Electricity (Chapter 1)
အိမ်ပြောင်းလို့တော့ ပြီးပြီ ဖြစ်၏။ သို့ပေမယ့် ပစ္စည်းတွေတော့ နေရာချလို့ မပြီးသေးပေ။ သိမ်းတုန်းက တခါတည်း တဝုန်းဝုန်းနှင့် သိမ်းကြ ဆည်းကြပြီးမှ ခု နေရာ ပြန်ချဖို့ ပြင်တော့ ဘယ်ကနေ ဘာကို စလုပ်ရမယ် မှန်း မသိပေ။ ကြားထဲ လိုအပ်တာတွေကလည်း လုပ်ရသေး၏။ အကုန်လုံးကတော့ လိုအပ်နေတာတွေ ချည်းပင်။ အရေးကြီး လိုအပ်တာကိုပဲ အရင် လုပ်ရမှ ရမည် ဖြစ်၏။ ရေနှင့် မီးပေါ့။ မီးက မီတာဘောက် ရှိထားပြီး ဖြစ်၏။ ရေကတော့ မရသေးပေ။ လောလောဆယ် ရေတွင်း မတူးနိုင်သေးတော့ အိမ်နှင့် သိပ်မဝေးသည့် နေရာကနေ ရေသွယ်ဖို့ ပြင်ထား၏။
ရေ မီတာ တက်ပြီး မိမိတို့ သုံးသလောက်၊ ကျသလောက်ကို ပေးပေါ့။ တလ တခါ လကုန်ပေးပေါ့။ ရေကတော့ ထိုသို့ လုပ်လိုက်လျှင် အဆင်ပြေပြီ ဖြစ်၏။ ပြေမယ် ထင်ပြီး မပြေသေးတာက မီး ဖြစ်၏။ မီတာဘောက် ရှိပြီး ဖြစ်ပေမယ့် မီးအားက မကောင်းပေ။ မကောင်းတာမှ အတော်လေးကို မကောင်းခြင်း ဖြစ်၏။ မီးအားက 100 နှင့် 180 ကြားလောက်သာ ရှိ၏။ 200, 220 ပြည့်တာကို တခါသားမှ မတွေ့သေးပေ။ 300 W မီးဆွဲစက်လေးနှင့် ကြည့်လို့ ရသည့် TV တောင် ကောင်းကောင်း ကြည့်လို့ မရပေ။ ဆိုးတာက အားက လုံး၀ နည်းနေခြင်းမျိုး မဟုတ်ပေ။
မီးအားက တက်လိုက် ကျလိုက်နှင့် တကယ့်ကို ဆိုးလှ၏။ တက်လာလိုက် ကျသွားလိုက်နှင့် မီးအား အတင်အချ နှင့် အတော်လေးကို ဟုတ်နေတော့၏။ ရေ အရင် မလုပ်သေးခင် အဆိုပါ မီးကို အရင် လုပ်မှ ရမည် ဖြစ်၏။ မီးဆွဲစက် မီးအားမြှင့်စက် တခုခုနှင့် တွဲပြီး သုံးမှ ရပေလိမ့်မည်။ 3K 5K တို့လို မျိုးတွေပေါ့။ ဈေးကလည်း မသေးပေ။ ထို အကြောင်းကို လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတွေကို ပြောပြမိ၏။
ထိုအခါ phone service လုပ်သည့် သူငယ်ချင်းက သူ့မှာ 3K တလုံး ရှိကြောင်း ပြောလာ၏။ ယခင် ဆိုင် အဟောင်း (ဘုရားဖြူ ရပ်ကွက်) မှာတုန်းက မီးအား မကောင်းတော့ အဆိုပါ မီးအားမြှင့်စက်နှင့်မှ အလုပ်လုပ်လို့ ရသည် ဆို၏။ ယခု နေရာသစ် (ရေအေးကွင်း ရပ်ကွက်) မှာတော့ မီးအားကောင်းနေသဖြင့် မလိုဟု ပြော၏။ ယူပြီး စမ်းသုံးကြည့်ချင် သုံးကြည့်နိုင်ကြောင်း ဆိုလာ၏။ သို့နှင့် ကျနော်လည်း ဟန်ကျပြီ ဆိုပြီး လက်ဖက်ရည် သောက်ပြီးသည်နှင့် သူငယ်ချင်း၏ ဆိုင်သို့ လိုက်သွားပြီး တပါတည်း သယ်လာလိုက်တော့၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Leave Electricity (Chapter 1) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.