Ko Pyayt (Sai Al Pyayt) avatar

Reason

kopyayt

Published: 14 Nov 2025 › Updated: 14 Nov 2025

Reason

အကြောင်းပြချက်

ကဗျာတစ်ပုဒ်ကိုရေးနေရင်း
အမေ့ကလိစာတွေ အပြင်ရောက်လာတယ်
ဆေးဖိုးနဲ့ ဝါးခ ဘယ်အရာတန်ဖိုးပိုကြီးလဲ ..

အိုးပိုင်အိမ်ပိုင်ဘဝက ရေးခဲ့တဲ့ကဗျာ
အိုးပိန် အိမ်ယိုင်ဘဝနဲ့
စီးတော်ယာဉ်တွေပါ ပါးလွှာနေပြီ ...

အိမ်ပွဲစား ကျောက်ပွဲစား အထည်ပွဲစား
ပွဲတွေလိုက်စားမှ ဗိုက်ဝရမယ့်ခေတ်..

ဘာကိုအပြစ်မြင်တာလဲ ဟုတ်လား...
လူဖြစ်မိတဲ့ ဒီဘဝနဲ့ ကဗျာငတ်မွတ်တဲ့
​ဗမာပြည်သားစစ်စစ်ဖြစ်ခဲ့မိတာကိုပဲ ..

ကြွေသွားတဲ့ကြယ်တွေ
ဝေနေ ဝေးနေဆဲ ကြယ်တွေ
ဘယ်ခြေနေနဲ့ လူချင်းနီးမလဲ
မပြီးသေးတဲ့ ကဗျာက
အနာဂတ်တွေ ဆက်ခြွေတယ် ...

ချွေတာနေရတဲ့ ချွေးနှဲစာက
အမေသောက်မယ့်ဆေးတစ်ခွက်ထက်
ပိုပိုသာသာ စီးပွားရှာချင်မိပြီ ...

ပျက်ကပ်မှသည် ငတ်ကပ်ဆီသို့
ဦးတည်နေသော ကပ်ကြီး (၃)ပါးကြား
ဘယ်စီးပွားရေးက ဝင်ငွေလှလဲ ..

အိမ်သမားတွေ ရွှေကူး
ရွှေသမားတွေ စိန်ကူး
စိန်သမားတွေကျောက်ကူး
ဆားရည်စိမ် အန်တီကြီးကတော့
ရိုးနီဈေးတက်လို့ အစိမ်နားထားလေရဲ့..

ပွဲရုံတွေစားသောက်ဆိုင်ဖွင့်
စားသောက်ဆိုင်တွေ အိမ်တွင်းမှုလုပ်
ဘယ်အရှုပ်ထုပ်မှ မဆင်မပြေနေတဲ့အချိန်အခါ
နွားပိန်ကန်လှပေါ့ အရိုးနာတယ်
ကျေစရာအသားလည်း မရှိတော့
အဟာရအတွက် ရေဆွမ်းဟာ
ပိုမိုချိုမြိန် အေးမြတယ် ...

ငစိန်နဲ့ ဇကွဲ ဘယ်ဈေးလည်းမမေးနဲ့
ကန်စွန်း ကန်နဖော့ ဘယ်ဈေးလဲမမေးနဲ့
တစ်သောင်းတန်တစ်ရွက်နဲ့ ဘာအသီးအရွက်မှ မမေးနဲ့..

ဆန် ဆီ ဆား ငရုတ် ကြက်သွန်
သင့်နေ့စားခထက်
လူရာပိုဝင် တန်ဖိုးပိုမြင့်တယ်
တစ်သောင်းတန်တစ်ရွက်နဲ့ ဘာမှမမေးနဲ့ ...

ငါ ..
တစ်ခန်းရပ်ထားတဲ့ ငါ့ကဗျာ
အမေ့ဝမ်းစာ ဝချိန်ထိပေါ့ ...

              စိုင်းအယ်ပြည့်

![](Uploading... IMG_2335.JPG)

Leave Reason to:

Read more #hive-161465 posts


Best Posts From Ko Pyayt (Sai Al Pyayt)

We have not curated any of kopyayt's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Ko Pyayt (Sai Al Pyayt)