီကိုပြောတယ်။ အဖေဖြစ်သူ နီးလ်မန်းကလည်း သူပါလိုက်အိပ်မှာမို့ ညတော့ နိုးနိုးကြားကြားနေဖို့အကြောင်း မှာနေတယ်။ ရို့စ်က ညစာစားပြီးတာနဲ့ ပင်ပန်းလို့ဆိုပြီး အိမ်ပေါ်တက်သွားပြီ။ အန်တီဆက်ဖိုင်းယားက သူပါရှိနေတာမို့ ကိစ္စမရှိကြောင်း တစ်ခုခုထူးရင်သာ လှမ်းခေါ်ဖို့ဝန်မလေးနဲ့ဆိုပြီး ပြောတယ်။ သားအဖနှစ်ယောက် မှော်နှင်တံမှာထွန်းထားတဲ့မီးကိုအားပြုရင်း အိပ်ယာလိပ်ကိုယ်စီနဲ့ ခြံဖက်ကိုထွက်လာခဲ့ကြတယ်။

ဒီနေ့ညက လဆန်းပိုင်းညမို့ လကအစောကြီးကတည်းက ၀င်သွားပြီ။ လကွယ်ညနဲ့မထူးဘူး အားလုံးမှောင်မိုက်နေတယ်။ မြို့နဲ့ဝေးတဲ့ရွာဖြစ်တဲ့အပြင် ည ၈ နာရီလောက်ဆိုလူခြေတိတ်သွားတာကြောင့် တစ်ချက်ချက် အရှေ့ဖက်ကလာတဲ့ လေအေးတိုက်တဲ့အသံ၊ အနောက်ဖက်ထင်းရှူးတောထဲက ဇီးကွက်အော်တဲ့အသံလောက်ပဲ ကြားနေရတယ်။ ခြံအပြင်ယာခင်းထဲက ညပိုးကောင်အော်တဲ့အသံတွေကတော့ ကြားနေကျမို့ မထူးတော့ပါဘူး။

“ဒီနေ့ည သူတို့ထပ်လာမယ်လို့အဖေထင်သလား။”
“အင်း မပြောတတ်ဘူး။ လာကြမယ်လို့တော့မထင်ဘူး။ ဒါပေမယ့် သတိနဲ့နေတာမမှားဘူး။ ညနိုးနိုးကြားကြားနေနော်။ ရွာလူကြီးက ညကို သူတို့ကင်းလှည့်ပါ့မယ်လိုတော့ပြောတယ်။”

နီးလ်က သိုးခြံရဲ့တောင်ဘက်ဘေးမှာ ကွပ်ပျစ်တစ်ခုကို ဖန်ဆင်းလိုက်တယ်။ ဒီပေါ်မှာ ပါလာတဲ့အိပ်ယာလိပ်ကိုဖြန့်ခင်းပြီး လှဲလိုက်ကြတယ်။ ဟိုးရပ်စ်ငယ်ငယ်ကျောင်းစတက်ခါစက ကင်းခရော့စ်ဘူတာကိုလိုက်ပို့တဲ့အမှတ်တရလေးကို သားအဖနှစ်ယောက် ပြန်ပြောင်းပြောနေကြရင်း ညကအတော်နက်လာပြီ။ သိုးခြံထဲကသိုးတွေဆီက ချေးပါချတဲ့အသံရံဖန်ရံခါကြားရတာကလွဲလို့ တိတ်ဆိတ်နေတယ်။ တစ်နေ့ခင်းလုံးယာထဲမှာ အလုပ်လုပ်လာတဲ့နီးလ်မန်းက အိပ်ချင်နေပုံရတယ်။ တ၀ါးဝါးနဲ့ သမ်းနေတော့ ဟိုးရပ်စ်က သူ့အဖေ့ကို …
“အဖေအိပ်ချင်အိပ်တော့လေ။ သားဆက်စောင့်နေလိုက်မယ်။”
“အေးအေး… တစ်ခုခုဆို နှိုးလိုက်နော်။ ဒါမှမဟုတ် မနက် ၂ နာရီလောက်နှိုးလိုက် အဲ့အချိန်မှအဖေဆက်စောင့်မယ်။”

ပြောရင်းနဲ့ တစ်ဖက်ကိုလှည့်သွားပြီး ၅ မိနစ်လောက်ကြာတော့ နှေးကွေးတဲ့အသက်ရှူသံ နီးလ်မန်းဆီကထွက်လာတယ်။ သူအိပ်ပျော်သွားပြီ။ ဟိုးရပ်စ်က မျက်လုံးကိုဖွင့်ထားပြီး ကောင်းကင်ကိုမော့ကြည့်နေတယ်။ တောက်ပတဲ့ကြယ်တွေကိုကြည့်ရင်း ကျောင်းတုန်းကသင်ရတဲ့ နက္ခတ္တဗေဒချိန်တွေကို သတိရမိလိုက်တယ်။ ညသန်းခေါင်ကျော်သွားတော့ ရွာလယ်လောက်ဆီကနေ ခွေးအူသံကိုသူကြားရတယ်။ အေးမြတဲ့လေတစ်ချက်ကဝှေ့လာတာကြောင့် ကျောထဲစိမ့်သွားသလိုပဲ။ သန်းခေါင်ချိန်မှာ အပြင်မှာအိပ်ရတဲ့သူတွေတွေးမိတတ်တဲ့အတိုင်း ခြောက်ခြားစရာအတွေးတွေက သူ့ဆီကိုဝင်လာတယ်။ ဟော့ဂ်ဝပ်မှာ တစ္ဆေတွေကိုမြင်နေကျဆိုပေမယ့်လို့ ခင်မင်စရာမကောင်းတဲ့ သရဲသဘက်တွေအကြောင်းတွေးနေမိတယ်။ ဒီလိုအိပ်နေတုန်း ရုတ်တရတ်သူ့ရှေ့မှာ ဗွားကနဲပေါ်လာရင်ဘယ်လိုလုပ်မလဲ။

“ဂျွတ်”
သိုးခြံရဲ့မြောက်ဖက်နေထွက်လာတဲ့အသံ။ ဟိုးရပ်စ်မှာခေါင်းတစ်ခုလုံးကြီးသွားပြီး ကြက်သီးထသွားတယ်။ လှဲနေရာကနေထလိုက်ပြီးနောက် သူ့မှော်နှင်တံကို မီးထွန်းလိုက်တယ်။
“လူးမို့စ်”

နှင်တံထိပ်ဖျားကနေ ရုတ်တရတ်ထွက်လာတဲ့အလင်းကြောင့် သူ့ရှေ့ ၅ ပေလောက်လင်းကနဲဖြစ်သွားတယ်။ နီးလ်မန်းက အိပ်မောကျနေတာ ဟောက်တောင်နေပြီမို့ မနိုးတော့ပဲ သူကွပ်ပျစ်ပေါ်ကနေထလာခဲ့တယ်။ သိုးခြံထဲကို မှော်နှင်တံမြှောက်ကြည့်တဲ့အခါ ငြိမ်သက်စွာနဲ့ ၀ပ်နေကြတဲ့သိုးတွေကလွဲလို့ဘာမှမတွေ့ရဘူး။ အသံလာရာဆီိကို သွားကြည့်တဲ့အခါမှာလည်း ဘာမှမတွေ့ရဘူး။ အနီးအနားကို မှော်နှင်တံကအလင်းနဲ့သေချာကြည့်သေးတယ်။ ဘာမှမတွေ့ရတာမို့ သူပြန်လာခဲ့တယ်။ ကွပ်ပျစ်ပေါ်ကိုတက်မယ်အလုပ်မှာ သူတစ်ခုခုကိုသတိထားမိသွားတယ်။

ကွပ်ပျစ်ပေါ်ကဆင်းလာတုန်းက သူ့အဖေဘာစောင်မှခြုံမထားတာကို သတိရမိတယ်။ ဒါပေမယ့် အခုကျ စောင်အမည်းကြီးကို တစ်ကိုယ်လုံးခြုံထားတာ။ ဘယ်ကစောင်ကပါလာတာပါလိမ့်။ သူတို့ယူလာတုန်းက စောင်မပါပါဘူး။ အိပ်ယာခင်းချည်းပါပဲ။ ကွပ်ပျစ်ပေါ်ကိုတက်ပြီး သူ့အဖေကိုနှိုးမယ်အလုပ်မှာ စောင်အမည်းကိုကိုင်မိတာနဲ့ သူထခုန်ရင်း အော်လိုက်တယ်။ သူကိုင်မိတာ စောင်မဟုတ်ဘူး။ ပျော့စိစိနဲ့ အသက်ရှိတဲ့အရာကြီး။

“အဖေ အဖေ… ရီဒပ်တို ရီဒပ်တို”
မှော်နှင်တံထိပ်ဖျားကနေ အနီရောင်အလင်းတန်းနှစ်ခုဖြာထွက်လာပြီး အသက်ရှိတဲ့စောင်လိုသတ္တ၀ါကြီးကိုသွားမှန်တယ်။ သူအော်သံကြောင့် နီးလ်မန်းနိုးလာတဲ့အခါ စောင်လိုသတ္တ၀ါကြီးက သူ့တစ်ကိုယ်လုံးနီးပါးကို လှုပ်မရအောင်ပတ်ထားတာကို တွေ့လိုက်ရတယ်။ ရုတ်တရတ်လှုပ်မရတော့ဘူးဆိုတဲ့ခံစားချက်က နီးလ်မန်းကိုအတော်လေးတုန်လှုပ်စေတယ်။ သိပ်မကြာခင် အသက်ရှူလို့မရအောင်ဖြစ်လာပြီး မျက်နှာတစ်ခုလုံးခရမ်းရောင်သန်းလာတာကို ဟိုးရပ်စ်ရဲ့မှော်နှင်တံက အလင်းနဲ့ ကောင်းကောင်းမြင်နေရတယ်။

“စတူပီဖိုင်း”
ဟိုးရပ်စ်ခေါင်းထဲပေါ်လာသမျှဂါထာတွေကို ရွတ်နေတယ်။ သူ့အဖေရဲ့ခရမ်းရောင်သန်းလာတဲ့မျက်နှာကြောင့် သူ့မှာ စိုးရိမ်စိတ်ကအတော်မြင့်လာပြီ။

“အင်ဆန်ဒီယို အင်ဆန်ဒီယို”
မီးတောက်တွေဖွားကနဲဖြာထွက်လာပြီး စောင်လိုသတ္တ၀ါပေါ်ကိုကျသွားတယ်။ ဒါပေမယ့် ဘယ်လိုမှော်ဂါထာကမှ ဒီအကောင်ကြီးကို တိုးပေါက်ပုံမရဘူး။ ကြံရာမရတဲ့အဆုံး သူ့အမေဆီကို သတင်းပို့ဖို့ ပက်ထရိုးနပ်စ်ကိုဖန်ဆင်းလိုက်တယ်။
“အိတ်စပက်တို ပက်ထရိုးနမ်”
ငွေရောင်မီးခိုးများ ဟိုးရပ်စ်ရဲ့မှော်နှင်တံထိပ်ဖျားမှထွက်လာပြီး လှပတဲ့သိုးတစ်ကောင်ပုံပြောင်းသွားတယ်။ သိုးက အရှိန်နဲ့ အိမ်မကြီးဆီကိုပြေးထွက်သွားတယ်။

ထူးဆန်းတာက ပက်ထရိုးနပ်ငွေရောင်သိုး ဖြာထွက်လာတဲ့အခါ စောင်လိုသတ္တ၀ါဆီကနေ စူးရှတဲ့အော်ဟစ်သံထွက်လာပြီး ပတ်ထားတဲ့အင်အားလျော့သွားပုံရတယ်။ နီးလ်မန်းရဲ့အသက်ကိုပြင်းစွာရှိုက်တဲ့အသံကြားရပြီးနောက် သူ့ရဲ့မျက်နှာမှာ သွေးရောင်ပြန်သန်းလာပြီ။ သိပ်မကြာခင်မှာပဲ အိမ်ထဲကနေပြေးထွက်လာတဲ့ ရူဘီ၊ ဆက်ဖိုင်းယားနဲ့အတူ ရို့စ်ပါပါလာတယ်။ စောင်လိုသတ္တ၀ါကြီးကို မြင်လိုက်ရတာနဲ့ အန်တီဖြစ်သူ ဆက်ဖိုင်းယားက ပက်ထရိုးနပ်ဂါထာကို အကျယ်ကြီးရွတ်လိုက်တယ်။

သူမရဲ့မှော်နှင်တံထိပ်ဖျားကနေ ကြီးမားတဲ့ငွေရောင်ကြံ့ကြီးပွင့်ထွက်ကျလာတယ်။ ကြံ့ကြီးကသူ့ရဲ့ချိုကို စောင်လိုသတ္တ၀ါကြီးဆီဦးတည်ပြီး အရှိန်နဲ့ဝင်စောင့်လိုက်တယ်။ ဟိုးရပ်စ်က ရုတ်တရတ်ဝင်ချလာတဲ့ကြံ့ကိုရှောင်လိုက်တာကြောင့် ကွပ်ပျစ်အောက်ကိုပြုတ်ကျသွားတယ်။ စောင်လိုသတ္တ၀ါဆီကနေ နောက်ထပ်နားစူးစရာအသံကြီးထွက်လာပြီးနောက် နီးလ်မန်းကိုရစ်ပတ်ထားတာကို လုံးဝလျော့ချလိုက်ပြီး ထွက်ပြေးသွားတယ်။ ပြေးသွားရာတစ်လျှောက်မှာ စွပ်ကြောင်းကြီးကကျန်ခဲ့လို့။

