Upgrade
အချိန်တို့ ခရီးဆက်နေ၏။ ခေတ်သည် ရပ်တန့် မရသည့် ယာဉ် ဖြစ်၏။ တိုးတက်ပြောင်းလဲလာသော ခေတ်နှင့် အညီ နေခတို့ မြို့၌လည်း ကွန်ဒိုဟုခေါ်သည့် အထပ်မြင့် အဆောင်အဦးများ အလျှိုလျှို ပေါ်ပေါက်လာခဲ့၏။ လူနေမှုအဆင့် မြင့်မားလာခြင်းကို မဆန့်ကျင်ပေမယ့် နေခတို့ မြို့လေး တည်ရှိနေပုံက ထိုအထပ်မြင့် အဆောက်အဦးတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်သည်။ မြို့နေလူထုရဲ့ အ၀ီစိမြေအောက်ရေ တူးဖော်မှုများကြောင့် မြေအောက်ရေဆုံးရှုံးမှု မြင့်မားကာ မြေအောက်၌ဂလိုင်များ ဖြစ်လာနိုင်သည်။ အိမ်တိုင်းနီးပါး မြေပေါ်၌ကွန်ကရစ်အပြည့် ခင်းထားမှုကလည်း ကောင်းကင်က ကျဆင်းလာမည့် မိုးရေကို မြေအောက် အတွင်းသို့ ၀င်ခွင့်မရအောင် ပိတ်ပင်ထားသလို ဖြစ်နေ၏။ ဂလိုင်များ ပိုမိုနေရာရလာဖို့ အနှီ ကွန်ကရစ်များက ကူညီ ပေးနေသလိုလိုပင်။ မြို့၏ တည်နေပုံကြောင့် မုန်တိုင်းရန်ကို ကြောက်စရာ မလိုပေမယ့် ငလျင်များ လှုပ်လိုက်သော်ဟု မတွေးရဲတွေးရဲ နေခတွေးမိသည်။ ပြောလို့မရ.. နေခတို့ မြို့လေးက ငလျင်ကြော ပေါ်တွင်ရှိသည် မဟုတ်လော။ နေခတို့သည် ကြိုတင်ကာကွယ်ခြင်းထက် ကူညီကယ်ဆယ်ရေးကို ပိုမို ကြိုက် ကြသည် ကိုး။ ဖြစ်မလာသေးပေမယ့် သသာဝလေးအန္တရယ်အတွက် ကြိုတင် ကာကွယ်လေ့ကျင့် ထားမှုများ လုပ်ဆောင်ထားဖို့ လိုအပ်သည်ဟု နေခ ယုံကြည်သည် ။
ထားပါလေ ဒါက နေခ အရင်ကတည်းက တွေးမိနေတာပါ။ ပြောလည်း ပြောပြခဲ့ဘူးပေမယ့် ခုထိတော့ အရာမထင်သေး။
တလောက နေခတို့ တက္ကသိုလ်မှာ စာပေဟောပြောပွဲလေးလုပ်သည်။ တတိယ ကြိမ်မြောက်တဲ့။ ဘွဲ့ရပြီး ကတည်းက သိပ်မရောက်ဖြစ်သည့် အမိကျောင်းတော်ဆီ ရောက်ဖြစ်၏။ ကျောင်းသူ ကျောင်းသားလေးတွေ မြင်တော့ လွန်ခဲ့သည့် နှစ်များဆီက မိမိ၏ ကျောင်းသားဘ၀လေးများကို နေခ ပြန်လည်မြင်ယောင်၏။ သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ ကျောင်းသွား စာသင် ပျော်ပါး စနောက် ကျောင်းပြန်။ ဒါတောင် အိမ်တန်း မပြန်ပဲ ညဈေးတန်းဝင်ပြီး အဆာပြေ စားသောက်ပြီးမှ အိမ်သို့ ပြန်၏။ ပျော်ရွှင်ဖွယ် အပူအပင်ကင်းတဲ့ ဘ၀ပါလေ။ ကဲ ... ပြောချင်တဲ့ နေရာက ခုမှ ရောက်တယ်။
ဟုတ်တယ် .. ညဈေး။ နေ့လည် နှစ်နာရီလောက်ကနေ ည တဆယ့်နှစ်နာရီထိဖွင့်တဲ့ ညဈေး။ ကျောင်းသားဘ၀ကတည်းက ကျောင်းပြန်ချိန်တိုင်း သူငယ်ချင်းတွေ စုံစုံမက်မက် ထိုင်ဖြစ်ကြတဲ့ ညဈေးတန်းလေး။ ကျောင်းပြီးသွားသည့်တိုင်အောင် တခါတလေ ညနေဖက် ညဖက် သွားသွားထိုင်ဖြစ်သေးတဲ့ ညဈေး။ တန်ဆောင်တိုင် မနက် မိုးသောက်ခါနီးအချိန်ထိ အပီလည်ပြီး အပြန် ဗိုက်ဆာလို့ ၀င်ဝင်စားတဲ့ ညဈေး။ ... ။
