Home Stay (Chapter 48)
ဒီရက်ပိုင်း အဆင်ကို မပြေနေပေ။ မနေ့က ကလေးတွေ ရေချိုးဖို့ ရေနွေးတည်ပေးရင်း ခါးနာသွားခဲ့၏။ လေးလေးပင်ပင် မလိုက်လို့ မဟုတ်ပေ။ ရေခွက်ထဲ ရေထည့်ရင်း ဟိုဘက် အလှည့်မှာ ခါးက ဘာဖြစ်သွားမှန်း မသိလိုက်ပေ။ ဝုန်းဒိုင်းကြီး နာသွားခြင်းမျိုးလည်း မဟုတ်ပေ။ အရပ်အခေါ် လေခိုသလိုများလား ဖြစ်သွားခြင်း ဖြစ်၏။ ကျနော်ကား တော်တော်ကြာ တခါ ခါးနာလေ့ ရှိ၏။ ရောဂါရယ်လို့ မဟုတ်၊ တခုခုကို မရင်း အခန့်မသင့်သည့် အခါမျိုးမှာ ထိုသို့ ဖြစ်လေ့ ရှိ၏။ ခု နာသွားသည့် ပုံစံကလည်း အရင်တုန်းကလိုမျိုးပင် ဖြစ်၏။
ဒါပေမယ့် အပြင်လို ပစ္စည်း နည်းနည်းလေးတာမလို့ ဖြစ်ခြင်းမျိုး မဟုတ်ပေ။ ဘာမှ မဟုတ်သည့် ရေခွက်လေးနှင့်မှ ဖြစ်ရခြင်းကိုတော့ တကယ်ပဲ စိတ်ဆိုးမိ၊ မကျေမနပ် ဖြစ်မိ၏။ သို့ပေမယ့်လည်း ဘယ်တတ်နိုင်မလဲလေ ဖြစ်ပြီးခဲ့ပြီကိုး။ ခါးက နာပေမယ့် တူ၊ တူမေလေးတွေကိုက ရေချိုးပေးရဦးမည်။ နောက်ရက်မှ ချိုးပေးလို့လည်း မဖြစ်ပေ။ ခုတောင် သူတို့ ရေချိုးရက် ကျော်လာပြီ ဖြစ်၏။ မုန်တိုင်း အရှိန်ကြောင့် မိုးရွာ၊ လေတိုက်နေသဖြင့် ရေချိုးရမည့် ရက်မှာ မချိုးခဲ့ရပေ။ ထို့ကြောင့် ဒီနေ့တော့ ချိုးပေးမှ ရပေလိမ့်မည်။
ခါးနာနေပေမယ့်လည်း ကြိတ်မှိတ်ပြီး လုပ်ပေးရ၏။ ကိုယ်မှ မလုပ်လျှင် လည်း လုပ်မည့်သူမှ မရှိဘဲ။ အမေက ကျနော့်ထပ် ပိုဆိုး၏။ သူ့ ဒူးနာက ခြေထောက်ကို ရေစိုလို့ မဖြစ်ပေ။ ပြန်ပြန်နာတတ်၏။ အမေ ရေချိုးတဲ့ရက်ဆိုလျှင် သူ့ ခြေထောက်တွေ နာတတ်၏။ ရေချိုး ရက်မျိုးဆို အကိုက်အခဲ ပျောက်ဆေး အမေ သောက်ရလေ့ ရှိ၏။ သို့နှင့်ပင် တူလေးနှင့် တူမလေးကို ရေချိုးပေး၏။ ထို့ပြင် ကျနော်လည်း ရေချိုးလိုက်၏။ ရေချိုးပြီးမှ ဆေးလိမ်းရမည်။ ရေချိုးပြီး နေ့လည်စာ စား၏။ ထို့နောက် ဆေးလိမ်း၏။
အမေက တူလေးကို နင်းခိုင်းဖို့ ပြော၏။ သူနင်းပေးလိုက်မှ ပိုဆိုးသွားသလို ခံစားရ၏။ ပို နာလာသလိုလိုပင်။ ထိုင်နေလျှင် မသိသာပေမယ့် လမ်းလျှောက်လျှင် သိသာ၏။ ခါးကို မတ်မတ်ရပ်လို့ မရပေ။ နည်းနည်းလေး မတ်လိုက်တိုင်း နာလာ၏။ သို့နှင့် ခပ်ကုန်းကုန်းပဲ လျှောက်ရ လုပ်နေရ၏။ ကျော၊ ခါး အောက်မှာ တခုခုခံထားပြီး ခဏတဖြုတ်လှဲနေလိုက်ရ၏။ အိပ်လို့တော့ မပျော်ပေ။ ဆေးလိမ်းလိုက်လို့ သက်သာမည် ထင်သွားပေမယ့် သိပ်မထူးသလိုပင်။ ဆက်နာနေတုန်းပင်။ အကိုက်အခဲ ပျောက်ဆေးကလည်း မရှိပေ။ မခံမရပ်နိုင်လောက်အောင် နာနေခြင်းမျိုး မဟုတ်လို့ တော်သေး၏။
မနက်ဖြန်မှ မသက်သာလျှင်တော့ ဆေးသောက်မှ ရမည်။ ခါးနာနာနှင့်ပဲ အပြင်ထွက်ပြီး ဆေးဝယ်ရပေလိမ့်မည်။ သြင်္ကန်ကတည်းက တခုပြီး တခု ဖြစ်နေတော့၏။ ဗိုက်နာ (ဝမ်းလျှော)၊ ဖျား ခု ခါးနာ။ မြန်မြန် အလုပ် လုပ်နိုင်မှ တော်ကာ ကြပေမည်။ အလုပ်မရှိလျှင် လူက ရောဂါတွေ တခုပြီး တခု ဖြစ်နေတတ်သောကြောင့် ဖြစ်၏။
Don Jaun
Leave Home Stay (Chapter 48) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.