နီးလ်မန်းမှာ ခရီးအဝေးကြီးပြေးလာတဲ့လူလို အသက်ကိုပြင်းပြင်းရှိုက်ရှူနေရတယ်။ ဟိုးရပ်စ်က ပြုတ်ကျသွားလို့ ပွန်းသွားတဲ့နေရာကို ပွတ်ရင်းပြန်ထလာတယ်။ ရူဘီက ပြေးလာပြီး နီးလ်မန်းကိုဖက်ရင်းငိုတယ်။ ပါးစပ်ကလည်း ဘုရားသိကြားမစလို့ဆိုတာကိုမချဘူး။ ရို့စ်သူ့အမေနားကမခွာပဲ ကပ်နေတာကို ဟိုးရပ်စ်မြင်ရတယ်။ သိပ်မကြာခင်ပဲ အိမ်ရှေ့ကနေ မီးရောင်တစ်လက်လက်နဲ့လူသုံးယောက် ၀င်လာတာကိုသူတို့တွေ့လိုက်တယ်။ ကင်းလှည့်နေတဲ့ရွာသူကြီးဖြစ်မယ်။

သူတို့ဆီကိုရောက်လာတော့ ရွာသူကြီးကဆူညံဆူညံအသံကြားလို့ဝင်လာခဲ့တာဖြစ်ကြောင်းပြောပြရင်း ဖြစ်ပျက်ပုံကိုမေးတယ်။ နီးလ်မန်းမှာ ခုထိဘာမှမပြောနိုင်ရှာသေးဘူး။ ဟိုးရပ်စ်ကလည်း ဘယ်ကစပြောရမှန်းမသိဖြစ်နေတယ်။ အန်တီဖြစ်သူဆက်ဖိုင်းယားက…
“ရှင်တို့ရဲ့သူခိုးကို ကျွန်မသိပြီ မစ္စတာရွာသူကြီးရှင့်။ အဲ့တာ ညနက်တစ္ဆေလို့ခေါ်တဲ့ လက်သီဖိုးပဲ။”

နောက်မနက်ခင်းမှာ တစ်ရွာလုံးကို ထိုသတင်းကပျံ့သွားတယ်။ သူတို့နဲ့အိမ်နီးချင်း မစ္စစ်တွန့်ခ်လည်း သတင်းမေးလာတယ်။ မစ္စတာအိုလီဗီယားတို့လည်းလာတယ်။ အန်တီဆက်ဖိုင်းယားက မနေ့ညကဖြစ်တဲ့ကိစ္စက လက်သီဖိုးဖြစ်ကြောင်းကို ဧည့်ခန်းမှာထိုင်ရင်းရှင်းပြနေတယ်။

“ကျွန်မတို့ကအိမ်ထဲမှာအိပ်နေတာ။ ဟိုးရပ်စ်ရဲ့ပက်ထိရိုးနပ်ဆီကသတင်းစကားကိုကြားကြားချင်း ရူဘီက ကျွန်မကိုလာနှိုးတယ်။ အိမ်ပြင်ကိုသုံးယောက်သားပြေးထွက်လာတော့ အဲ့ဟိုသတ္တ၀ါကို ကျွန်မမြင်လိုက်တာနဲ့တန်းသိတယ်။ စောင်လိုသတ္တ၀ါကြီး နီးလ်ကိုလည်းရစ်နေတာ သေတော့မလို့။”

နားထောင်နေတဲ့ မစ္စစ်တွန့်ခ်နဲ့ မစ္စတာအိုလီဗီယားတို့က မသေကောင်းမပျောက်ကောင်းဆိုပြီးပြောလိုက်ကြတယ်။ မစ္စစ်တွန့်ခ်က
“ရှင်က အဲ့သတ္တ၀ါကို လက်သီဖိုးမှန်းဘယ်လိုသိသတုန်း”
ကိုယ့်ကိုယ်ကျေနပ်နေတဲ့မျက်နှာပေးနဲ့ အန်တီဆက်ဖိုင်းယားက…
“ကျွန်မက မှော်ဝင်သတ္တ၀ါတွေကိုစိတ်ဝင်စားတဲ့သူဆိုတော့ အမြဲလေ့လာနေတာလေ။ ဒီမယ်ပြဦးမယ်… ဟိုးရပ်စ်ရေ မနေ့ကမင်းကိုပေးတဲ့စာအုပ်ယူလာခဲ့ဦးခဏလောက်”

