မြေလွှာပေါ်ဝယ်
မြေကြီးပုံတွေ အိမ်ပတ်လည်မှာ ပြည့်နေသည်။
ယခင်က ကျွန်တော်တို့ခြံသည် ရပ်ကွက်အတွင်းမှာ
အနိမ့်ဆုံးဖြစ်သည်။ ထိုကြောင့် မိုးရာသီ ရောက်ပြီဆိုပါလျှင်
အိမ်ခြံဝင်းအတွင်းမှာ ရေများပြည့်လျှံသွားသည်။
ရေလျှံနေသည့်အိမ်ပေါ့ဗျာ။ ယခင် ကျွန်တော်တို့
မရောက်မှီက ခြံအတွင်း မိုးရေနှင့် မြောင်းရေများ
ဝင်ရောက်လာပါလျှင် အိမ်အနောက်ဘက် ချိုင့်သည်
ခါးလည်လောက် ရေမြုပ်သည်။
ယခု ကျွန်တော်တို့ရောက်လာပြီး ငါးနှစ်အတွင်းမှာ
မြေကြီးများဖို့သဖြင့် ခြံဝင်းအတွင်း ရေမဝပ်တော့ပေ။
ထိုငါးနှစ်အတွင်းမှာ မြေကြီးများကို မောင်နှမတတွေ
ထမ်းပိုးသယ်ယူ၍ တဖြည်းဖြည်းခြင်း ဖြည့်ခဲ့ကြရသည်။
ဆောင်းရာသီမှာ မြေကြီးသယ်၍ ကောင်းသည်။
ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုလည်း
ရသည်။ ယခုလို နွေရာသီမှာတော့ သယ်ယူရတာ
ပင်ပန်းသည်။ မနက်ခင်းစောစောမှာသယ်ယူရသည်။
ညနေခင်းနှင့် မိုးအုံ့သည့် အခါများမှသာ မြေကြီးကို
သယ်ယူနိုင်သည်။
မြေကြီးကား၊ ထောလာဂျီကားများကို စတင်ဝယ်ယူ
စဉ်က တစ်ကားငါးထောင်ကျပ်ပေးရသည်။
ထိုနောက်မှ သုံးထောင်ကျပ်ပေးရပြီး နောက်ပိုင်းမှာ
အလကား လာပစ်ကြတော့သည်။ မြေကြီးကားများကို
ခြံအပြင်ဘက်မှာ သွန်ချခိုင်းထားပြီး တဖြည်းဖြည်း
ချင်းသယ်ယူကြသည်။ ခြံအတွင်း မြေကြီးများ
မဖို့ခင်က ကျွန်တော်တို့ခြံအရှေ့ဖက်ရှိသော
အုတ်တံတိုင်းကြီးက မော်ကြည့်ခဲ့ရသည်။
ယခု မြေဖို့အပြီးမှာတော့ ထိုအုတ်တံတိုင်းကို
လက်နှင့် လှမ်းပြီး ကိုင်နိုင်ခဲ့ပေသည်။
မြေကြီးများကို ခြံအတွင်းဖို့သည့်အပြင် အိမ်ဘေးက
လမ်းသွယ်လေးကိုလည်း ဖို့ပေးခဲ့ကြသည်။ ထိုလမ်း
ကို မြေဖို့သည့်အခါ မြေကြီးများက ရွံ့စေးမြေ၊
မြေပျော့များဖြစ်နေ၍ ကားများဖြတ်သန်းမောင်း
သည့်အခါ ကားဘီးများကို ကပ်ပြီးပါသွားသည်။
ထိုအခါ ထိုမြေစေးများပေါ်သို့ အုတ်ကျိုးများ
ထပ်မံခင်းကြရသည်။ အုတ်ကျိုးများပေါ်မှ
မြေကြီးရော၊ သဲရောနှင့် ကျောက်ပျက်မှုန့်များကို
ထပ်မံခင်းသည်။
မြေကြီးထော်လာဂျီကားများ ခြံဘေးသို့ လာသွန်ချ
သည့်အခါ အုတ်ခဲကောင်းနှင့် အကျိုးများ ပါလာ
တတ်သည်။ အုတ်ခဲကောင်းများပါလာပါလျှင်
အမနှင့် ညီမက လုကောက်ကြသည်။ ထိုအုတ်ခဲ
များကို သူတို့က သူရို့ အိမ်အသီးသီး၏လှေခါးခုံ
အဆင်းများ၏ ရှေ့မှာစီရီကာ ခင်းကြခြင်းဖြစ်သည်။
အုတ်ခဲများခင်းထားသဖြင့် လမ်းလျှောက်ရကောင်းသည်။
နို့မို့ဆိုပါမူ မိုးရွာသည့်အခါ မြေကြီးပျော့များ
က ဖိနပ်များကို ကပ်နေတတ်ပေသည်။ ယခုတော့
ခြံအတွင်းမှာလည်း မြေမြင့်သွားသည့်အပြင် အုတ်ခဲ
များလည်း ခြံအပြည့်နီးပါး ခင်းနိုင်သွားသည်။
ခြံဘေး လမ်းသွယ်သည်လည်း အုတ်ခဲကျိုးများ
ကျောက်ပျက်မှုန့်များဖြင့် လမ်းကလေးက ကောင်းမွန်
သွားပေတော့သည်။
@htwegyi
May 19, 2026
Leave မြေလွှာပေါ်ဝယ် to:
Read more #hive-122133 posts
Best Posts From htwegyi
We have not curated any of htwegyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.