ခုတော့ ထိုညဈေးလေးနှင့် နေခ ဝေးနေခဲ့သည်မှာ အတော်ကြာပြီ။ လျော့နည်းလာသည့် အစားအစာ သန့်ရှင်းရေး ဂရုစိုက်မှု၊ မိမိဆိုင်အနီးနား ပတ်ဝန်းကျင် သန့်ရှင်းမှုကို ဂရုမစိုက်ခြင်းတို့ကြောင့် သိပ်ကြိုက်သည့် ညဈေးလေးသို့ နေခ မရောက်ဖြစ်တော့။ ကြီးကြီးကျယ်ကျယ် နေခရယ် မင့်မင်း မစားချင် မစားနဲ့ပေါ့ဟု ပြောလိုက ပြောပါ မိတ်ဆွေ။ သို့သော် နေခတို့ သိခဲ့ စားခဲ့ ထိုင်ခဲ့သည့် ညဈေးသည် တချိန်က ယခုချိန်ထက်တော့ သန့်ရှင်းသည် သပ်ရပ်သည်။ တမြို့တရွာက လူများကပင် နေခတို့ မြို့ကိုရောက်တိုင်း အနှီညဈေးသို့ တခုတ်တရနဲ့ လာရောက် လည်ပတ် စားသုံးနေကြ။ ယခုများ မိုးများရွာလိုက်က ဗွက်တပေပေ တဗြဲဗြဲနှင့်။ မိုးရွာရွာ မရွာရွာ ဘေးက မြောင်းလေးက ရေမစီးပဲ ဆယ့်နှစ်ရာသီ ထိုအတိုင်း ငြိမ်ငြိမ်သက်သက်။ လွမ်းသည် တချိန်က ညဈေးလေးကို လွမ်းသည်။
ပြောင်းလဲလာသော အချိန်တို့နှင့်အတူ နေခတို့ ညဈေးတန်းလေးလည်း တဖြည်းဖြည်း ဖရိုဖရဲ ဖြစ်လို့။ ညဈေးနှင့် မျက်နှာချင်းဆိုင်က Shopping Center ကြီးက ဟည်းနေပြီး ညဈေးလေးက ဆုတ်ချာနေမြဲ လို့တော့ နေခတို့ အဖြစ် မခံနိုင်ပေ ။ ထို ညဈေးတန်းလေးကို အဆင့်မြင့်တင် (upgrade) လျှင် ကောင်းမည်။
အောက်ခံ အခင်းများကို သေချာသပ်သပ်ရပ်ရပ်လေး လုပ်မည်၊ ဘေးက မြောင်းသေးပေမယ့် ရေမနည်းသည့် ကတုတ်လေးကို ရေစီးသွားအောင်လုပ်မည်၊ ဆိုင်တိုင်း အစားအစာ သန့်ရှင်းရေးနှင့် မိမိဆိုင်ပတ်ဝန်းကျင် သန့်ရှင်းရေးကို တာဝန်ယူ တာဝန်ခံ မည်၊ စားသုံးသူတွေကလည်း စည်းကမ်းတကျ ရှိမည်ဆိုလျှင် နေခတို့ ညဈေးလေး ဘာလို့ ပြန်လည်၍ဦးမမော့နိုင်ရမှာလဲ။ နိုင်ငံတကာက ညဈေးတန်းများနှင့် တောင်ရင်ဘောင်တန်းနိုင်လာလိမ့်မည်ဟု နေခ ယုံကြည်သည်။ မကြာမီ မျက်နှာချင်းဆိုင်က Shopping Center ကြီးဖွင့်လာတော့မည်။ ထိုအခါ ညဈေးတန်းလေးလည်း ယခုထက် ပိုမိုစည်ကားလာလိမ့်မည်။ မျက်နှာပန်းလှနေသည့် ညဈေးတန်းလေးကြောင့် အခြားမြို့မှလူများ နှစ်သက်စွာ လည်ပတ်စားသုံးမည်၊ ချီးမွမ်းမည်၊ ညွှန်းဆိုကြမည်။ ထိုကြောင့် ညဈေးတန်းလေးကို နေခတို့ (upgrade) လုပ်ဖို့ လိုသည်။
တယောက်အားနဲ့ မဖြစ် အများစုပေါင်းမှ ရမည်။ အများတောင်မှ ကဏ္ဍစုံမှ လူစုံပါဖို့လိုသည်။
မီးဖို ဖိုခနောက် သုံးချောင်းထောက်လိုပေါ့။ တာဝန်ရှိသူတွေ၊ ဆိုင်ပိုင်ရှင်တွေ နှင့် နေခတို့လို စားသုံးသူများ ပူးပေါင်း လုပ်ဆောင်လိုက်ပါက ထိုညဈေးလေး အရောင်ထွက်လာပေလိမ့်မည်။
ပြောင်းလဲချိန်တန်ပြီ ဆိုသော စကားအတိုင်း
ကဲ ... ညဈေးတန်းလေးကို တက်ညီလက်ညီ (upgrade) လုပ်လိုက်ကြပါစို့လား ... ဗျာ။
(ယခင် နှစ်က ရေးဖွဲ့ထားသော စာလေး ဖြစ်၏။ ယခု အခါ ကျနော်တို့ ညဈေးတန်းလေးသည် ယခင်ထက်တော့ သပ်ရပ် သန့်ရှင်း လာပြီ ဖြစ်၏။ သို့သော် စိတ်ကျေနပ်ဖွယ် အနေအထား တရပ်သို့ ရောက်ရှိရန်မူ လိုအပ်ချက်များ ရှိနေသေး၏။ ညဈေးတန်း ကြောင်း ဆက်လက် ရေးသားပါဦးမည်။)
Don Jaun
MSC 31
Leave Upgrade to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.