ဟိုးရပ်စ်က မှော်ဝင်သတ္တ၀ါဆန်းများပျော်စံရာစာအုပ်ကို သူ့အခန်းထဲကနေယူလာပေးတယ်။ သူကမနေ့ညကတည်းက သိပြီးသွားပြီ။ ဒီစာအုပ်ထဲမှာ လက်သီဖိုးအကြောင်းပါတယ်။ သူ့ကိုယ်သူလည်းမမှတ်မိရကောင်းလားဆိုပြီးအပြစ်တင်လို့မဆုံးသေးဘူး။ မနေ့နေ့လည်က တစ်နေကုန်ဒီစာအုပ်ကိုဖတ်နေခဲ့တဲ့ဟာ။ သူ့အန်တီသာ ထွက်မလာခဲ့ရင်… အမေသာ အန်တီဆက်ဖိုင်းယားကိုမနှိုးပဲ တစ်ယောက်တည်းထွက်လာခဲ့ရင်… ဒါမှမဟုတ် အန်တီဆက်ဖိုင်းယားတို့သာ လာမလည်ခဲ့ရင်… သူမစဉ်းစားရဲတော့ဘူး။

ဆက်ဖိုင်းယားက တွန့်ခ်နဲ့အိုလီဗီယားတို့ကို စာအုပ်ထဲမှာပါတဲ့ လက်သီဖိုးအကြောင်းအခန်းကိုပြတယ်။ ဒီအခန်းမှာ လရောင်အောက်မှာ ကော်ဇော်တစ်ချပ်လိုတွားသွားနေတဲ့ လက်သီဖိုးအကောင်ပုံပါတယ်။
“ဒီမှာလေ တွေ့လား။ ညနက်တစ္ဆေဆိုတာ ဒီအကောင်ပေါ့။”

ပုံကိုမြင်တော့ ဟိုတစ်ရက်ညနေက ယာခင်းထဲကကော်ဇောစုတ်ကို ဟိုးရပ်စ်သွားသတိရမိတယ်။

“သူတို့က ညနက်သန်းခေါင်မှာပဲ အစာရှာကြတာ။ များသောအားဖြင့် တိရိစ္ဆာန်တွေကိုသာမြိုတတ်ပေမယ့် လစ်ရင်လစ်သလို လူကိုလည်း မြိုတတ်တယ်။ သူတို့သွားတဲ့လမ်းကြောင်းမှာ မြေပျော့နေရင် တစ်ခါတစ်လေစွပ်ကြောင်းကြီးကျန်နေတတ်တယ်လေ။”
“ဒါဆို ငါတို့အိမ်ကကြက်ဆင်တွေလည်း ဒီကောင့်လက်ချက်ပဲနေမှာ။” မစ္စတာအိုလီဗီးယားက ဒေါသနဲ့ပြောတယ်။ သူတို့အိမ်မှာလည်း ကြက်ဆင်ခြံနားမှာ စွပ်ကြောင်ကြီးတွေ့တယ်မဟုတ်လား။

မစ္စစ်တွန့်ခ်က…
“ကြောက်စရာကြီးပဲ။ သူတို့နိုင်မယ့်ဂါထာမရှိဘူးလား။ ဟိုးရပ်စ်ပြောတော့ သူမနေ့ညကရွတ်တဲ့ဂါတာတွေက မတိုးဘူးဆို။”
ဟိုးရပ်စ်က ဟုတ်ကြောင်းခေါင်းငြိတ်ပြတယ်။ အန်တီဆက်ဖိုင်းယားက ပြုံးလိုက်ပြီး…
“ဟုတ်တာပေါ့။ ဒီကောင်တွေရဲ့အရေပြားက သိပ်ထူတယ်။ ဘယ်မှော်ကျိန်စာမှမတိုးဘူး။ ဒီကောင်တွေကရှားတဲ့အပြင် သူတို့အမဲလိုက်တဲ့အခါ ခြေရာလက်ရာမချန်တတ်တာများလို့ ထူးထူးဆန်းဆန်းပျောက်ဆုံးမှုတွေဆို သူတို့လက်ချက်ဖြစ်နိုင်ချေများတယ်။ တွေ့ဖူးတဲ့လူလည်းရှားတဲ့အပြင် အသက်ရှင်ရက်နဲ့ပြန်ပြောပြနိုင်တဲ့လူလည်းမရှိသလောက်ပဲ။ နောက်ပြီးတော့ သူတို့တွေက တစ်နေရာတည်းမှာ ကျက်စားတာမျိုးမလုပ်ဘူး။ တစ်ခါနေပြီးတဲ့နေရာကို နောက် ၃ ၄ နှစ်လောက်မှ တစ်ခေါက်ပြန်လာကြတာမျိုးတွေ။”
“ဒါဆို ဟိုးအရင်ကတည်းက ဒီကောင်လာစားနေတာပေါ့။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ငါတို့ဆီမှာခဏခဏကြက်ဆင်တွေပျောက်တယ်။” ဆိုပြီး မစ္စတာအိုလီဗီးယားက ပြောတယ်။
“ဖြစ်နိုင်ပါတယ်။ ဒါနဲ့ခုဏကဟာကိုဆက်ပြောရရင် ဒီမှာတွေ့လား လူတစ်ယောက်က လက်သီဖိုးကိုနိုင်တဲ့ဂါထာကို မတော်တဆတွေ့ထားတယ်လို့ပါတယ်။ ကြည့်…” ဆိုပြီး အန်တီဆက်ဖိုင်းယားက စာအုပ်ကိုထိုးပြတယ်။

