ငြိမ်
ငြိမ်
၁။ ဓမ္မက အရောင်ငြိမ်သည်
ငါ့ ဆံပင်တွေလို
ပိတုန်းရောင်ကနေ လျှော်မျှင်ရောင်အဖြစ် မပြောင်းတတ်။
၂။ ဓမ္မက ရနံ့ငြိမ်သည်
ငါ့ ဆံထုံးလို
မွှေးကြိုင်ရနံ့ကနေ ညှီစို့စို့အနံ့အဖြစ် မပြောင်းတတ်။
၃။ ဓမ္မက အလှငြိမ်သည်
ငါ့ ဆံပင်တွေလို
ညီညာခြင်းကနေ ကျဲတောက်တောက်အဖြစ်ကို မပြောင်းတတ်။
၄။ ဓမ္မက အသွင်ငြိမ်သည်
ငါ့ဦးခေါင်းလို
ဆံပင်တောကနေ ခေါင်းပြောင်အဖြစ်ကို မပြောင်းတတ်။
၅။ ဓမ္မက အရွယ်ငြိမ်သည်
ငါ့ မျက်ခုံးတွေလို
ကော့ညွတ်ခြင်းကနေ တွန့်လိပ်ခြင်းအဖြစ်ကို မပြောင်းတတ်။
၆။ ဓမ္မက အဆင်းငြိမ်သည်
င့ါ မျက်ဝန်းတွေလို
ရွှန်းပရာကနေ မှိန်ဖျော့ခြင်းအဖြစ်ကို မပြောင်းတတ်။
၇။ ဓမ္မက အမြင်ငြိမ်သည်
ငါ့ နှာခေါင်းလို
ဖြောင့်စင်းရာကနေ ကြိုးထုံးပွအဖြစ်ကို မပြောင်းတတ်။
၈။ ဓမ္မက ပုံစံငြိမ်သည်
င့ါ နားရွက်တွေလို
တင်းတင်းရင်းရင်းကနေ တွန့်ရရွန့်တွဲရရွဲအဖြစ်ကို မပြောင်းတတ်။
၉။ ဓမ္မက အညှာငြိမ်သည်
င့ါ သွားတွေလို
ခိုင်မာရာကနေ ကြွေပျက်ခြင်းအဖြစ်ကို မပြောင်းတတ်။
၁၀။ ဓမ္မက အသံငြိမ်သည်
ငါ့ နှုတ်ခမ်းလို
ချိုသာရာကနေ အိုစာတဲ့အဖြစ်ကို မပြောင်းတတ်။
၁၁။ ဓမ္မက အသွေးငြိမ်သည်
ငါ့ လည်တိုင်လို
ငွေငန်းဖြူအသွေးကနေ ခရုသင်းကွက်အဖြစ်ကို မပြောင်းတတ်။
၁၂။ ဓမ္မက သဏ္ဍာန်ငြိမ်သည်
ငါ့ လက်မောင်းတွေလို
လုံးဝန်းဖြောင့်စင်းရာကနေ သခွပ်ကိုင်းအဆွေးလို မပြောင်းတတ်။
၁၃။ ဓမ္မက အကငြိမ်သည်
ငါ့ လက်ချောင်းတွေလို
သွယ်ပျောင်းရာကနေ မုန်လာဥအဖြစ်ကို မပြောင်းတတ်။
၁၄။ ဓမ္မက အပြ ငြိမ်သည်
င့ါ သားမြတ်နှစ်ခုလို
မောက်တက်ဖောင်းကြွရာကနေ ရေမရှိတဲ့ရေအိတ်လိုတွဲရရွဲအဖြစ်ကို မပြောင်းတတ်။
၁၅။ ဓမ္မက အရေ ငြိမ်သည်
ငါ့ ခန္ဓာကိုယ်လို
ချောမွတ်ရာကနေ အတွန့်အလိပ်အဖြစ်ကို မပြောင်းတတ်။
၁၆။ ဓမ္မက အသားငြိမ်သည်
ငါ့ ပေါင်တံတွေလို
ဆင်နှာမောင်းအဖြစ်ကနေ ဝါးနုပိန်အဆစ်လို မပြောင်းတတ်။
၁၇။ ဓမ္မက အရိုးငြိမ်သည်
င့ါ ခြေသလုံးတွေလို
ရှည်သွယ်သွယ်ကနေ နှမ်းရိုးခြောက်ငုတ်တိုလို မပြောင်းတတ်။
၁၈။ ဓမ္မက အကြောငြိမ်သည်
ငါ့ ခြေဖမိုးတွေလို
တစ်သားတည်းအဖြစ်ကနေ ကွဲအက်ခြင်းအဖြစ်ကို မပြောင်းတတ်။
၁၉။ ဓမ္မက အနေအထားငြိမ်သည်
င့ါ ခန္ဓာကိုယ်ကြီးလို
အိုခြင်း နာခြင်း သေခြင်း ဆင်းရဲခြင်းများစွာတို့ကို လက်မခံတတ်။
ဓမ္မက------ငြိမ်သည်
အနှိုင်းမရှိအောင် ငြိမ်ပါသည်။
အမ္ဗပါလီထေရီမြတ်၏ ဉဒါန်းဂါထာ ၁၉ ပုဒ်ကို ကဗျာမှုပြုခြင်းဖြစ်ပါသည်၊ လွဲမှားမှုရှိခဲ့ပါက ကဗျာရှင်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။
Leave ငြိမ် to:
Read more #blog posts
Best Posts From Lady pa pa
We have not curated any of chirstonawba9's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.