Don Jaun avatar

Home Stay (Chapter 54)

donjaun

Published: 29 May 2020 › Updated: 29 May 2020Home Stay (Chapter 54)

Home Stay (Chapter 54)

85ptci.jpg

ကြွက်က အိမ်ကြွက်အပြင် မြေကြွက်တွေပါ မိ၏။ ဝန်ထမ်းအိမ်ယာဆိုတော့ သိသည့်အတိုင်း လူကစုံ၊ လူကများ ဆိုတော့ အမှိုက်ကလည်း များ၏။ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ကြသဖြင့် ကြာတော့ ကြွက်တွေ အတွက် စားစရာ မပူရတော့ပေ။ ထို့ပြင် အဆိုပါ ကြွက်တွေ၏ ပွားနှုန်းကလည်း ကြောက်ခမန်း လိလိ မလား။ အခြား မပြောနှင့် နေ့စဉ် နေ့တိုင်း နီးပါးလောက် ကျနော် ကြွက်တွေ သွားသွား လွှတ်ပေးနေရတာပဲ ကြည့်လေ။ အစောပိုင်းက အိမ်ကြွက်တွေပဲ မိနေရာကနေ နောက်ပိုင်းမှာတော့ မြေကြွက်တွေပါ မိလာတော့၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မြေကြွက်တွေ နယ်ချဲ့လာသည်ဟု ပြောလို့ ရ၏။ အခြား အိမ်တွေထက် ကျနော်တို့ အိမ်က ကြွက်ဒဏ်ကို ပိုပြီး ခံရ၏။ အနှီကြွက်တွေကလည်း တကယ်ကို လွန်လွန်း၏။ မသတ်လို့ပဲ ပိုပိုဆိုးလာကြသလားပေါ့။ ကြာတော့ စေတနာပင် ပျက်ချင်လာ၏။ သို့ပေမယ့်လည်း အတွေးက အတွေးပင် လက်တွေ့မှာတော့ အရှင်ဖမ်းလိုက်၊ လွှတ်ပေးလိုက်နှင့်ပင် လုံးခြာလည်လိုက်လို့ နေ၏။ နေ့တိုင်း မိနေလို့ လွှတ်ပေးလိုက်တဲ့ ကောင်တွေများ အိမ်ပြန်လာကြသလားဟု တွေးနေမိပြန်၏။ ငါ သွားလွှတ်တာလည်း အဝေးကြီးပါပေါ့။

zgswgb.jpg

ကြွက်ပြီးလျှင် ခွေးတွေလည်း ရှိသေး၏။ သိသည့်အတိုင်း ကျနော်တို့ ဝန်ထမ်း အိမ်ယာ ဝန်းထဲမှာ ခွေးတွေ အများကြီး ရှိသည်ကို သိကြသည် မဟုတ်လား။ (ထို အကြောင်းကို ကျနော် ရေးခဲ့ဖူး၏) အနှီခွေးတွေက နေ့ဆို အိပ်ပြီး ညဆို တဝုန်းဝုန်း တရုန်းရုန်းနှင့် အတော်လေး ဆူကြ၏။ ခွေးပဲလေ ဆူမှာပေါ့ ဆိုပေမယ့် သူတို့ဟာက အတော်လေး လွန်၏။ ခွေးအုပ်ထဲမှာက ခွေးမတွေကော ပါနေသဖြင့် ပိုဆိုးတော့၏။

ရပ်ကွက်ထဲက ခွေးတွေပါ ပါလာတော့၏။ အုပ်လိုက်ကြီး ဝုန်းဝုန်း ဝူးဝူးနှင့် ကိုက်လိုက်ကြ၊ ဟောင်လိုက်ကြနှင့်။ မကိုက်ကြသည့်အခါမျိုးကြ ခွေးသဘာဝအတိုင်း အူကြပြန်သေး၏။ တကောင်ပြီး တကောင် အူကြခြင်းဆိုတော့ ခွေးအူသံတွေက တော်တော်နှင့် မဆုံးတော့ပေ။ အိပ်ကောင်းသည့် အချိန်မှ ထထပြီး အူကြ၊ ဟောင်ကြသဖြင့် အိပ်ရေးက ပျက်ရပြန်၏။ ခွေးအုပ်ထဲက ခွေးမလေးတွေ အရွယ်မရောက်ခင်တုန်းကတော့ သိပ်မသိပေ။ ခု သူတို့က အရွယ်ရောက်လာပြီ ဖြစ်သဖြင့် ခွေးတွေ တအုန်းအုန်း ဖြစ်နေရခြင်း ဖြစ်၏။

နေ့လည်ခင်းကျ အိပ်၊ ညကျ ဆူနှင့် အနှီခွေးတွေက ဟုတ်တော့ ဟုတ်နေကြ၏။ အိမ်ပြင်မှာ ခွေးတွေက ဆူ၊ အိမ်ထဲမှာ ကြွက်တွေက သောင်းကျန်းနှင့် ညဆိုလျှင် အတော်လေး နေရကြပ်၊ နေရခက်လှ၏။ အဆိုပါ ဝန်ထမ်းအိမ်ယာကနေ မပြောင်းခင်အထိ တော်တော်လေး ဒုက္ခ ခံလိုက်ရ၏။ အမယ် ဒါတောင် ခြင်တွေ အဆစ်ပါသေးတယ်။ ခြေဆေးခွေ မထွန်းထားလျှင် ခြေတွေက ကိုယ့်ကိုတောင် ချီသွား၊ သယ်သွားမလားဟု ထင်မှတ်ရ၏။

ဆက်ရန်

Don Jaun

Leave Home Stay (Chapter 54) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun