We are SMT avatar

Beautiful Hometown

komaung

Published: 29 May 2018 › Updated: 29 May 2018Beautiful Hometown

Beautiful Hometown

image

တော်ဝင်မင်္ဂလာတဲ့။

ဟုတ်ကဲ့။ လေဒီဒိုင်ယာနာရဲ့သားငယ်လေး ဟယ်ရီရဲ့မင်္ဂလာပွဲနေ့။ တကမ္ဘာလုံးက သဲသဲလှုပ်နေကြတယ်။ ဟယ်ရီဆိုတာ အင်္ဂလန်ဘုရင်မကြီးရဲ့မြေးတော်လေး။ ဘုရင်ဖြစ်ဖို့စာရင်းမှာ ခြောက်ဦးမြောက်မင်းသားလေး။ အဖေက ဘုရင်မကြီးရဲ့သားကြီး၊ အမေကလည်း နန်းသွေးအပြည့်ပါတဲ့ မင်းသမီးလေး။ ဒီတော့ မင်းသားလေးဟယ်ရီက တော်ဝင်သွေးအပြည့်ပေါ့။

ရှေးကတော့ တော်ဝင်သွေးကို မရောအောင်ဆိုပြီး မောင်နှမအရင်းတွေတောင် ပေးစားကြတယ်။ အဖေတူ အမေကွဲတွေ ယူကြရတယ်။ မင်းဆွေမင်းမျိုးတွေမို့ သွေးနှောမှာကြောက်ကြတာပေါ့။ ကြိုက်ကြိုက် မကြိုက်ကြိုက် ယူကြရတော့ အိမ်ထောင်ရေးတွေက အဆင်ပြေတာလည်းရှိ၊ မပြေတာလည်းရှိ။

မင်းသားလေးဟယ်ရီရဲ့ မိဘတွေလည်း တော်ဝင်သွေးဆိုပေမဲ့ အိမ်ထောင်ရေးကြတော့ တော်မဝင်ကြဘူး။ ချားလ်မင်းသားရဲ့ ငယ်ရီးစားက အသက်ကြီးကြီး အိမ်ထောင်ကြီးနဲ့မိန်းမ။ အမေဘုရင်မကြီးက ဒိုင်ယာနာမင်းသမီးလေးနဲ့အတင်းပေးစား။ အသက်က ထက်ဝက်လောက်ကွာနေတော့ အတွေးမတူ၊ မယူအဆမတူ။ ဒီလိုနဲ့ သားနှစ်ယောက်မွေးပြီး ကွဲကြလေသတည်း ဖြစ်။ နောက်တော့ လက်သည်မပေါ်တဲ့ ကားမတော်တဆမှုနဲ့ အမေဒိုင်ယာနာဆုံး။ အဖေက သူ့ငယ်ရီးစားနဲ့ ပြန်ပေါင်းထုတ်။ တော်ဝင်မင်းသားလေးတွေရဲ့ ဘဝက မလှပခဲ့။

ဒီလိုတွေဖြစ်ပျက်ပြီးနောက်မှာတော့ တော်ဝင်သွေးတို့၊ အင်္ဂလိပ်သွေးတို့ မစစ်ရင် မကြိုက်တဲ့၊ အလွန်လည်း ကိန်းကြီးခန်းကြီးနိုင်ပြီး ခွဲခြားဆက်ဆံတတ်တဲ့ ဘုရင်မကြီးလည်း နောင်တတွေ ရသွားဟန်ရှိတယ်။ အမျိုးသားရေးစိတ်ဓါတ်အကြောင်းတွေ သိပ်မပြောတော့ဘူး။ လူမျိုးအားလုံးကို ချစ်တတ်လာပုံရတယ်။ လူမှုရေးလုပ်ငန်းတွေမှာပါ တွေ့လာရတယ်။

ဒီတစ်ခါလည်း ဘုရင်မကြီးအတွက်တော့ ကြီးစွာသော စွန့်စားခွင့်လွှတ်ရမှုတစ်ခုနဲ့ ကြုံရပြန်တယ်။ သူ့အချစ်တော်မြေးတော်လေးဟယ်ရီယူတဲ့ မာခဲလ်ဆိုတဲ့အမျိုးသမီးဟာ အဖြူအမဲကပြားဖြစ်တဲ့အပြင် အပျိုမဟုတ်တဲ့ တစ်ခုလပ်၊ ပြီးတော့ အင်္ဂလန်နိုင်ငံသားမဟုတ်တဲ့ အမေရိကန်သူလေး ဖြစ်နေလို့ပဲ။

မေဂင်မာလ်ခဲ(Meghan Markle) ဆိုတဲ့ ချစ်စဖွယ်မိန်းကလေးဟာ အသက်(၃၆)နှစ်ရှိပြီ။ အမေရိကန်ရုပ်ရှင်နဲ့ တီဗွီစီးရီးတွေထဲမှာ သရုပ်ဆောင်ဖူးတယ်။ သူမရဲ့အဖေက အင်္ဂလိပ်သွေးမကင်းတဲ့အဖြူ၊ အမေက အမဲ။ အယ်လ်အေမြို့မှာမွေးတယ်။ သူမခြောက်နှစ်သမီးမှာပဲ လင်မယားကွဲကြလို့ အိမ်ထောင်ပျက်မိသားစုထဲက ကြီးပျင်းခဲ့ရတာတွေဟာ မင်းသားလေးဟယ်ရီနဲ့တူနေတယ်။ ၂၀၁၁ မှာ အိမ်ထောင်ပြုခဲ့ပြီး ၂၀၁၃မှာ အိမ်ထောင်ကွဲခဲ့လို့ တစ်ခုလပ်မလေး။ အတင်းကို အမျိုးစပ်ယူရင်တော့ သူမရဲ့အဖေမှာ အရင်က အင်္ဂလိပ်ဘုရင်တွေရဲ့သွေး ပိစိလေးတော့ ပါသတဲ့။ တစ်စက်လောက်ပေါ့။

သူတို့နှစ်ယောက်ကို သူငယ်ချင်းတွေက ဘလိုင်းဒိတ်လုပ်ပေးလို့တွေ့ကြရင်း မေတ္တာမျှရာက ခုတော့ မင်္ဂလာပွဲကျင်းပနေကြပြီ။ အင်္ဂလန်သူလည်းမဟုတ်၊ အဖြူသွေးတောင် တဝက်ပဲပါတဲ့ တစ်ခုလပ်မလေးကို သူ့မြေးတော်နဲ့ သဘောတူပါကြောင်းကို တရားဝင်စာထုတ်ပြီး ရေးပေးလိုက်ရတဲ့ဘုရင်မကြီးအတွက်တော့ တော်လှန်ရေးတစ်ခုဆင်နွဲရသလို ဖြစ်နေမှာပဲ။ သဘောတူကြောင်း စာထုတ်ပေးရတာက သူတို့တိုင်းပြည်ရဲ့ဓလေ့အရ ဘုရင်ဖြစ်မဲ့လူတွေ (၆)ယောက်အထိဟာ လက်ထပ်မယ်ဆိုရင် လက်ရှိဘုရင်ရဲ့ သဘောတူကြောင်းစာရွက် လိုအပ်လို့ပါတဲ့။

လက်ရှိဘုရင်မကြီးကလည်း ရာဇာပုလ္လင်ဖင်ကပ်ပါလာသလားတောင် ထင်မှတ်ရသူ။ သူမရဲ့အဖေကဘုရင့်ညီတော်။ ဘုရင်ဖြစ်စရာအကြောင်းသိပ်မရှိ။ ဖြစ်ချင်လာတော့ ဘုရင်က အမေရိကန်သူတစ်ခုလပ်မလေးနဲ့ကြိုက်ကြတယ်၊ ယူတယ်။၊ နန်းစွန့်ခိုင်းတော့ အလွယ်တကူပဲစွန့်လိုက်တယ်။ အချစ်အတွက် ထီးနန်းစွန့်ရဲသူအဖြစ် ရာဇဝင်တွင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ညီဖြစ်သူက ဘုရင်ဖြစ်၊ သူသေတော့ သူ့သမီးကဘုရင်မကြီးဖြစ်လာပေါ့။ ဘုရင်မဖြစ်တာတောင်(၆၆)နှစ်ကျော်ပြီ။ အသက်က (၉၂)ပေမဲ့ ခုထိကျန်းမာရေးကောင်းဆဲ။

ဘုရင်မကြီးရဲ့ဦးကြီးတော်က အမေရိကန်သူ တစ်ခုလပ်မကိုယူလို့ ထီးနန်းစွန့်ခဲ့ရတဲ့ခေတ်ကို လွန်ခဲ့ပြီး မြေးဖြစ်သူက အမေရိကန်သူ တခုလပ်မကိုယူတဲ့ ခေတ်သစ်ကိုရောက်ခဲ့ပေါ့။ ကြမ္မာရဟတ် တပတ်လည်တဲ့သဘော။ ပြီးတော့ ဘုရင်မကြီးရဲ့ မြေးတော်စပ်ရမဲ့ကလေးမလေးက အမဲသွေးတောင် တဝက်ပါသေးရဲ့။ ကောင်မလေးရဲ့အမေက ဂျော်ဂျီယာပြည်နယ်ဖက်က ကျွန်ဖြစ်ခဲ့ရတဲ့သူတွေရဲ့အနွယ်မို့ ကျွန်သွေးပါသူလေး။ ဘုရင့်သွေးနဲ့ကျွန်သွေးရောဖို့ဆိုတာ အရင်ကဆို အိပ်မက်တောင် မက်ဖို့မလွယ်။

အခုတော့(၂၁)ရာစုလေ။ ဘုရင်တွေကျွန်တွေခေတ်ကုန်ခဲ့ပြီ။ သူတို့ကြိုက်ရင် ယူလို့ရခဲ့ကြပြီ။ နိုင်ငံမတူလည်း ယူကြပြီ။ တခုလပ်တွေ၊ အပျိုတွေလည်း သိပ်ပြီးအရေးမပါတော့။ လူကိုလူလို့ပဲမြင်ကြတဲ့ခေတ်။ လူမှာ နှစ်မျိုးပဲရှိတယ်။ ကောင်းတဲ့သူနဲ့ ဆိုးတဲ့သူ။ ဆိုးတဲ့သူတွေကို လူ့ အသိုင်းအဝိုင်းက ရှောင်ကျဉ်ကြတယ်၊ ကောင်းတဲ့သူတွေကို လူ့အသိုင်းအဝိုင်းက ကြိုဆိုကြတယ်။ ကိုယ့်လူမျိုးဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်တွေဟာ သိပ်များလာတဲ့အခါ အဆိပ်အတောက်တွေဖြစ်လာတာကို သိကြတဲ့ခေတ်သစ်တစ်ခု။ မတူညီသူတွေ စုပေါင်းကာ ညီညွတ်မှုနဲ့ နေထိုင်ကြတဲ့ကမ္ဘာသစ်။

ဒီတော့ မင်းသားလေးဟယ်ရီနဲ့ သတို့သမီးလေးမေဂင်မာလ်ခဲတို့လည်း ဘဝတူ၊ အတွေးအခေါ်တူ၊ ခံစားချက်တွေပါ ထပ်တူကြလို့ ယူခဲ့ကြပြီ။ မိဘတွေဆီကလည်း အိမ်ထောင်ရေးသင်ခန်းစာတွေ အများကြီး ရရှိခဲ့ကြပြီ။ အောင်မြင်တဲ့အိမ်ထောင်တစ်ခု ဖြစ်လာမယ်လို့ ယူဆပါတယ်။ ဒီပွဲဟာ ကမ္ဘာသစ်မှာ ခေတ်သစ်တည်ဆောက်တဲ့ မင်္ဂလာပွဲတစ်ခုမို့ ကြိုဆိုပါတယ်လို့စ်။

(စာကြွင်း People wedding တစ်ခုလို့ ခံစားရတယ်။ မေဂင်ကလည်း စိန်တွေရွှေတွေညွှတ်နေအောင် ဝတ်မထားဘူး။ မင်္ဂလာဝတ်စုံကလည်း ရိုးရိုးလေး။ မိတ်ကပ်တွေလည်းပြောင်နေအောင် မချယ်သထားဘူး။ ဆံပင်လည်း ရိုးရိုးပဲပြင်ထားတယ်။

တော်ဝင်မင်္ဂလာဆောင်က အဝတ်ခဏခဏမလဲပြဘူး။ ဘုရားကျောင်းထဲမှာ အားလုံးအတူတူထိုင်ရတယ်။ အတွင်းထဲကလူ၂၀၀မှာ ဘုရင်မကြီးလည်းအားလုံးနဲ့အတူတူပဲ ထိုင်ရတယ်။ အပြင်က လူ၄၀၀ကလည်း ရိုးရိုးသံထိုင်ခုံလေးတွေနဲ့ အတူတူထိုင်ရသဗျ။

တို့ဆီမှာလို VVIP ခုံလည်းမရှိ။ ခုံတွေကိုအဝတ်ဖုံးပြီး ရွှေကြိုးလည်းမပတ်ထား။ လာတဲ့သူတွေကလည်း စိန်တွေရွှေတွေ ညွှတ်နေအောင် မဝတ်ထား။ ဖျော်ဖြေရေးကလည်း နိုင်ငံကျော်တီးဝိုင်း၊ အဆိုကျော်တွေမပါ။ ရေတခွက်၊ မုန့်တချပ်မှလည်းမကျွေး။ မင်္ဂလာလက်ဖွဲ့လည်း အထုတ်ကြီးတွေမသယ်လာ။ ပေါ့ပေါ့ပါးပါးနဲ့ ပြီးသွားတဲ့ တော်ဝင်မင်္ဂလာပွဲပဲ။

မင်္ဂလာအခမ်းအနားမစခင် သတို့သမီးကို ဟယ်ရီကပြောတာလေးလည်း သဘောကြတယ်။ “ I’m very lucky.”( to have you ) တဲ့။)

Leave Beautiful Hometown to:

Written by

Read more #esteem posts


Best Posts From We are SMT

We have not curated any of komaung's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From We are SMT