မစ္စတာအိုလီဗီယားက စာအုပ်ထဲမှာပါတဲ့အကြောင်းအရာကို ဖတ်ကြည့်တယ်။

“ကျွန်တော်တို့ဆီမှာ ရှိဖူးသမျှမှတ်တမ်းတွေထဲက အစောဆုံးတစ်ခုကို လက်သီဖိုးတိုက်ခိုက်ရာမှ အသက်ရှင်လွတ်လာခဲ့တဲ့ ဖလာဗီးယပ် ဘဲလ်ဘီက ၁၇၈၂ ခုနှစ်မှာရေးခဲ့တာပါ။ သူဟာ ပါပူဝါနယူးဂီနီဖက်မှာ အားလပ်ရက်ခရီးထွက်တုန်း အတိုက်ခံခဲ့ရတာဖြစ်ပါတယ်။

“မနက်အစောကြီးတစ်ချက်တီးတော့ ကျွန်တော်အတော်လေးအိပ်ချင်လာခဲ့ပြီ။ အဲ့အချိန်မှာပဲ တရွှတ်ရွှတ်အသံတစ်ခုကို အနီးအနားတစ်နေရာကနေကြားလိုက်ရတယ်။ အပြင်ဖက်သစ်ပင်က သစ်ရွက်လေးတိုးသံပဲလို့ ယုံကြည်လိုက်ပြီး အိပ်ယာဖက်ကိုလှည့်ကာ ပြတင်းပေါက်ကိုကျောခိုင်းလိုက်တော့ ပုံသဏ္ဍာန်အတိအကျမရှိတဲ့ အနက်ရောင်အရိပ်တစ်ခု ကျွန်တော့်ရဲ့အိပ်ခန်းကြမ်းပြင်မှာ ရွေ့လျားနေတာကို ထိတ်လန့်ဖွယ်တွေ့လိုက်ရတယ်။ နေရာမှာငြိမ်ငြိမ်လေးပဲ ရပ်နေပြီး ပြတင်းပေါက်ကဖြာချနေတဲ့ လရောင်အောက်မှာ ဒီလိုပုံရိပ်မျိုးဖြစ်စေတာ ဘာဖြစ်မလဲလို့ အိပ်ချင်မူးတူးနဲ့ စဉ်းစားတယ်။ ကျွန်တော်ဒီလိုငြိမ်နေလိုက်တာက လက်သီဖိုးကို သူရဲ့သားကောင်က အိပ်ပျော်နေတယ်လို့ ထင်စေပုံရပါတယ်။

ကျွန်တော်တအားကိုလန့်နေပြီ။ ဒီအရိပ်ကအိပ်ယာပေါ်ကိုတွယ်တက်လာနေတာ။ ကျွန်တော့်ပေါ်ကို လွှားတက်လိုက်တဲ့ သူ့ရဲ့ပေါ့ပါးပါးအလေးချိန်ကို ခံစားမိတယ်။ တဖတ်ဖတ်ခပ်နေတဲ့ ကော်ဇောအနက်နဲ့ အတော်လေးကိုတူတယ်။ ကျွန်တော်ဆီကို အိပ်ယာကနေတစ်ဆင့်တက်လာနေတော့ အနားသတ်တွေ တဖတ်ဖတ်နဲ့ သာသာလေးခပ်နေတာ။ ကြောက်လွန်းလို့ လှုပ်မရတော့အောင်ကိုဖြစ်နေတယ်။ မေ့စေ့ကို ၎င်းရဲ့အေးစက်စက်ကိုယ်နဲ့ထိလိုက်တော့ ချက်ချင်းထထိုင်လိုက်တယ်။

၎င်းကကျွန်တော့်ကိုညှစ်သတ်ဖို့လုပ်တယ်။ မျက်နှာထိ လိမ်တွန့်တက်လာပြီး ပါးစပ်တွေ၊ နှာခေါင်းပေါက်တွေကိုပါပိတ်တဲ့အထိ ရစ်ပတ်တယ်။ ဒါပေမယ့် ကျွန်တော်ကအတင်းရုန်းတော့ ခန္ဓာကိုယ်တစ်ခုလုံးက ၎င်းရဲ့အေးစက်စက်အထိအတွေ့ကို ခံစားနေရတယ်။ အကူအညီတောင်းဖို့တောင် အသံထွက်လို့မရတော့ဘူး။ ဒါနဲ့ကျွန်တော့်မှော်နှင်တံကို စမ်းတစ်ဝါးဝါးနဲ့ရှာတယ်။ ၎င်းကမျက်နှာတစ်ခုလုံးကို အသေရစ်ထားတော့ အသက်ရှုမ၀တော့ဘူး။ မူးနောက်နောက်နဲ့ဖြစ်လာတယ်။ ကျွန်တော်ခွန်အားရှိသလောက် အာရုံစိုက်လိုက်ပြီး ကျောက်ရုပ်ကျိန်စာကိုရွတ်လိုက်တယ်။ ဒါပေမယ့် ဒီသတ္တ၀ါဆိုးကို ဖယ်ရှားမပစ်နိုင်ပဲ တံခါးပေါက်ကိုသွားမှန်တာကြောင့် ပွင့်ထွက်သွားတယ်။ အတားအဆီးအထပ်ထပ်ဂါထာကို ရွတ်ပေမယ့်လည်း ကိုယ့်ကိုသာဆောင့်မှန်သလိုဖြစ်ပြီး ရင်ထဲအောင့်တက်သွားတယ်။ အရူးအမူးကိုရုန်းကန်နေရင်း ကြမ်းပြင်ပေါ်ကို ကျသွားတော့ တစ်ကိုယ်လုံးဟာ လက်သီဖိုးကပတ်ပြီးသားဖြစ်သွားရော။

ကျွန်တော်အတော်လေးကို မွန်းနေပြီဖြစ်တာကြောင့် မကြာခင်ကျွန်တော့် သတိမေ့တော့မယ်ဆိုတာ သိတယ်။ ဆောက်တည်ရာမရဖြစ်နေတဲ့ကြားထဲက ကျွန်တော့်မှာရှိတဲ့ လက်ကျန်စွမ်းအင်လေးကို အသုံးချလိုက်တယ်။ နယ်တွင်းဂေါ့ပ်စတုန်းကလပ်ရဲ့ဥက္ကဋ္ဌဖြစ်ရတဲ့နေ့ကို ပြန်စဉ်းစားပြီး ကျွန်တော့်ရဲ့မှော်နှင်တံကို ကျွန်တော်နဲ့ဝေးရာဖက်ကို ချိန်ရင်း အစောင့်အရှောက်ဂါထာကို ရွတ်ဆိုလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ အေးမြလန်းဆန်းတဲ့လေတွေကို တစ်ဝကြီးရှုလိုက်ရတယ်။ ထိုအရိပ်လိုအကောင်က ကျွန်တော့်အစောင့်အရှောက်ရဲ့ဦးချိုနဲ့ အကော်ခံလိုက်ရလို့ လေထဲမြောက်တက်သွားတာကို မြင်ရတယ်။ ၎င်းအကောင်က အခန်းထဲကနေ အမြန်ထွက်သွားပြီး အဝေးကိုပြေးသွားတော့တယ်။”
ဘဲလ်ဘီက ဇာတ်လမ်းဆန်ဆန်ဖော်ပြထားသလိုပဲ အစောင့်အရှောက်ဂါထာတစ်ခုတည်းကသာ လက်သီဖိုးကို အနိုင်ယူနိုင်တယ်ဆိုတာ သိထားရပါတယ်။”

မစ္စတာအိုလီဗီယားဖတ်ပြပြီးတော့ မစ္စစ်တွန့်ခ်က…
“ဒါဆို ပက်ထရိုးနပ်ဂါထာပေါ့။ ကျွန်မဖြင့်ခုထိအဲ့ဂါထာကို မလုပ်နိုင်သေးဘူး။” ဆိုပြီး စိတ်ပျက်သလိုပြောတယ်။
“အင်း ဒီအကောင်တွေကို ပက်ထရိုးနပ်ဂါထာနဲ့တစ်ခါတိုက်ပြီးသွားရင် အတိုက်ခံရတဲ့နေရာကိုပြန်မလာတော့ဘူးလို့ ကျွန်မမိတ်ဆွေတစ်ယောက်ကပြောပြဖူးတယ်” ဆိုပြီး အန်တီဆက်ဖိုင်းယားက ပြောပြတယ်။

