Home Stay (Chapter 50)
ဂျာမန်ပွဲတွေကတော့ အရင်တပတ် စနေ (၁၆) ရက်နေ့က ပြန်စ၏။ ကြော်ငြာထားသည့်အတိုင်း သူတို့ တကယ် ပြန်စတင်နိုင်ခဲ့၏။ သို့ပေမယ့် ပရိတ်သတ်တော့ မပါပေ။ ပရိတ်သတ် မပါဘဲ ယှဉ်ပြိုင် ကစားရခြင်း ဖြစ်၏။ ရုပ်သံလိုင်းတွေကနေတော့ တိုက်ရိုက် ထုတ်လွှင့်ပေး၏။ ကျနော်ကတော့ Skynet မတပ်ထားသဖြင့် Online ကနေပဲ ရှာပြီး ကြည့်ရ၏။ ဘောလုံးပွဲတွေ မကြည့်ရတာ ကြာလို့လား မသိ။ ကြည့်ရတာ တော်တော်လေး အရသာ ရှိ၏။ ယခင် လိဂ်ပွဲတွေ အားလုံး ကန်နေ၊ လွှင့်နေတုန်းကတော့ ဂျာမန်ပွဲတွေကို သိပ်မကြည့် ဖြစ်ပေ။
တကယ်တမ်း ပြောရလျှင် ဂျာမန်ပွဲတွေလည်း ကောင်း၏။ သူ့ ကစားဟန်နှင့်သူပေါ့။ သို့ပေမမယ့် မီဒီယာတွေ၏ လုပ်အားကြောင့် ပရီးမီးယားလိဂ် (အင်္ဂလန်ပြည်တွင်းပွဲ) ကို လူအများက ပိုပြီး စိတ်ဝင်စားကြခြင်း ဖြစ်၏။ ပြသချိန် တိုက်နေသည့် အခါမျိုးဆို အများစုက ပရီးမီးယားလိဂ်ကိုသာ ရွေးပြီး ကြည့်ကြ၏။ ဂျာမန်ပွဲနှင့် ပရီးမီးယားလိဂ်ပွဲတွေက အချိန် သိပ်မကွာကြပေ။ စပိန်ပွဲတွေလည်း ထို့အတူပင်။ သို့ပေမယ့် စပိန်ပွဲတွေက ညနက်ပွဲတွေ ပိုများ၏။
ဂျာမန်ပွဲတွေကတော့ အစောဆုံးပြန်စနိုင်သည့် လိဂ် တခု ဖြစ်မည် ထင်၏။ covid 19 အခြေအနေ အနည်းငယ် တည်ငြိမ်သွားပြီးသည့်နောက်ပိုင်း၊ ထိန်းချုပ်နိုင်သွားပြီးသည့်နောက်ပိုင်း သူတို့ လိဂ်ပြိုင်ပွဲတွေကို ပြန်စတင်နိုင်ခဲ့၏။ ခုထိတော့ ဘာပြဿနာ၊ မည်သည့် ကိစ္စရပ်မှ မကြားရသေးပေ။ ယခုအတိုင်းလေးပဲ အဆင်ပြေပြေနှင့် ဆက်သွား ဆက်ရှိနေစေချင်၏။ မကြာမီ ပရိတ်သတ်တွေပါ လာရောက်အားပေးနိုင်သည့် အခြေအနေမျိုးဆို ပိုပြီး ကောင်းမည်။
တခါတလေတော့ အဆိုပါ ကမ္ဘာကျော် ဘောလုံးသမားတွေကို မေးကြည့်ချင်သား၊ ပရိတ်သတ်မပါဘဲ ကစားရတာ၊ ကန်ရတာ ဘယ်လိုနေလဲပေါ့။ သူတို့က အမြဲတမ်း ပရိတ်သတ်သောင်းချီ၊ သိန်းချီ ရှေ့မှာ ကန်နေခဲ့ရသူတွေကိုး၊ ကျနော်တို့လို ပရိတ်သတ်မပါဘဲ အပျော်တမ်း သူငယ်ချင်းတွေ စုကန်တဲ့ သူတွေမှ မဟုတ်တာ။ ပရိတ်သတ်တွေ၏ သံပြိုင် အားပေးသံတွေ မပါတော့ သူတို့လည်း တခုခုတော့ လိုနေကြမည် ထင်၏။ အနည်းငယ်တော့ ဟာတာတာ ဖြစ်မည် ထင်၏။
ဂျာမန်လိဂ်ပွဲတွေလိုပဲ အခြားနိုင်ငံရှိ အချို့လိဂ်ပွဲတွေလည်း ပြန်လည် စတင်နေပြီ ဖြစ်၏။ တောင်ကိုရီးယားလိဂ်လည်း ပြန်စတင်နေသည့် လိဂ်ထဲမှာ ပါ၏။ မြန်မာ နေရှင်နယ်လိဂ်တော့ မစသေးပေ။ တလောလေးက covid အသံတွေ သိပ်မဆူခင်၊ သိပ်မပျံ့ခင်တုန်းက ပြည်တွင်းပွဲစင်များကို တံခါးပိတ် (ပရိတ်သတ် မပါဘဲ) ကန်မည်ဆိုတော့ ကျနော်တို့မှာ ရယ်လိုက်ရသေး၏။ ကန်သည့်ပွဲအားလုံးကိုက ခုချိန်ထိ တိုက်ရိုက် မလွှင့်နိုင်၊ ကွင်းထဲထိ ကိုယ်တိုင် ကိုယ်ကျ လာရောက် အားပေးသည့် ပရိတ်သတ် အရေအတွက်ကလည်း မများလာသည့်အပြင် တဖြည်းဖြည်း နည်းပါးသွားသည့် ပြည်တွင်းပွဲစဉ်တွေအတွက်တော့ စိတ်မကောင်းလှပေ။ မည်သို့ပင် ဆိုစေ covid ကင်းစင်ပြီး လူသားအားလုံး ယခင်လို ပုံမှန်အတိုင်း ပြန်လည် အဆင်ပြေ ကောင်းမွန်စေချင်၏။ ထိုအချိန်၊ ထိုအခြေအနေကို ခပ်မြန်မြန်ပဲ ရောက်စေချင်ပါ၏။
Don Jaun
Leave Home Stay (Chapter 50) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.