Builderb avatar

ကျောင်းပုရ၀ုဏ်က ပန်းပုံပြင်

builderb

Published: 23 Aug 2017 › Updated: 23 Aug 2017ကျောင်းပုရ၀ုဏ်က  ပန်းပုံပြင်

ကျောင်းပုရ၀ုဏ်က ပန်းပုံပြင်


မင်္ဂလာပါ...စတီးမစ် ညီအကိုမောင်နှမများခင်ဗျ..
ဒီတခါ ကျွန်တော်ပုံပြင်လေးတစ်ခု ပြောပြပါ့မယ်။
ပုံပြင်လေးကတော့ အချစ်နဲ့ပတ်သက်တဲ့ပုံပြင်လေးတစ်ပုဒ်ပါ။
လူသားတိုင်းဟာ"အချစ်"ဆိုတဲ့ အနက်အဓိပါယ်ကို သင်စရာမလိုပဲ
သူ့အလိုလိုဖွင့်ဆိုနားလည်တတ်မြောက်ခဲ့ကြပါတယ်။
အောက်ပါပုံပြင်လေးထဲက အဖြစ်အပျက်
အခြေအနေတွေဟာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး ဖြစ်ပေမယ့်
စတီမစ်မောင်နှများ အပျင်းပြေစိမ့်သောငှာ ရည်ရွယ်ပြီး တင်ဆက်လိုက်ပါတယ်။
(ကျွန်တော်တော့ ပုံပြင်ရေးရင်း အသက်ပြန်ငယ်သွားရပါတယ် :) :) )

