Home Stay (Chapter 51)
နေ့စဉ် ဖြတ်သန်းမှုကတော့ ခုထိ မပြောင်းလဲသေးပေ။ သံပတ်ပေးထားသလို ပုံသေကားချပ်အတိုင်း မပြောင်းမလဲပင်။ ပုံသေအတိုင်း ရွှေ့လျားနေသည့် နေ့ရက်များကို ပြပါ ဆိုလျှင် ယခုကာလများကို ကျနော် လက်ညှိုး ထိုးပြရပေလိမ့်မည်။ ဘာတိုးတက် ပြောင်းလဲမှုမှလည်း မရှိလာခဲ့ပေ။ ဒီအတိုင်း အိပ်လိုက် စားလိုက်နှင့်သာ အချိန်တွေ ကုန်ခဲ့၏။ အခြား ဘာဆို ဘာမှ မလေ့လာ ဖြစ်ခဲ့ပေ။ ထိုအချက်ကတော့ အတော်လေးကို ဆိုးလှ၏။
ကျနော်ကား လူတမျိုး ဖြစ်၏။ သို့ဆို၍ ထူးထူးခြားခြား များလားဟု မထင်မှတ်စေလို။ ကျနော်ကား အပျင်းထူသည့် အပျင်းထူးသည့် လူတမျိုး ဖြစ်၏။ ခုလို ကာလမျိုးမှာ အများသူငါ လုပ်စရာရှာ၊ လေ့လာစရာရှာနေကြပေမယ့် ကျနော်ကတော့ ပိုနေမြဲ ကျားနေမြဲအတိုင်း နေနေခဲ့၏။ အိမ်အလုပ်လေး လုပ်သလို၊ ဟိုလိုလို ဒီလိုလိုနှင့်သာ အချိန်ဖြုန်းနေမိတော့၏။ အမေနှင့် အမတွေ ကြောင့်သာ ထမင်းမငတ်ခြင်း ဖြစ်၏။ ကိုယ့်ကိုသာ တယောက်ထဲ နေလို့ကတော့ ဒီအချိန် ကျနော် ဘာလုပ်ရမယ် မသိပေ။
အရှုံးထဲက အမြတ်အနေနှင့် covid ကာလမှာ သင်ခန်းစာတွေတော့ ရလိုက်၏။ မည်သည့်နည်းနှင့်မျှ အလုပ် တခုထဲနှင့် ရပ်တည်လို့ မဖြစ်ကြောင်းကိုပေါ့။ အနည်းဆုံး အလုပ် (၂) ခုလောက်တော့ ရှိနေဖို့ လို၏။ ငွေဝင်လမ်း တလမ်းထဲ ရှိခြင်းက အဆင်မပြေပေ။ အခြား ငွေဝင်လမ်း တလမ်း မဖြစ်မနေ ထပ်ဖောက်ဖို့ လို၏။ ယခုလို HIVE မှာ စာရေး ပိုစ့်တင်ခြင်းက ငွေဝင်လမ်း နောက်တလမ်းဟု ပြောရအောင်လည်း ပြောရလောက်အောင်ကြီး မဟုတ်နေသေးပေ။ ကိုယ့်မှာ HIVE power သိန်းချီ၊ သန်းချီနေလျှင်တော့ တမျိုးပေါ့။
သို့ပေမယ့် လက်ဖက်ရည်ဖိုး၊ ဘီယာဖိုး၊ တခါတလေ ခရီးစားရိတ်လိုမျိုးလေး ဖန်တီးပေးထားနိုင်တော့ မဆိုးဟု ပြောလို့ရ၏။ hive ဈေးတက်လာလျှင်တော့ မပြောတတ်ပေ။ လွန်ခဲ့သော (၃) လ (နွေရာသီ ကျောင်းပိတ်ရက် မတိုင်မီ) တုန်းက လုပ်ဆောင်ရန် အကွက်ချ စီမံထားသည့် အရာများလည်း ခုချိန်ထိ မလုပ်နိုင်၊ အကောင်အထည် မဖော်နိုင်ခဲ့ပေ။ covid သည် တကယ်ကို ဆိုးလှ၏။ ကျနော်၏ တိုးတက်ရာ တိုးတက်ကြောင်း ကြီးပွားရာ ကြီးပွားကြောင်းတွေကိုသာ မက တကိုယ်ရေစာ လွတ်လပ်ခွင့်တွေကိုပါ သိမ်းယူသွားခဲ့၏။ အခြား မဟုတ် ခုချိန်ထိ ဘောလုံး ကန်လို့ မရသေးတာဘဲ ကြည့်။
ဘာပဲ ဖြစ်ဖြစ် တချိန်ချိန်မှာ အဆင်ပြေသွားမည် ဆိုပေမယ့် အနှီ တချိန်ချိန်က ကြာလွန်း၊ ဝေးလွန်းသလို ခံစားလာရတော့၏။ လွန်ပါစေ၊ ကုန်ပါစေ၊ မြန်ပါစေလို့ ဆုတောင်းရင်း …
Don Jaun
Leave Home Stay (Chapter 51) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.