AungThura avatar

ဓမ္မ

wealthmaster

Published: 25 Jun 2018 › Updated: 25 Jun 2018ဓမ္မ

ဓမ္မ

မေး - ကြာကြာထိုင်နိုင်မှ တရား ရပါသလား။

ဖြေ - တရားအားထုတ်တဲ့ အသိုင်းအဝိုင်းမှာ ကြာကြာထိုင်နိုင်မှ တရားရတယ်ဆိုတဲ့ အစွဲက ကြီးလွန်းပါတယ်။ တရားဆိုတာ ကောင်းကျိုးချမ်းသာ ရစေနိုင်တဲ့ ကုသိုလ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ကုသိုလ်မျိုးစုံနဲ့ ဆိုင်တာပေါ့။

ဒါနကုသိုလ် အလှူပေးတဲ့အခါ ထိုင်တဲ့ အမူအယာနဲ့သာ အလှူပေးရမယ်လို့ သတ်မှတ်မထားပါဘူး။ သီလကုသိုလ်လည်း ထိုင်နေပြီးတော့သာ စောင့်ထိန်းရမယ်လို့ မဆိုပါဘူး။ သမထ ဝိပဿနာနဲ့ ပတ်သက်လို့လည်း စဉ်းစားကြဖို့ ကောင်းတယ်။

သမထဘာဝနာထဲက မေတ္တာဘာဝနာကုသိုလ်ကို ပွားများရင် သွားရင်း၊ ရပ်ရင်း၊ ထိုင်ရင်း၊ လျောင်းရင်း ပွားများလို့ ရပါတယ်လို့ ဘုရားရှင်က မိန့်တော်မူတယ်။ တကယ် လက်တွေ့မှာလည်း ပွားများလို့ ရတာပါပဲ။ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ စတဲ့ သမထကမ္မဋ္ဌာန်းတွေဟာလည်း ဣရိယာပုတ် အမူအယာမျိုးစုံနဲ့ ပွားများလို့ ရပါတယ်။

ကသိုဏ်းဆယ်ပါး အားထုတ်ရာမှာတော့ (ပဋိဘာဂနိမိတ်) အပြင်အာရုံနဲ့ မိမိစိတ်ထဲမှာ ထင်တဲ့ အာရုံ၊ ထပ်တူထပ်မျှ သဘောဆောင်တဲ့ ကသိုဏ်းနိမိတ်ဟာ စိတ်ထဲ ခိုင်မြဲအောင် မထင်ရှားသေးခင် အချိန်ခဏမှ ထိုင်ဣရိယာပုတ်ကို မပြောင်းပြင်ဘဲ နေပေးရပါတယ်။ ပြောင်းရွှေ့လိုက်ရင် ပဋိဘာဂနိမိတ်ထင်ဖို့ မလွယ်ဘူး။ ပျက်လည်း ပျက်တတ်လို့ပေါ့။ ဒီနိမိတ် ထင်ရှားရင် ထသွားလို့ ရပါပြီ။ သမထအားထုတ်ရာမှာ မထရ၊ မရွှေ့ရဆိုတာ အချိန်အတိုင်းအတာ တစ်ခဏ လောက်သာပါ။

ဝိပဿနာတရား အတွက်ကတော့ သွားရင် သွားမှန်းသိ၊ ရပ်ရင် ရပ်မှန်းသိ. . . ကျင်ကြီးကျင်ငယ် စွန့်ရင်လည်း စွန့်မှန်းသိလို့ ဘုရားရှင်က မိန့်တော်မူထားပါတယ်။ အထိုင်ကြာမှ တရားရတယ်ဆိုတဲ့ အစွဲကြီးကိုတော့ သေသေချာချာ စဉ်းစားကြဖို့ ကောင်းတယ်။

ဘာဝနာတရား အားထုတ်ရာမှာ ထိုင်တဲ့အမူအယာ ဣရိယာပုတ်က အားမထုတ်တတ်သေးတဲ့ သူတွေအတွက် အခြေခံအစ သင့်တော်လို့ ညွှန်ပြတဲ့ စကားပါ။ နိရောဓသမာပတ်၊ ဖလသမာပတ် ဝင်စားတော်မူကြတဲ့ အရိယာပုဂ္ဂိုလ်ကြီးတွေ အတွက်တော့လည်း ကြာကြာထိုင်ကြတယ်ဆိုတာ ဟုတ်ပါတယ်။ ချုပ်ငြိမ်းမှု ချမ်းသာ ဖိုလ်ချမ်းသာတွေကို ခံစားဖို့ အဓိဋ္ဌာန် သဘောနဲ့ နေကြတာပါ။

အဓိကအားဖြင့် ဝိပဿနာ အသိဉာဏ်ရအောင် အားထုတ်နေတဲ့ သူတွေအတွက် ရုပ်နာမ်ပရမတ်အာရုံကို ကြည့်နေပါတယ်။ ရုပ်နာမ်အာရုံဆိုတာက ထိုင်နေနေ၊ ရပ်နေနေ၊ သွားနေနေ သဘောတရား မပြောင်းလဲပါဘူး။ အမူအယာကိုယ်ကောင်ကြီးသာ ပြောင်းလဲတာပါ။

ကြာကြာ ထိုင်နေပြီး အာရုံတခြား စိတ်က သွားနေမယ်၊ ရောက်နေမယ်။ ထိုင်နေရင်း အိပ်ပျော်နေမယ်။ အသိလွတ်ပြီး မှိန်းနေမယ်ဆိုရင်တော့ ဝိပဿနာတရား မဖြစ်ပါဘူး။ အလကား ပါပဲ။

ဒါကြောင့် ကြာကြာထိုင်တာနဲ့ တရားရတာနဲ့ မဆိုင်ပါဘူး။ အသိဉာဏ် တိုးတက် မြင့်မားတာသာ တရားနဲ့ ဆိုင်ပါတယ်။

သတိလည်းရှိ၊ ဉာဏ်လည်းရှိ၊ အသိပြည့်စုံကြပါစေ. . .

ညွှန်း-ဝိပဿနာတရားသင်တန်း အမေးအဖြေများ(၁)

#ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ

Leave ဓမ္မ to:

Written by

Read more #good-karma posts


Best Posts From AungThura

We have not curated any of wealthmaster's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From AungThura