Don Jaun avatar

Home Stay (Chapter 52)

donjaun

Published: 27 May 2020 › Updated: 27 May 2020Home Stay (Chapter 52)

Home Stay (Chapter 52)

85ptci.jpg

၇) လပိုင်းမှာ အခြေခံပညာသင်ကျောင်းတွေ ပြန်ဖွင့်မည် ဆို၏။ ကနဦးတုန်းက မူလတန်းအဆင့်တွေ အရင် ဖွင့်မည် ကြား၏။ ထိုအကြောင်းကို ကြားပြီး မိဘတွေ၊ ဆရာမတွေကြား ပြောစရာတွေ အသံတွေ အများကြီး ထွက်လာတော့၏။ မိဘတွေကလည်း မိမိတို့ ကလေးတွေကို စိတ်မချကြောင်း၊ ဆရာမတွေကလည်း ကလေးငယ်တွေကို ထိန်းရ ပြုရ ခက်ကြောင်း၊ ယခင် covid ကာလ မဟုတ်ခင်၊ မဖြစ်ခင်တုန်းကတောင် ကလေးတွေကို မနည်းကောင်း၊ တော်တော် ထိန်းနေရကြောင်း၊ ယခုလို covid အလွန်၊ အလုံးစုံ စိတ်မချရသေးသည့် အခါမျိုးမှာ ပိုပြီး သတိထားနေရကြောင်း ပြောကြ ဆိုကြတော့၏။

မိဘတွေ အနေနှင့်ကော၊ ဆရာမတွေ အနေနှင့်ကော မှန်ကြ၏။ သို့ဆိုလျှင် မမှန်သူတွေက ဘယ်သူလဲပေါ့။ အစိုးရပိုင်း၊ တာဝန်ရှိသူ အနေနှင့်ကော မှန်ပါ၏။ ပညာသစ်နှစ် နောက်ကျခြင်း နှင့် အခြား အဆင်မပြေမှုများကို ရှောင်လွှဲနိုင်ဖို့ ကျောင်းတွေကို ပြန်ဖွင့်ဖို့ လိုသည် မဟုတ်လား။ သို့ပေမယ့် ရောဂါ အခြေအနေပေါ် မူတည်ပြီး သေချာလေး လုပ်ဆောင်နိုင်ဖို့တော့ လို၏။ အစီအစဉ်တွေ သေချာ ချမှတ် ရေးဆွဲထားနိုင်ဖို့ လို၏။ ဒီအချိန်မျိုးမှာ ဝန်ကြီး ဌာန အားလုံး နီးပါး အလုပ်ရှုပ်ရ၊ အလုပ်များရ၏။ အလုပ်ပို အများဆုံး၊ အရှုပ်ဆုံးကတော့ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ဌာန ဖြစ်မည် ထင်၏။

8m55zj.jpg

ကျန်းမာရေး အတွက် စိတ်ပူရသလို၊ ပညာရေး အတွက်လည်း ရင်မောရသည် မဟုတ်လား။ ကလေးတွေ (မူလတန်း အဆင့်) အရင် ဖွင့်လှစ် သင်ကြားမည်ဆိုတော့ အားလုံးလိုပဲ ကျနော်လည်း စိတ်ပူမိ၏။ အတန်းငယ်တွေက အတန်းကြီးတွေထက် စာလျှင် အသိ၊ သတိ ပိုပြီး အားနည်းမည် ထင်၏။ အတန်းငယ်ကလေးတွေက ဆရာ၊ ဆရာမ ရှိချိန်ဆိုလျှင် ငြိမ်ကြသည်၊ စကားပိုနားထောင်ကြသည် ဆိုသော်လည်း၊ ဆရာ၊ ဆရာမ မျက်ကွယ်ဆိုလျှင် အတန်းကြီးတွေထက် ပိုပြီး ဆိုးသည် မဟုတ်လား။

ဒီနေရာမှာ ဆိုးသည် ဆိုလိုခြင်းမှာ မလိမ္မာခြင်း မိုက်ရိုင်းခြင်းကို မဆိုလိုပေ။ ထိန်းရခက်ခြင်းကို ပြောလိုခြင်း ဖြစ်၏။ ကလေး ဆိုသည့် အမျိုးက အကြောက်အလန့် သိပ်မရှိလှပေ။ covid အကြောင်းကို မည်မျှပင် ပြောကြား သတိပေးစေကာမှု ကလေး သဘာ၀ ဆော့ကစားမှုနှင့် တွေ့ကြုံလာပါက အဆိုပါ သတိပေးမှု အကြောင်းများကို မေ့သွားကြပေလိမ့်မည်။ ထို့ကြောင့်ပင် ဆရာ၊ ဆရာမတွေက မူလတန်းအဆင့်တွေ အရင်ဆုံးဖွင့်မည်ကို စိတ်ပူကြခြင်း ဖြစ်၏။

ဒီနေ့ သတင်းမှာတော့ မူလတန်းအဆင့်တွေ အစား၊ အထက်တန်းအဆင့်တွေ အရင်ဆုံး ဖွင့်လှစ် သင်ကြားပေးသွားမည် ဆိုစေ။ သို့ဆိုလျှင်တော့ တော်သေး၏။ မည်သို့ပင် ဆိုစေ ရောဂါပိုး လုံး၀ အရှင်း မပျောက်သရွေ့တော့ အတန်းကြီးတွေ အတွက်လည်း စိတ်ပူ ရပေလိမ့်ဦးမည်။ သို့ပေမယ့် ကလေးငယ်တွေထက် စာလျှင် သူတို့က တော်သေးသည် မဟုတ်လား။ အသိ၊ သတိ ပိုပြီး ထားနိုင် ရှိနိုင်ကြသည်ကိုး။ မည်သို့ပင် ဆိုစေ ဖွင့်ဖို့ မျှော်မှန်းထားသည့် (၇) လပိုင်းမှာ ရောဂါပိုး ကင်းစင်ပြီး လုံး၀ အေးချမ်းနေလျှင်တော့ အကောင်းဆုံးပေါ့။

Don Jaun

Leave Home Stay (Chapter 52) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun