Don Jaun avatar

Home Stay (Chapter 53)

donjaun

Published: 28 May 2020 › Updated: 28 May 2020Home Stay (Chapter 53)

Home Stay (Chapter 53)

85ptci.jpg

တနင်္လာနံနှင့် စသည့်အရာများ အကျိုးပေးသည်ဟု တလောက ကျနော် ပြောခဲ့ ရေးခဲ့ဖူး၏။ ပြောလည်း ပြောရလောက်အောင်ပင် ဖြစ်နေသည်ကိုး။ တကယ်ပဲ ကံပါသည်လည်း သို့မဟုတ် ပြောလို့ပဲ ဓါတ်သတ်ပါနေသည်လားတော့ မသိပေ။ ဟိုဘက် အိမ်ဟောင်းမှာ နေစဉ်က ခွေး၊ ကြွက် အစရှိသည့် တနင်္လာနံတွေက တော်တော်ကြီးကို အကျိုးပေးခဲ့၏။ ကောင်းကျိုးတော့ မဟုတ်ပေ။ ကြွက်ကလည်း ကြွက်အလျောက်၊ ခွေးကလည်း ခွေးအလျောက် အတော့်ကို ဒုက္ခပေး၏။ ခွေးထက်စာလျှင် ကြွက်က ပိုဆိုး၏။

ဆိုးလွန်းကြသဖြင့် ကြွက်ထောင်ချောက်ပါ ထောင်ရသည့် အထိပင်။ ထောင်သည် ဆိုပေမယ့် အသေမိ ထောင်ခြင်း မဟုတ်ပေ။ အရှင်ထောင်ခြင်း ဖြစ်၏။ ကိုယ့်ကို ဒုက္ခပေးသည် ဆိုပေမယ့် အသက်တချောင်းကိုတော့ တန်ဖိုးထားပေးရဦးမည် မဟုတ်လား။ ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေ၊ မီးဖိုချောင်မှာ အစားအသောက်များကို ဖျက်ဆီးသည် ဆိုပေမယ့်လည်း သတ်လိုက်ရအောင်ထိက မဟုတ်သေးပေ။ ထိုမျှအလောက်ထိ လုပ်ရအောင်လည်း ကိုယ်က အဲ့လောက် သတ္တိမရှိပေ။ အမှန်တော့ သတ္တိမရှိခြင်းထက် တပါးသူ၏ အသက် တချောင်း မဟုတ်လား။

dfaadd.jpg

အရှင်ထောင်ဆိုတော့ အသေဖမ်းတာထက်တော့ အလုပ်ပို၏။ ဖမ်းမိလျှင် သွားသွားလွှတ်ပေးနေရ၏။ လွှတ်ဆိုပြန်တော့လည်း အိမ်နား နီးနီးနားနား လွှတ်လို့ မဖြစ်ပေ။ ကိုယ့်အိမ်ထဲ ပြန်ရောက်လာနိုင်သလို၊ အခြား အိမ်များထဲသို့လည်း အနှီ ကြွက်က ဝင်သွားနိုင်သည်ကိုး။ ထို့ကြောင့် အိမ်နှင့် အတော်ဝေး၊ လူနေအိမ် အတော်လေးနဲသည့် မြို့စွန်ဖက်နား သွားပြီး လွှတ်ပေးရလေ့ ရှိ၏။ ကြွက်ကလည်း တော်တော်ကြာမှ တခါမိခြင်းမျိုး မဟုတ် ရက်ခြားကို မိခြင်း ဖြစ်၏။ တခါတလေဆို နေ့တိုင်းတောင် မိလိုက်သေး။

ထို့ကြောင့် ကျနော့်မှာ နေ့တိုင်း နီးပါး သွားသွားပြီးတော့ လွှတ်ပေးနေရတော့၏။ တခါတလေ စာသင်ချိန်၊ အတန်းချိန်က နီးနေသည့်အခါမျိုးဆို အတော်လေး ကသီ၏။ အတန်းချိန်တွေက တဆက်ထဲတွေဆိုတော့ မနက်ခင်းကတည်းက သွားလိုက်လျှင် ညနေလောက်မှ ကျနော်က အိမ်ပြန်ရောက်မည် ဖြစ်၏။ ကြွက်က ညကတည်းက ဖမ်းမိထားခြင်း ဖြစ်၏။ ကျနော်သာ မနက်ဖက် မလွှတ်ပေးနိုင်လျှင် အနှီကြွက်ခမျာ ညနေမှ ထွက်ရတော့ နာရီပေါင်းများစွာ လှောင်ချိုင့်ထဲမှာ နေနေရမည် ဖြစ်၏။

အမေက ထိုသို့ ကြွက်တွေ အကြာကြီး လှောင်ချိုင့်ထဲ နေနေရမည်ကို မလိုလားပေ။ ကျနော်တို့ သားအမိက လိုက်လည်း လိုက်ပါ၏။ တယောက်က မသတ်ချင်၊ တယောက်က လှောင်အိမ်ထဲမှာ အကြာကြီး မထားချင်နှင့်။ ဒါတောင် တခါတလေ ကျနော် အရေးကြီးနေက မလွှတ်ပေးနိုင်တော့ပဲ ထားခဲ့ရလေ့ ရှိ၏။ ညနေမှပဲ လွှတ်ပေးရတတ်၏။ သို့ပေမယ့် ထိုသို့ ညနေမှ လွှတ်ပေးဖြစ်သည့် အခါမျိုးက အင်မတန်မှကို နည်းပါ၏။

ဆက်ရန်

Don Jaun

Leave Home Stay (Chapter 53) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun