letwethondara avatar

မိညာ

letwethondara

Published: 15 Jun 2018 › Updated: 15 Jun 2018မိညာ

မိညာ

မိညာ

ပုံပြင်လေးအစက
" ဟို…ရှေးရှေးတုန်းကပေါ့ "ဆိုပြီး မစဘူး
" မန္တလေးကို အလည်လာခဲ့မယ်နော် "ဆိုပြီးစတယ်…

အလည်လာမယ်ပြောပြီးထဲက
မိညာ ကျနော့်ကို အဆက်အသွယ်ဖြတ်တယ်
ကျနော်နဲ့မိညာ အဆက်သွယ်ပြတ်တယ်…

နေဝင်ချိန်တွေဆို
ဦးပိန်တံတားဟာ သနားဖို့ကောင်းတယ်…
သူ့အပေါ်ဖြတ်လျှောက်မယ့်
ကတ္တီပါဖိနပ်နဲ့ကောင်မလေးကို မျှော်နေပုံများ
ဦးပိန်မျက်ဝန်းမှာ မျက်ရည်မြူခိုးတွေ…ဝေ
တောင်သမန်အင်းက လေညှင်းဟာ
'ရွှေအိုရောင်ဆံပင်လေးကို ကျီစယ်ချင်လိုက်တာ 'လို့
တဖွဖွပြောရှာ…

အလည်လာမယ်ပြောတဲ့ မိညာဟာ
မယ်ဇယ်တန်းကြီးကို ညာတယ်
အကြော်ဆိုင်လေးကို ညာတယ်
ဦးပိန်တံတားပေါ်က ပေါင်ချိန်စက်လေးကို ညာတယ်
တောင်သမန်အင်းကြီးကို ညာခဲ့သလို
မိညာ ကျနော့်ကို ညာခဲ့တယ်…

ကျောက်စိမ်းဘုရားက
အချဉ်ပေါင်းသည်လေး မေးတယ်
' အကို့ကောင်မလေး မလာသေးဘူးလား 'တဲ့
ကိုယ့်မှာ ဖြေစရာမရှိခဲ့…
ကျောက်စိမ်းဘုရားမှာ ကျောက်စိမ်းပန်းပု အရုပ်မလေးနဲ့
လက်စုံမိုး ရှိခိုးခွင့်ရပါလို၏လို့ ဆုတောင်းမိတယ်…

ကြောက်လို့များ စိမ်းကားရက်သလား မိညာ
ကျောက်စိမ့်စမ်းရေကန်ကို ညာတယ်
သနပ်ခါးကျောက်ပြင်ကြီးကို ညာတယ်
ပုတီးစေ့လက်ကောက်လေးတွေကို ညာသလို
ကျနော့်ကို ညာခဲ့သူ မိညာ…

တစ်ထောင့်တစ်ညမက မျှော်ရပေမယ့်
ပုံပြောသူမိညာ ပေါ်မလာခဲ့ဘူး…

မဟာမုနိမှာ
တစ်ယောက်ထဲ ရွှေသင်္ကန်းကပ်ရတာလဲ
ကြေကွဲစရာပဲ မိညာ…
ကြေးရုပ်ကြီးရင်ဘတ်ကို ပွတ်သပ်လို့
'ရင်နာရတဲ့ဝေဒနာ ပျောက်ကင်းပါစေသား 'လို့ ဆုတောင်းမိတယ်

ငါး/လိပ်ကန်ထဲ ပေါက်ပေါက်ဆုပ်တွေ
ကြဲချလိုက်တယ်
ကိုယ့်မျှော်လင့်ချက်တွေ ဟပ်ခဲ့တဲ့ မင်းတစ်ယောက်
ရွှေကန်ထဲမှာ ပျော်ရွှင်ပါစေ…

မဟာမုနိအထွက်လမ်းက One Wayတဲ့
ဟုတ်တာပေါ့…
ကိုယ့်အလွမ်းတွေလည်း တစ်လမ်းမောင်းဖြစ်ခဲ့တာကြာပြီ

မိညာရေ…
ကိုယ့်ကို ညာချင်ညာပါ
နန်းမြို့ရိုးကြီးကို မညာသင့်ဘူး…
ကျုံးရေပြင်ကို မညာသင့်ဘူး…
မျက်ရည်တွေ ကျုံးထဲ မျောချလိုက်တယ်
ရောင်စုံရေပန်းတစ်လျှောက် အပူမီးတွေဖြာဝေ…

မင်းမပါတဲ့ ကိုယ့်ဆိုင်ကယ်ကို
မန္တလေးတောင်က တက်ခွင့်မပေးချင်ဘူး…
ခြင်္သေ့ကြီးနှစ်ကောင်ဟာ
ရွှေအိုရောင်ဆံပင်လေးပါလိုပါညား ရှာနေတယ်
ကိုယ့်လွယ်အိတ်ထဲ မင်းကိုဖွက်ထားမယ် အထင်နဲ့ ရှာကြတယ်
ဆိုင်ကယ်တူးစ်ဘောက်ထဲ မင်းများခိုကပ်နေမလား ရှာကြတယ်

မင်းမပါတဲ့တောင်တက်လမ်းမှာ
သစ်ပင်တွေက ကိုယ့်ကိုနှိမ်တယ်
ငှက်ကလေးတွေက ကိုယ့်ကိုလှောင်တယ်
တောင်တက်စက်ဘီးသမားတွေကစ
ပန်းသည် ကလေးလေးအထိ
ကိုယ့်မှာ အားငယ်နေရ…

အလည်လာမယ်ပြောတဲ့ မိညာဟာ
ဗျာဒိတ်ပေးဘုရားကြီးကို ညာတယ်
မြွေကြီးနှစ်ကောင်ကို ညာတယ်
ကျန်စစ်သားခြေရာကို ညာတယ်
စန္ဒမုခိဘီလူးမကြီးကို ညာသလို
ရသေ့ကြီး ဦးခန္ဓီကို ညာခဲ့တယ်…

မန္တလေးမြို့အလှကို တောင်ထိပ်ကနေ
တစ်ယောက်ထဲကြည့်ရတာလည်း ငရဲ…
စစ်ကိုင်းတောင်တန်းကြီးထဲ နေလုံးဝင်တာကစ
ဧရာဝတီမြစ်ထဲက လှေငယ်လေးအထိ
ကိုယ့်မှာ အားငယ်နေရ…

ပုံပြောသူမိညာရေ…
ဒီအတိုင်းဆို
ရွှေကျောင်းကြီးဆီကို ရွှေအိုရောင်ကောင်မလေး မလာဖြစ်တော့ဘူး…
ကုသိုလ်တော်ရဲ့ ခရေပင်အောက်မှာ
ခရေကောက်သူလေး မရှိတော့ဘူး…
သုဓမ္မာဇရပ်တန်းမှာ ကတ္တီပါဖိနပ်လေး မချွတ်တော့ဘူး…
ကိုယ့်လက်မောင်းကို တွဲသူမရှိသလို
ကိုယ်တွဲချင်တဲ့လက်မောင်းလေး မရှိတော့ဘူး…

ပုံပြင်လေးအစက
" ဟို…ရှေးရှေးတုန်းကပေါ့ "ဆိုပြီး မစဘူး
" မန္တလေးကို အလည်လာခဲ့မယ်နော် "ဆိုပြီး စတယ်…

ပုံပြောသူမိညာနဲ့
ပုံပြင်ကြိုက်သူ ကျနော်
တစ်ထောင့်တစ်ညမက
အိပ်ယာဝင်တိုင်း ငိုရဦးမှာ…

ခိုသူမရှိတဲ့ ရင်ခွင်ကြီးဖွင့်လို့
ကြိုခဲ့မိတယ်…
ညာတာလေးကို ချစ်ခဲ့တယ်

" ပုံပြင်လေးက ဒါပါပဲကွယ် "ဆိုတဲ့နောက်
ကျနော်ဟာ ကျိန်စာမိလို့ အိပ်ပျော်ခဲ့သူ

ဟုတ်တယ်…
မိညာ ကျနော့်ကို ညာခဲ့တယ် ။ ။


                                    ဆန်းကျော်စွာဝင်း

Leave မိညာ to:

Written by

Read more #myanmar posts


Best Posts From letwethondara

We have not curated any of letwethondara's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From letwethondara