Credit- Photos
1.jpg

မခုန်တတ်ခုန်တတ် မပီကလာ ပီကလာ ရင်ခုန်တတ်စ အရွယ်တုန်းကပါ၊
သူမ မျက်ဝန်းတွေက ကျွန်တော်အတွက်တော့ ဆိုငြီးဖို့ရိုးမသွားတဲ့ သီချင်းသံစဉ်လေးလိုပါပဲ၊
သူမ အမှတ်တမဲ့ကြည့်တာလား တမင်တကာကြည့်တာလားဆိုတာတော့ သူမကိုယ်တိုင်ပဲ သေချာသိမှာပါ၊
ကျွန်တော်မှာတော့ သူမမျက်ဝန်းတွေနဲ့ဆုံလိုက်ရတဲ့ တဒင်္ဂလေးမှာ
ရှိရှိသမျှ ပတ်ဝန်းကျင်လောကကြီးတခုလုံး ပျောက်ဆုံးပြီး လွင့်မျောမိန်းမောသွားခဲ့မိတာ အကြိမ်ပေါင်း မရေနိုင်ခဲ့ပါဘူး။
ရင်ထဲမှာလဲ အမည်ဖော်ပြောမပြတတ်တဲ့ အားအင်တခု ရရှိလိုက်တယ်လို့လည်း ခံစားမိတယ်။
သူမ ဆံနွယ်လေးတွေကလဲ ပခုံးလေးပေါ်မှာ မထိတထိ ထိတယ်ဆိုရုံလေးပါပဲ၊
နဖူးလေးပေါ်မှာလဲ မျက်ခုံးနားလေးမရောက်တရောက် အထိ အစင်းအစင်းလိုက်လေး ၀ဲကျနေကြပြန်တယ်၊
ဒီလို ဒီလို ကဗျာဆန်ဆန်လှတဲ့ ဆံနွယ်ပင်လေးတွေကို သူမ မသိအောင်ခိုးပြီး တယုတယ ကိုင်တွယ်ကြည့်ချင်ခဲ့မိတယ်၊
သူမရဲ့ အသားရောင်က ဖြူနုနုလေးရယ်ပါ၊အရပ်မနိမ့်မမြင့်နဲ့ ကျောင်းစိမ်းစကတ်ကလေးတွေကို ၀တ်လေ့ရှိတယ်၊
သူမခြေတံသွယ်သွယ်လေးနဲ့ မနှေးမမြန် မှန်မှန်လေး လျောက်လှမ်းလာတာကို တနေရာရာက ခိုးကြည့်ရင်း
ကျွန်တော်တို့ သင်ခဲ့ရတဲ့ ပုံပြင်ထဲက စင်ဒရဲလား မင်းသမီးလေးနဲ့ ခိုင်းနိုင်းမိခဲ့ဖူးတယ်။
အချိန်တွေ တော်တော်ကြာလာတော့ ဘာစကားလုံးမှ မဖွင့်ဟမိကြပေမယ့် တစ်ယောက်ကို တစ်ယောက် အလိုလို နားလည်လာခဲ့ကြတယ်၊
သူမ အရင်စောပြီး ကျောင်းကိုရောက်ဖို့ စိတ်စောလာတတ်ခဲ့တယ်၊
ရောက်နှင့်ပြီးခဲ့ရင်လဲ ခိုးကြည့်နေကြနေရာလေးမှာထိုင်ရင်း ခဏခဏပဲ နာရီကိုကြည့်နေတတ်ခဲ့တယ်၊
သူမလဲ အရင်ကနဲ့စာရင် နဲနဲလေးပြောင်းလဲလာတယ်လို့ သိနေမိတယ်၊
ကျွန်တော် မြင်နိုင်မဲ့နေရာ မရောက်ခင်လေးမှာ မျက်နှာလေးပေါ်မှာ စို့နေတဲ့ ချွေးစို့စို့လေးတချို့ကို လက်ကိုင်ပ၀ါဖြူဖြူလေးနဲ့ ပြာရိပြာရာ ခိုးခိုးပြီး တို့ခဲ့တယ်၊ကိုယ်ချစ်တဲ့သူရဲ့ မြင်ကွင်းမှာ ကိုယ့်ကိုယ်ကိုယ် ရှင်းသန့်စေချင်ကြတာ သဘာဝဆိုတာ နောက်နောက်ကျမှပဲ ကောင်းကောင်း သဘောပေါက်ခဲ့တာပေါ့၊
အဲဒီတုန်းကတော့ ကျွန်တော့်စိတ်မှာ ထူးခြားမှုလို့ သိနေတာကလွဲလို့ တခြားဘာမှ မဝေခွဲတတ်သေးဘူး။
မုန့်စားကျောင်းဆင်းချိန်ရောက်ရင်လဲ အပြေးအလွှား အပေါ့အပါးသွားပြီး မုန့်ဈေးတန်းနားမှာ
သူမအလာကို သူငယ်ချင်းတစုနဲ့ ဆော့ကစားရင်း စောင့်ကြည့်နေမိတာပါပဲ၊သူမလဲ သူမသူငယ်ချင်းတစုနဲ့ပေါ့၊
တခါတလေ စားစရာလေးတခုကို အမှတ်တမဲ့လှမ်းပြရင်း စားမလားဆိုတဲ့ အမှုအရာလှမ်းကျွေးမိရင် ပြုံးပြီး
လှစ်ကနဲ ထိုးသွားတတ်တဲ့ သူမ မျက်စောင်းနုနုလေးတွေကို ခုထက်ထိ ပြန်မြင်မိနေဆဲပါ။
ဒီလိုနဲ့ မေ့မေ့လျော့လျော့ ကြည်နူးလာခဲ့ကြတာ ကျွန်တော်တို့ကျောင်းဝန်းထဲက
သစ်ပင်ကြီးငယ်တချို့မှာ စိုစိုနုနုသစ်ရွက်လေးတွေ မရှိကြတော့ဘူး၊
အရင်က ပြေပြေညှင်းညှင်းလေးနဲ့ ပန်းပွင့်လေးတွေ ယိမ်းနွဲရုံပဲ
တိုက်တတ်တဲ့လေးညှင်းက တချက်ချက် ဝှေ့ဝှေ့တိုက်လာတတ်တယ်၊
ခပ်ကြမ်းကြမ်းတိုက်တဲ့ လေပွေကြောင့် သစ်ရွက်ခြောက်လေးတွေ တနေရာစီလွင့်ပါးဝေးကွာသွားကြသလို
ကျွန်တော်တို့ အမှတ်တမဲ့ဝေးရလိမ့်မယ်ဆိုတာ တကယ်မသိခဲ့ကြပါဘူး။
အရင်က ဥသြသံကြားရင် ဘာမှမခံစားမိတဲ့ ကျွန်တော်ဟာ ခုတော့ အရှုးတယောက်လို အော်ဟစ်ချင်နေမိသလိုပဲ၊
