
သမာဓိ
မေး - တရားအားထုတ်ရာမှာသမာဓိကောင်းအောင် ငြိမ်နေရမယ် မဟုတ်ပါလား။
ဖြေ - တရားကို သမထဝိပဿနာလို့ ခွဲပါ။ သမထသမာဓိ၊ ဝိပဿနာသမာဓိလို့လည်း နှစ်မျိုးသဘောပေါက်ပါ။ သမထသမာဓိက အာရုံတစ်ခုတည်းကို စူးစိုက်ပြီး ထပ်ခါထပ်ခါ ကသိုဏ်းနိမိတ်စတဲ့ သမထရဲ့ ပညတ်အာရုံကိုပဲ စိတ်ရောက်နေအောင် တည်နေ၊ ကြည်နေအောင် ထားနိုင်တဲ့သတ္တိရှိတယ်၊ ဈာနသမာဓိလို့ခေါ်တယ်။
ဝိပဿနာသမာဓိက ရုပ်နာမ်ခန္ဓာဆိုတဲ့ ပရမတ်အာရုံအပေါ် စိတ်ရောက်နေအောင် တည်နေ၊ ကြည်နေအောင် လုပ်ပေးထားနိုင်တဲ့ ဝိပဿနာစိတ်ကို တည်ကြည်စေတဲ့ သတ္တိရှိတယ်။ ခဏိကသမာဓိလို့ ခေါ်တယ်။
သတ္တိချင်းတူပေမယ့် သမထအာရုံက မြဲတဲ့အာရုံ၊ ခုစိတ်လည်း ဒီအာရုံ၊ နောက်ထပ်နောက်ထပ်စိတ်တွေလည်း ဒီအာရုံကိုပဲ သိနေတယ်။ အာရုံကို မြဲအောင်လို့ နှလုံးသွင်းရတယ်။ ဝိပဿနာအာရုံက အမြဲမပြတ်ဖောက်ပြန် ပြောင်းလဲနေတဲ့ ရုပ်နာမ်ပရမတ်အာရုံ၊ အာရုံအမြဲပြောင်းလဲသလို ရှုစိတ်လည်းပြောင်းလဲနေတယ်။ အာရုံတစ်ချက်၊ ရှုစိတ်တစ်ချက် အသိနဲ့ဆုံအောင်နေနိုင်ရင် သမာဓိရှိနေပါပြီ။ အာရုံမှာ ရှုစိတ်ရောက်အောင် စိတ်ခဏတိုင်း ခဏတိုင်းမှာ တင်ပေးဆောင်ပေးတဲ့ သမာဓိမို့ ခဏိကသမာဓိလို့ခေါ်တယ်။ သမာဓိကောင်းအောင် ငြိမ်နေရမယ်ဆိုတာ ကိုယ်ကောင်ကြီး ငြိမ်နေတာကို ရည်ရွယ်ပြီးပြောတာဖြစ်မယ်။
ကိုယ်ငြိမ်တာ၊ စိတ်ငြိမ်တာ၊ အာရုံငြိမ်တာလို့(၃)မျိုးခွဲလိုက်ပါ။ သမာဓိဆိုတာ နာမ်တရား စိတ်နဲ့ဆိုင်တယ်။ စိတ်မှာယှဉ်တယ်။ ကိုယ်မှာ မယှဉ်ဘူး။ သမာဓိရှိတာဟာ ကိုယ်ငြိမ်တဲ့အထဲမှာ မပါဝင်ဘူး။ အများလည်းသိကြပါတယ်။ ကိုယ်ကောင်ကြီးကသာ ငြိမ်နေပေမယ့် စိတ်မငြိမ်တာ ကြုံဖူးမှာပေါ့။ ကိုယ်ငြိမ်ပေမယ့် စိတ်မငြိမ်ပါဘူး။ ဒါပေမယ့် စိတ်ငြိမ်ရင်တော့ တစ်ခါတလေ ကိုယ်ငြိမ်တတ်ပါတယ်။ စိတ်ငြိမ်တာကလည်း ပရမတ်စိတ်သဘောဟာ မငြိမ်ဘဲ ဖောက်ပြန်နေတယ်။ မိမိက မြဲတယ်၊ ငြိမ်တယ်လို့ နှလုံးသွင်းထားတဲ့ အာရုံပေါ်မူတည်ပြီး စိတ်ငြိမ်တယ် ထင်တတ်တာပါ။
သမထအတွက် အာရုံငြိမ်တယ်လို့ နှလုံးသွင်းထားတော့ ငြိမ်တယ်လို့ဆိုကြတာပေါ့။ ဗုဒ္ဓါနုဿတိအနေနဲ့ ဘုရား အာရုံကို ဂုဏ်တော် ပုံတော် ထင်အောင်ပြုပြီး သွား ရပ် ထိုင် လျောင်း ပွားလို့ရတဲ့ သမထအလုပ်ပါ။ မေတ္တာဘာဝနာလည်း သွားရပ်ထိုင်လျောင်း ပွားလို့ရတဲ့ သမထအလုပ်ပါပဲ။
သမထအာရုံ ထင်ရှားပြီး ငြိမ်နေပေမယ့် ကိုယ်အမူအယာ ပြောင်းလဲနေလို့ ရပါတယ်။ သဘောပေါက်ကြပါ။ တချို့က ပဋိဘာဂနိမိတ် ရလုရခင်အချိန်ကလေးမှာ ထိုင်ဣရိယာပုတ်က ထမသွားဘဲ ခဏနေပေးရတာမျိုးကို ကြားဖူးလို့ဖြစ်ဖြစ်၊ ဖလသမာပတ်၊ နိရောဓသမာပတ်ဝင်စားတဲ့အခါမှာ ဖြစ်ဖြစ်၊ ကိုယ်ငြိမ်နေတာမျိုးတော့ ရှိတတ်ပါတယ်။ ဒါတွေနဲ့ ဝိပဿနာဉာဏ်ရအောင် အားထုတ်တာနဲ့ ရောမသွားစေချင်ဘူး။
ကိုယ်ကောင်ငြိမ်မှ တရားရတယ် ထင်ပြီး တမင်သက်သက် ငြိမ်အောင်လုပ်နေရင် အဲဒီလုပ်တဲ့ အထဲမှာပဲ စိတ်ရောက်ပြီး တရားအလုပ် အားမထုတ်ဖြစ်ဘူး။ ငြိမ်နေရင် တရားကောင်းတယ်ထင်လို့ ကြာကြာထိုင်ရတာကို ကျေနပ်ပြီး ဒါနဲ့ပဲ ဘာသတိ၊ ဘာပညာမှ မတိုးတက်ရင် မှားနေပါပြီ။ ကိုယ်ငြိမ်အောင်နေလို့ ကိုယ်ကောင်ကြီး ငြိမ်နေတာက အရေးမကြီးဘူး၊ သတိ၊ ဝီရိယ၊ ပညာတွေ ကောင်းဖို့သာ အရေးကြီးပါတယ်။
ကိုယ်ငြိမ်တာ ၊ မငြိမ်တာ အဓိကမဟုတ်ပါဘူး။
- သတိလည်းရှိ၊ ဉာဏ်လည်းရှိ၊ အသိပြည့်စုံကြပါစေ. . .
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ ဝိပဿနာတရားသင်တန်း အမေးအဖြေများ(၁)စာအုပ်မှ ကူးယူမျှဝေပါသည်…
#ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ
Leave သမာဓိ to:
Read more #good-karma posts
Best Posts From AungThura
We have not curated any of wealthmaster's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.