မိုး ရယ်
ပွဲဖျက်သည့် မိုးဆိုပြီး ပြောကြလေ့ ရှိသည် မဟုတ်လား။ စီစဉ်ထားသည့် ကိစ္စ ပျက်ပြယ် အထမမြောက်အောင် နှောင့်ယှက်ခြင်းကို ဆိုလို၏။ မြင်သာ ထင်သာသည့် ဥပမာဆို တန်ဆောင်တိုင်ပွဲတော်မှာ မိုးရွာခြင်း ဖြစ်၏။ မီးပုံးပျံ လွှတ်တင်ခြင်းကို လုပ်မရတော့ပေ။ တနှစ်က ပွဲရက်တောင် တိုးရသည် အထိပင်။ မိုးက ထိုမျှအထိ နှောင့်ခဲ့လေ၏။
စတိတ်ရှိုးပွဲတွေ ကွင်းပြင်မှာ ကျင်းပချိန်မှာလည်း မိုးက နှောင့်ယှက်လေ့ ရှိပြန်သေး၏။ နောက်ပိုင်း စတိတ်စင်တွေကို မိုးလုံအောင် လုပ်လာနိုင်တော့ လူတွေက မိုးထဲ ရေထဲလည်း အားပေးကြလေ၏။ မိုးက ပွဲဖျက်လို့ မရတော့ပေ။ ဘောလုံးပြိုင်ပွဲတွေလည်း မိုးရွာလေ့ ရှိ၏။ မိုးရွာလို့ ဘောလုံးပွဲ ဖျက်လိုက်ရတာမျိုးတော့ မတွေ့ မကြုံဖူးသေးပေ။ တခြားနိုင်ငံတွေမှာတော့ သည်းထန်စွာ မိုးရွာ၊ နှင်းကျလို့ ပွဲစဉ်တွေ ရွှေ့ရတာမျိုးကို မြင်သိရလေ့ ရှိ၏။
အများနဲ့ မဟုတ်ဘဲ တကိုယ်ရည်စာ နှောင့်သည့် မိုးမျိုးလည်း ရှိပါသေး၏။ ဥပမာ ကိုယ်က တခုခု လုပ်ဖို့ စီစဉ်ထားခါမှ မိုးက ထ ရွာတာမျိုးပေါ့။ နေသာလို့ အဝတ်လှမ်းခါမှ မိုးအုံ့ပြီး ထရွာတာမျိုး ပြီး ဆိုင်ကယ်လေး ရေဆေးထားမှ မိုးကရွာ၊ ကိုယ်ကလည်း အပြင် သွားစရာရှိ အဲ့လို တိုက်တိုက်ဆိုင်ဆိုင်လေးတွေ။ ဒါကြောင့်လည်း ရာသီဥတု အစိုးမရဟု ဆိုကြတာပေါ့။
မနေ့ကလည်း ကြည့်ဦး။ လပြည့်နေ့မို့ ဆွမ်း၊ ဆွမ်းဟင်း သေချာလေး ချက်ပြုတ် လောင်းလှူပါမယ်ဆိုမှ မိုးက ထရွာလေ၏။ အာရုဏ်တက် ကတည်းက ရွာခြင်း မဟုတ် သံဃာတော်တွေ ဆွမ်းခံကြွမယ့် အချိန်ကို အချိန်ကိုက် ရွာခြင်း ဖြစ်၏။ မနက် ၇ နာရီလောက် ဆွမ်းခံကြွလေ့ ရှိ၏။ ၇ နာရီထိုးခါနီး ၁၅ မိနစ်လောက် အလိုမှာ မိုးက ရွာလေ၏။ ၇ နာရီထိုးပြီး ၁၀ မိနစ်နေတော့ မိုးက တိတ်သွား၏။
သဲကြီး မဲကြီး ရွာတာမျိုးလည်း မဟုတ်ပေ။ ခပ်ဖွဲဖွဲသာ ရွာ၏။ သို့ပေမဲ့ ရေပါ၏။ ရွှဲရွှဲစိုနိုင်၏။ ထို့ကြောင့်လည်း သံဃာတော်တွေ မကြွခြင်း ဖြစ်ပေလိမ့်မည်။ သေချာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ပြင်ဆင်ထားမှ မလောင်းလှူရတော့ စိတ်မကောင်းပေ။ နောက်ရက်တွေ လှူလို့ရတာပဲလေ ဆိုပေမဲ့ ဒီနေ့အတွက် ရည်ရွယ်ထားတော့ စိတ်ထဲ မကောင်းပေ။ နောက်ရက်ပေါ့ဟုသာ စိတ်ဖြေရလေတော့၏။
Leave မိုး ရယ် to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.