နွေဦးရဲ့ လက္ခဏာတွေက တဖြေးဖြေး ပီပြင်လာခဲ့သလို ကျွန်တော်တို့လဲ စာမေးပွဲနောက်ဆုံးရက်ကိုတောင် ရောက်လာခဲ့ပြီပေါ့...၊
အဲဒီနေ့ကလို သူမျက်နှာလေးညှိးတာကို ဘယ်တုန်းကမှ မမြင်မိဖူးပါဘူး၊
သူမကိုမြင်လိုက်ရတော့ ရင်ထဲမှာ ကျင်ခနဲ ဖြစ်သွားသလို ခံစားရတယ်၊
ကျွန်တော်ကို ပြောစရာ စကားလေးတွေရှိတယ်ဆိုတာကို သူမမျက်ဝန်းဆွေးဆွေးလေး တချက်ကိုမြင်လိုက်တာနဲ့ ကျွန်တော်သိနေခဲ့တယ်၊
ဒီလိုနဲ့ အချိန်စေ့တဲ့ ခေါင်းလောင်းသံကြီး မြည်လာတယ်၊ ကျွန်တော့် ရင်ခုန်သံလဲ အဲလောက်နီးနီးမြည်နေလားလို့တောင်ထင်မိတယ်။
အဖြေလွာကို အမြန်အပ်ရင်း သူမ စက်ဘီးလေးထားလေ့ရှိတဲ့နေရာကို အပြေးတပိုင်းလာခဲ့မိတာပေါ့၊
ကျွန်တော်လာရာ ဘက်ကို ကျောပေးပြီး စက်ဘီးလေးနားမှာ စုံစုံလေးရပ်နေပုံလေးက ခုချိန်မှာ မြင်ကြည့်ရင် ပန်းချီကားတချပ်လိုပဲ၊
ခပ်လှမ်းမှာ ရပ်စောင့်နေတဲ့ သူမ သူငယ်ချင်းတခုကတော့ တယောက်တပေါက်ပျော်ပျော်ရွှင်ရွှင် ငြင်းခုံနေကြတယ်၊
သူမ အနားရောက်ခါနီးမှ ခြေလှမ်းမှန်မှန်လာခဲ့ပေမယ့် မောနေသေးတယ်၊ရင်မောတာက ပိုမယ်လို့ထင်ပါတယ်၊
ကျွန်တော် ဘာစကားမှ မစနိုင်သေးခင်မှာပဲ..မိုးတိမ်...တဲ့။ ကျွန်တော့်နာမည်ကို သူမခေါ်တယ်...၊
ပြီးတော့ တဆက်ထဲမှာပဲ " ငါနောက်နှစ်ကျရင် ဒီမှာကျောင်းမတက်ရတော့ဘူး"
"ငါတို့အဖေက (------)မြို့မှာ အလုပ်ပြောင်းရမှာမို့ အဲဒီကို တခါတည်းပြောင်းရတော့မယ်" တဲ့......၊
ကျွန်တော် ကြေကွဲသွားလိုက်တာများ ဘာမှပြန်မပြောနိုင်တော့ပဲ သူမကိုပဲ တွေတွေငေးနေမိတော့တယ်၊
..."နင့်ကို ငါအမြဲ သတိရနေမှာပါ"...တဲ့..."အင့်..ဒါနင့်အတွက် သတိရလက်ဆောင်"...ဆိုပြီးတော့
ကျွန်တော်ကို စာအုပ်လှလှလေး တအုပ်ကို လှမ်းပေးတယ်...
ကျွန်တော်လှမ်းယူရင်း မထင်မှတ်ပဲ သူမလက်ကလေးပေါ်အုပ်ကိုင်မိသလို ဖြစ်သွားတယ်၊
အစကမရည်ရွယ်ပေမယ့် တခဏလေး ဆက်ကိုင်ထားရင်း
ကျွန်တော့်နှုတ်ဖျားက ရုတ်တရက် လွှတ်ခနဲပြောထွက်သွားတဲ့ "ငါ..နင့်ကို ချစ်တယ်."ဆိုတဲ့
စကားသံဟာ ၀မ်းနည်းမှုကြောင့် တိုးလျတုန်ရီနေပေမဲ့ သူမပါးပြင်လေးကိုတော့ ပန်းနုရောင်လွမ်းသွားစေခဲ့ပါတယ်။
မသိစိတ်ရဲ့စေဆော်မှုနဲ့ ထိန်းချုပ်သိမ်းဆည်းလို့မရတော့တဲ့ စကားလေးကိုပြောမိရင်း
သူမ မရုန်းပေမယ့် ဆုပ်ကိုင်မိထားတဲ့ လက်ကလေးကို လွတ်ပေးလိုက်တယ်..
အစကတည်းက ခပ်စိုစို ဖြစ်နေတဲ့ သူမမျက်ဝန်းထဲမှ မျက်ရေတစွန်းတစဟာ
ကျတော့မလိုလိုဖြစ်ဆဲမှာပဲ.."ငါသွားတော့မယ်နော်"လို..ပြောပြီး သူမကျွန်တော့်ကို ကျောခိုင်းထွက်သွားခဲ့ပါတယ်..၊
ကျွန်တော် ဘာစကားမှမပြောလိုက်နိုင်ပဲ သူမကျောပြင်လေးကို မြင်ကွင်းက ပျောက်သွားတဲ့ အထိ ငေးကြည့်နေမိတယ်၊
ဘယ်လောက်ကြာကြာ ရပ်နေမိလဲမသိဘူး၊
သတိရလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကျောင်းတော်ရဲ့ ရင်ပြင်မှာ တိတ်ဆိတ်ငြိမ်သက် လှစ်ဟာသွားခဲ့ပါပြီ၊
ကျွန်တော့် ရင်ဘတ်လဲ ထို့အတူပါပဲ......................။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အားလုံး ပျော်ရွှင်နိုင်ကြပါစေ။
By- @Builderb

Leave ကျောင်းပုရ၀ုဏ်က ပန်းပုံပြင် to:

Written by

Freedom On Steemit

Read more #myanmar posts


Best Posts From Builderb

We have not curated any of builderb's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Builderb