မဖြစ်မနေ လုပ်ရမည့် အလုပ်
မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
မေးခွန်းတစ်ခု အစပြုပါရစေ။ မိတ်ဆွေသာ ဘဝကိုအသစ်ပြန်စခွင့်ရမယ့် အခွင့်အရေးရမယ်ဆိုရင် သင် ဘာလုပ်ချင်ပါသလဲ။ ဥပမာ အသက် ၁၆ ၁၇ အရွယ်ဆိုပါစို့။ ယခု မိတ်ဆွေ သိတဲ့ အသိတရားအတိုင်း ဘဝကို နှစ်ခါပြန်လျှောက်လှမ်းခွင့်ပေးရင် သင် ဘာကိုအဓိကထား ပြုလုပ်မလဲ ? မိတ်ဆွေ စိတ်ထဲကဘဲ ဖြေကြည့်ပါ ။ ကျွန်တော့်ကို ပြောစရာမလိုပါဘူး။ နှစ်ခါလျှောက်ခွင့်ပေးရင်တောင် လုပ်သင့်တာတွေကို ပြုလုပ်ပါ့မလားလို့ ကျွန်တော်သံသယဝင်မိတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို သိပေမယ့် ဘာကြောင့် မလုပ်ဖြစ်ကြတာလဲ။လူတိုင်းလူတိုင်း ဖြစ်ချင်တာတွေဟာ တစ်ဦးနဲ့တစ်ဦး မတူပေမယ့် လူသားဆိုသောအရာအတွက် mainတစ်ခုတော့ အားလုံးတူရမယ်။ လူသားတွေ လူ့ဘဝကိုရောက်လာခြင်းရဲ့ ရည်ရွယ်ချက်က အတူတူပါဘဲ။ သိတာ မသိတာ လုပ်ဖြစ်တာ မလုပ်ဖြစ်တာက တစ်ပိုင်းပေါ့။ တကယ်တမ်းက လူဘဝရောက်လာရတဲ့ အဓိက ရည်ရွယ်ချက်က ဝိပဿနာပြုလုပ်ဘို့ ပါ။ဘာဖြစ်လို့လဲဆိုတော့ အပါယ်၄ဘုံ မှ လွတ်မြောက်ရေးက သတ္တဝါတိုင်းအတွက် အရေးကြီးဆုံးမို့ပါ။ ဝိပဿနာလုပ်မှဘဲ အပါယ်၄ဘုံက လွတ်မှာပါ။ ထို့ကြောင့် ထိုအလုပ်ကို သီးသန့်လို့ မယူဆတော့ဘဲ အသက်ရှင်နေသ၍ လုပ်တတ်သွာအောင် ပြုမူနေထိုင်တတ်ဘို့ အရေးကြီးပါတယ်။ မိတ်ဆွေအသက်ရှင်နေသ၍ အသက်ရှူခြင်းဟာ အမြဲမပျက် ဖြစ်ပေါ်နေပါတယ်။ ဝိပဿနာဆိုတာ ပစ္စုပ္ပန်ကို သတိတရားနဲ့ နေထိုင်ခြင်းကို ခေါ်ဆိုတာပါ။ အမြဲမပျက် ဖြစ်ပေါ်နေသော အသက်ရှူခြင်းကို သတိထားနေတာဟာ ဝိပဿနာလုပ်နေခြင်းပါဘဲ။ ထိုသတိဖြင့်နေထိုင်ခြင်း အလေ့အကျင့်ကို မဖြစ်မနေ လုပ်ရမှာက လူတစ်ယောက်တာဝန်ဆိုရင် မမှားပါဘူး။ ယခုဘဝ ပညာရှာဖွေခြင်း ငွေရှာဖွေခြင်း ဥစ္စာစုဆောင်းခြင်းဟာ မိတ်ဆွေသေသည်နှင့်တစ်ပြိုင်နက် အားလုံးထားခဲ့ရမယ့်အရာတွေပါ။ဝိပဿနာကုသိုလ်သည်သာ ကျွန်တော်တို့ရဲ့ ဥစ္စာထုပ်အမှန်ပါ။ ထိုအရာတွေကို မမေ့စေဘို့ အမြဲနှလုံးသွင်းအပ်တဲ့ အလေ့အကျင့်က ငါ သေရဦးမယ် သေရဦးမယ်။ ငါအို ရဦးမယ် အို ရဦးမယ် ၊ငါ နာရဦးမယ် နာရဦးမယ် ဆိုတာတွေကို နှလုံးသွင်းပြီး မိမိကိုယ်ကို သတိပေးနေဘို့ လိုအပ်လှပါတယ်။ အထက်ပါစာသားတွေက ဘာသာရေးစာအုပ်တွေမှာ ရေးလေ့ရှိတာတွေပေါ့။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ သိပ်မလုပ်ဖြစ်ဘူး။ တစ်နေ့တော့ လုပ်မှာပါ ဆိုတာနဲ့ဘဲ မိမိကိုယ်ကို နှစ်သိမ့်နေတတ်တယ်။ တကယ်တမ်းက ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံကို မဖြစ်မနေ ပြောင်းလဲသင့်ပြီလို့ ထင်တယ်။ လုပ်သင့်တာကို မဖြစ်မနေလုပ်ဘို့ လိုအပ်ပါပြီ။ သီးသန့်အလုပ်လို မမြင်တော့ဘဲ နေစဥ်နေထိုင်မှုမှာ တစ်ပါတည်းလုပ်ဖြစ်စေမယ့် နေထိုင်မှုဖြင့် ဘဝကို ဖြတ်သန်းတတ်ဘို့ လိုအပ်ပါပြီ။ဝင်လေထွက်လေကို သတိကပ်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူရပါမယ်။ ဘာပဲလုပ်လုပ် ဘာပဲစားစား ဘယ်ကိုပဲသွားသွား ဝင်လေထွက်လေကို သတိထားပြီး အလုပ်ကို ယှဥ်လုပ်သွားလို့ရပါတယ်။ နေထိုင်ခွင့်ပါမစ် ရတုန်းအချိန်လေး လုပ်နိုင်တဲ့အရွယ်ရှိတုန်းလေး ဝိပဿနာဥစ္စာထုပ်ကို ရနိုင်သမျှရအောင် ယူသွားပါ မိတ်ဆွေ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။
မဟော် (ရှားကိုး)
30/5/2020
11:15 am
Leave မဖြစ်မနေ လုပ်ရမည့် အလုပ် to:
Read more #myanmar posts
Best Posts From mahaw
We have not curated any of mahaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.