လရာသီနှင့် ပွင့်သောပန်းများ
မယ်ကြည်တို့ မြန်မာနိုင်ငံသည် တောတောင်ရေမြေ မြစ်ချောင်အင်းအိုင် သစ်တော စသဖြင့် စည်ပင်လှသည်။ ရာသီဥတု ၃မျိုးဖြစ်သော နွေ၊ မိုး၊ ဆောင်း နှင့်အတူ ရာသီအလိုက်၊ လအလိုက် ပွင့်သောပန်းတွေနှင့် လှပသက်ဝင်နေမြဲပင်..။မြန်မာနိုင်ငံ၌ ပွင့်သော ၁၂လပန်း များအကြောင်းကို ရေးပြချင်မိပါသည်။
မြန်မာလရာသီပန်းဖွဲ့ကို
"ပန်းကံ့ကော် ရွှေစံကားနှင့်
ငွေသားနု စပယ်မှန်။
မုလေး(မြတ်လေး) ခတ္တာနှင့်
ရွှေရင်းမာ ကြာ ခဝဲ
ဖွဲစ နှင်းလျှံ။
သဇင်ကျန်
ခွာတန်နှင့် ပေါက်လဲ။
ပွင့်ဝတ်ကယ် ရွှေဖီမင်း
သင်းထုံနံ့ကဲ.. ” ဟု ကင်းဝန်မင်းကြီးက နှစ်သက်ဖွယ် ရေးဖွဲ့ခဲ့လေသည်။ ဒီစာချိုးကို ဖတ်ပြီးမှ တချို့ရာသီပန်းတွေက မိမိ ထင်ထားသောပန်းနှင့် လွဲနေပါလားဟု သိရှိရလေသည်။ ဥပမာ တန်ခူးလတွင် ပိတောက်ပန်းဟု ထင်ထားရာက ကံ့ကော်ပန်းဟု သိရလေသည်။ အမှန်တကယ်က ပိတောက်ပန်းသည် တပေါင်းလတွင် ပွင့်သောပန်းဟု သိရလေသည်။ကျန်သောလများကတော့ မိမိ မသိ စာဖတ်ပြီးမှ သိခြင်းပင်..။ ရှင်းပြပါအုံးမည်..။
တန်ခူးလတွင် ကံ့ကော်ပန်း နှင့် ရင်ခတ်ပန်းများပွင့်သည်ဟု ဆိုသည်။
ကံ့ကော်ပင်အား လူအများ အားလုံး သိကြပေသည်။ အပင်ကြီးမျိုးနွယ်ဖြစ်ပြီး၊ အဖြူရောင်ပွင့်ဖတ်နှင့် အဝါရောင် ဝတ်ဆံမှုန် များဖြင့် လှပသော ပန်းအဖြစ် တန်ဖိုးထား ပန်ဆင်ကြလေသည်။အလွန်မွှေးပျံ့ပြီး ဆေးဖက်လဲဝင်သည်။ မြန်မာမိန်းကလေး များသည် ဘုရားတင်ခြင်းနှင့် မိမိတို့ ပန်ဆင်ထားသော ကံ့ကော်ပန်းများ ခြောက်သွားလျှင် ဝတ်ဆံမှုန် အဝါလေးများ ခြွေချပြီး သနပ်ခါးသွေးရာတွင် ထည့်သွေး လိမ်ကျံကြလေ့လဲ ရှိသည်။
တန်ခူးလ ပန်းအနေဖြင့် ရင်ခတ်ပန်း လည်း ပါရှိလေသည်။ ရင်ခတ်ပန်းကို သီချင်းထဲတွင်သာ ကြားဖူးပြီး အပြင်တွင် မမြင်ဖူးပါ..။ စာထဲ တွင် ဖတ်မိသမျှ ဝေမျှရရင်ဖြင့် ရင်ခတ်ကြီးနှင့် ရင်ခတ်လေးဟူ၍ နှစ်မျိုးရှိသည်။ အပင်ကြီးအမျိုးအစားဖြစ်ပြီး ရက်ခတ်လေးပင်သည် အမြင့်ပေ၂၀ကျော်နှင့် ရင်ခတ်ကြီးပင်သည် အမြင့်ပေ ၄၀ ၅၀ ခန့်ထိ ရှိပြီး အကိုင်းအခက်များသောအပင်ဖြစ်သည်။ ရင်ခတ်ပင်အသားသည် မာကျောပြီး အညိုရောင် ရှိသည်။ ရင်ခတ်သားကို ဘီး နှင့် အရုပ်များ ထုလုပ်သည်။ရင်ခတ်ပန်းသည် တပေါင်း ၊ တန်ခူးလတွင် စ၍ ပွင့်ပြီး ကိုင်းဖျားမှ တစ်ကိုင်းလုံး ပွင့်လေသည်။
ပန်းပွင့်သည် ပွင့်ဖတ် ၇ဖက်နှင့်အလယ်တွင် အဝါရောင် ဝတ်ဆံရှိပြီး ရနံ့သင်းပျံ့သည်။ အပွင့်၏ ထူးခြားချက်မှာ နံနက်ခင်းပွင့်စတွင် ဝါကျန့်ကျန့် အဖြူရောင်၊ နေ့လည်တွင် အဝါရောင်နှင့် ညနေတွင် ရွှေအိုရောင် အဖြစ် ပြောင်းလဲသွားခြင်းပင်။
တန်ခူးလဖွဲ့ကို ဖိုးသူတော် ဦးမင်းက...
"ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်ကယ်တဲ့ နံ့ကြိုင်။
ထုတ်ဖြူးလေဆော်က
ပန်းကံ့ကော် ဝတ်မှုံကျင်း
သင်းပျံ့လို့ လှိုင်။
ကြယ်နှစ်ပြိုင် စိတြငယ်နှင့်
ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း ”
ဟူ၍လည်း ဆွတ်ပျံ့ဖွယ် ဖွဲ့ဆိုထားပါသည်။
ဖတ်ကြည့်ရင်းနှင့်ပင် တန်းခူးလအကြောင်းကို မျက်စိရှေ့ မျက်ဝါးထင်ထင် မြင်ရသကဲ့သို့ပင်..။ မိမိ အမှု့မဲ့ အမှတ်မဲ့ ထားမိသော အရာများ ကဗျာအတွင်း ပါရှိလေသည်။
ဆက်ရန်...
Author @kyi
MSC 050
Leave လရာသီနှင့် ပွင့်သောပန်းများ to:
Read more #myanmar posts
Best Posts From Kyi
We have not curated any of kyi's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.