ICO
ICO ဆိုတဲ့ ဝေါဟာရကို crypto နယ်ပယ်ထဲကလူအတော်များများကြားဖူးကြမယ်ထင်ပါတယ်။ 2017ခုနှစ်ကနေ 2021 ခုနှစ်ကြားထဲမှာ ထွက်ခဲ့တဲ့ crypto project အတော်များများဟာ ICO စနစ်ကို ကျင့်သုံးခဲ့ကြတာကိုတွေ့ရပြီး နောက်ပိုင်း project အချို့ဟာလည်း သုံးနေကြဆဲပါ။
ဒါဆိုရင် ICO ဆိုတာ ဘာလဲ?
ICO ဆိုတာကတော့ Initial Coin Offering ဖြစ်ပါတယ်။ Coin ဆိုတာကတော့ crypto project တစ်ခုခုက ထုတ်တဲ့ cryptocurrency တစ်နည်းအားဖြင့် crypto token တွေကို ရည်ညွှန်းတာပါ။ Crypto project တစ်ခု ဒါမှမဟုတ် နည်းပညာဆိုင်ရာလုပ်ငန်းတစ်ခုအစပျိုးရာမှာ project development အတွက် ငွေကြေးအရင်းအနှီးတွေ လိုအပ်လာတဲ့အခါမျိုးတွေဆိုရင် token supply တွေထဲက တစိတ်တပိုင်းကို ICO အဖြစ်နဲ့ ထုတ်ရောင်းတတ်ကြပါတယ်။ ဒီလိုထုတ်ရောင်းရာမှာ ချက်ချင်းသုံးလိုက်လို့ရတဲ့ token တွေအဖြစ်နဲ့ ထုတ်ရောင်းကြတာမျိုးတွေလည်း ရှိပြီးတော့ project ပြီးသွားတဲ့အခါမျိုးမှ ပြန်သုံးလို့ရနိုင်မယ့် token တွေ အဖြစ်ရောင်းကြတာမျိုးတွေလည်း ရှိပါတယ်။
ICO စနစ်ကို 2014 ခုနှစ်၊ Ethereum project development အတွက် မ,တည်ငွေရှာရာမှာ အသုံးပြုခဲ့ရာကနေ နာမည်ကြီးသွားခဲ့ပြီးတော့ 2014 ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ crypto project အတော်များများဟာလည်း ICO တွေ တောက်လျှောက်ပေးခဲ့ကြပါတယ်။ အထူးသဖြင့် 2017 ခုနှစ်မှာ Bitcoin ကို လူအတော်များများ အရမ်းစိတ်ဝင်စားခဲ့ကြတုန်းက ပေါ်လာတဲ့ crypto project အတော်များများဟာ ICO တွေပေးပြီး မ,တည်ငွေတစ်ခုထူထောင်ခဲ့ကြတာများပါတယ်။
ဒီလိုအချိန်တွေမှာတုန်းက နာမည်ကြီးခဲ့ပြီး အခုချိန်ထိ အောင်မြင်နေဆဲ crypto project တွေထဲမှာတော့ Ethereum၊ Cardano၊ Filecoin နဲ့ NEO တို့ ပါဝင်ပါတယ်။
IPO (Initial Public Offering)
လူအတော်များများက ICO တွေကို IPO (Initial Public Offering) နဲ့ မှားတတ်ကြပါတယ်။
IPO တွေဟာ company တစ်ခုရဲ့ ရှယ်ယာတွေကို ကြိုတင်ထုတ်ရောင်းပြီးတော့ အရင်းအနှီးတစ်ခုမ,တည်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ နောက်ပိုင်းကျ company ရဲ့ တန်ဖိုးတက်လာပြီး ရှယ်ယာတွေလည်း တန်ဖိုးတက်လာတဲ့အခါ IPO မှာ ဈေးနည်းနည်းနဲ့ ဝယ်ထားလိုက်သူတွေဟာ company ရဲ့ ရှယ်ယာရှင်တွေ ဖြစ်လာကြမှာပါ။
ICO နဲ့ IPO မတူတဲ့အချက်ကတော့ ICO တွေဟာ token supply တွေ တစ်နည်းအားဖြင့် သူတို့ရဲ့ product တွေကို ထုတ်ရောင်းတာဖြစ်လို့ ဝယ်သူတွေဟာ crypto project မှာ project ရဲ့ တည်ဆောက်ထားမှုအပေါ် မူတည်ပြီး ရှယ်ယာရှင်အဖြစ် project ကို တစိတ်တပိုင်းပိုင်ဆိုင်သွား နိုင်သလို မပိုင်ဆိုင်သွားတာလည်း ရှိနိုင်ပါတယ်။
ICO တွေအတော်များများဟာ cryptocurrency နယ်ပယ်ထဲမှာ အခုမှစတင်မယ့် project တွေ ဖြစ်လေ့ရှိပေမယ့်လည်း အောင်မြင်ပြီးသား project တွေကနေ ပြန်ထုတ်တာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။ ဒီလို ICO မျိုးကိုတော့ Reverse ICO (ပြောင်းပြန် ICO) လို့ ခေါ်ဆိုကြပါတယ်။
Project တစ်ခုဟာ သူတို့ရဲ့ product တွေ၊ service တွေနဲ့ လူသိများ၊ အောင်မြင်ပြီးသားဖြစ်ပေမယ့်လည်း ကိုယ်ပိုင် token မရှိသေးတဲ့အခါမျိုးတွေမှာ token supply ရဲ့ တစိတ်တပိုင်းကို Reverse ICO အဖြစ်နဲ့ ထုတ်ရောင်းတတ်ကြပါတယ််။
Reverse ICO တွေ သုံးလိုက်တာကြောင့် project ကိုလည်း လူအများက ပိုသိလာနိုင်သလို token တွေကို ရောင်းရတဲ့ပိုက်ဆံတွေနဲ့လည်း အခြား crypto product ဒါမှမဟုတ် service တစ်ခုခုကို develop လုပ်နိုင်သွားမှာပါ။
အရှင်းဆုံးပြောရရင်တော့ company က ထုတ်တဲ့ ပစ္စည်းအသစ်ကို ဈေးသက်သက်သာသာနဲ့ ထုတ်ရောင်းပေးလိုက်တာဖြစ်ပြီး ဒီပစ္စည်းဟာလည်း ဈေးတန်းတစ်ခုနဲ့ အရောင်းအဝယ်ပြန်လုပ်လို့ရမယ့် ပစ္စည်းဖြစ်တဲ့အပြင် ဒီပစ္စည်းရှိတဲ့သူတွေဟာလည်း project ရဲ့ တည်ဆောက်ထားမှုအပေါ် မူတည်ပြီး company မှာ အကျိုးခံစားခွင့်တွေ ရနိုင်မယ့်ပုံစံမျိုးပါပဲ။
Leave ICO to:
Read more #hive-122133 posts
Best Posts From Myan Crypto
We have not curated any of myancrypto's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.