“ဒါဆို ကောင်းတာပေါ့” မစ္စတာအိုလီဗီယားက တော်သေးတာပေါ့ဆိုတဲ့လေသံနဲ့ပြောတယ်။
အဲ့အချိန်မှာ ဟိုးရပ်စ်က တစ်ခုခုကိုသတိရသွားသလိုနဲ့…
“နေဦးဗျ… မစ္စတာအိုလီဗီယား… ခင်ဗျားနဲ့ကျွန်တော်တို့ဆီမှာ တိရိစ္တာန်တွေပျောက်တာက တစ်ညတည်းမဟုတ်လား။”
“ဟာ ဟုတ်တယ်။ မစ္စစ်ဆက်ဖိုင်းယား ဒီကောင်တွေက တစ်ညတည်းကို နှစ်နေရာသွားနိုင်လားဗျ။”
“ဟင့်အင်း ဒီကောင်တွေကတစ်ခါမျိုပြီးသွားရင် တစ်နေကုန်အိပ်တာ။ တစ်ခါတစ်လေဆို လချီပြီးနေတာ။ မြွေတွေလိုပဲ။”
“ဒါဆို…” ဟိုးရပ်စ်ပြောလို့မှမဆုံးသေးခင် မစ္စစ်တွန့်ခ်က… “နှစ်ကောင်ရှိနေတာပေါ့” လို့ဖြတ်ပြောလိုက်တယ်။

ဒီအကြောင်းကို ရွာလူကြီးသိစေဖို့ရာ မစ္စတာအိုလီဗီယားက သူသွားပြောမည့်အကြောင်းပြောရင်း ပြန်သွားတယ်။ မစ္စစ်တွန့်ခ်ကတော့ အကူအညီလိုရင်လှမ်းခေါ်လိုက်ပါလို့ပြောပြီး သူ့အိမ်ဖက်ကို ခပ်သုတ်သုတ်နဲ့ပြေးသွားတယ်။ ကြည့်ရတာ လက်သီဖိုးများ ခုချက်ချင်း သူ့ကိုလာစားတော့မလားလို့ တွေးမိလို့နေမယ်။ ဒီနေ့ညတော့ မစ္စတာအိုလီဗီယားတို့ဆီ သွားကူပေးဦးမယ်လို့ ဟိုးရပ်စ်က သူ့အမေနဲ့အဖေကိုပြောတယ်။ မစ္စတာအိုလီဗီယားကလည်း ပက်ထရိုးနပ်ဂါထာကို ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ပြောသွားတယ်ဆိုပြီး ပြောပြလိုက်တယ်။

အဲ့ဒီရက်ညမှာတော့ ရွာလူကြီးရယ် ဟိုးရပ်စ်ရယ် မစ္စတာအိုလီဗီးယားရယ်က ကြက်ဆင်ခြံမှာစောင့်နေကြတယ်။ လက်သီဖိုးပေါ်လာတဲ့အခါ ဘယ်လိုတိုက်ကြမယ် ဘယ်လိုမောင်းထုတ်ကြမယ်ဆိုတာတော့ ပြောပြနေစရာမလိုလောက်တော့ပါဘူး။ အဲ့နောက်ကတည်းက ဟဲဗန်းရှိုင်းယားမှာ ကြက်ဆင်ပျောက်သံ၊ သိုးပျောက်သံမကြားရတော့ဘူး။ အရင်လိုပဲ ပြန်အေးချမ်းသွားသလို ရို့စ်လည်း မြို့ကိုအပြန်မှာ စမ်းချောင်းဖယ်ရီတစ်ကောင်ကိုလိုက်ခဲ့ဖို့ခေါ်သွားနိုင်ခဲ့တယ်လေ။ အိုလီဗီယားကတော်ကတော့ ကျေးဇူးတင်လွန်းလို့ဆိုပြီး အန်တီဆက်ဖိုင်းယားကို လက်ဆောင်တွေကားပေါ်အတင်းထိုးထည့်ပေးတယ်။ ငြင်းနေရဲ့ကြားက အားနာတာနဲ့ယူလာခဲ့ရတယ်။ ရွာထိပ်ကို ဟိုးရပ်စ်ရောရူဘီရောလိုက်ပို့ပေးတယ်။ ကားကအမြန်လမ်းပေါ်ကိုရောက်တော့ ဟိုးရပ်စ်နဲ့ရူဘီတို့ဆင်းနေခဲ့ပြီး တာ့တာပြကျန်နေကြတယ်။ ဒါပေမယ့် သူတို့နောက်ကျောဖက်မှာတော့ မည်းမည်းပြားပြားအရာကြီးနှစ်ခု ဖြတ်ပြေးသွားတာကို ဘယ်သူမှသတိမထားမိလိုက်ကြဘူး။

JK Rowling ၏ Wizarding World ကို မှီငြမ်းပါသည်။
Photo credit to google image

Leave ဟဲဗန်းရှိုင်းယား to:

Written by

I'm a translator.

Read more #myanmar posts


Best Posts From James Hlaing

We have not curated any of jameshlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From James Hlaing