အပူထဲမှာ အအေးရှာ
ပြင်ရခက်တဲ့ အကျင့်တွေထဲမှာ အအိပ်မက်တာလည်း
ပါတယ်။ စာသင်တိုက်မှာလည်း နေ့လည်ဆို တရေးတမော ၁ နာရီမျှ အိပ်နေကြ။ ဒီအချ်ိန် မအိပ်ရရင် မျက်လုံးက ပြာ ခေါင်းလည်း မူးရော။
ဘယ်လို အကျင့်လဲ ဆိုးပါဘိ။
အခုတော့ ဝမ်းသာရမလိုပဲ အကျင့်ဆိုးလေးတွေက
ပျောက်ပျောက်လာတယ်။ နေ့လည်ဆို အိပ်ချင်တာ
တောင် အိပ်မရ။ ပူတာလည်း ပါတယ်။ ဒါပေမဲ့
ဒါလည်း တမျိုးကောင်းတယ်။ ပူတော့ အိပ်မရ
အိပ်မရတော့ စာဖတ်။ စာဖတ်ခြင်းက ကောင်းလိုက်တာ။
ဆရာသားအေးညရဲ့ စာအုပ်။ နာမည်က ပြုံးပြလည်း
မနည်းပါဘူးတဲ့။ ထုံးစံအတိုင်း စာအုပ် နောက်ဆုံးကနေ
လှန်လျောပြီးဖတ်။ ဒါကလည်း အကျင့်လား ဝါသနာတမျိုးလားလို့ ပြောရမလား။ ဆောင်းပါးတို
အက်ဆေးတို ကဗျာစာအုပ်တွေ ဖတ်ရင် နောက်ဆုံး
စာမျက်နှာအခန်းကနေ လှန်ဖတ်တတ်တာပဲ။
လေအေးက မလာတော့ ယပ်လေးခပ်။ ပက်လက်
ကုလားထိုင်လေးပေါ်ထိုင်ချ။ ဟိုး အေးချမ်းပါဘိ။
ပူလွန်းတဲ့ နေဒဏ်ကို မိမိ အံ့တုနိုင်တယ်။ အမယ်
ကိုယ့်ကိုကိုယ် ချီးမွမ်းခြင်းဟာလည်း ကျေနပ်စရာ။
စာအုပ်ထဲက စာကြောင်းလေးတစ်ကြောင်းက
မိမိကို အတွေးပွားစေတယ်။ နောက်ပြီး နေတတ်အောင်
သင်ပြနေသလိုလို။ စာကြောင်းလေးက...
" ယခုအခါတွင် အများစုတို့မှာ ပယ်အပ်သည့်တရား
နှင့် ပွားအပ်သည့်တရား မစဥ်းစား မဆင်ခြင်နိုင်ဘဲ
( ဘာဝေတဗ္ဗနှင့် ပဟာတဗ္ဗ) ပယ်အပ်သည့် ဒေါသကို
ပွားများနေကြပြီး ပွားများအပ်သည့် မေတ္တာတရားကို
ပယ်နေကြလေသည်" တဲ့။
ဒေါသနှင့် မေတ္တာတရားဆိုတာ လူတိုင်း သိနေတဲ့
တရားနှစ်ပါးပဲ။ ဒေါသဆိုတာ မကျေနပ်မှုတွေ
မေတ္တာဆိုတာ ကျေနပ်မှုတွေ။ မကျေနပ်မှု ဒေါသ
ကို ကျော်လွှားနိုင်ရင် ကျေနပ်မှု မေတ္တာ ဘက်ကို ဦးတည်မယ်။ ပြောရရင် လွယ်လွယ်လေး တကယ်လုပ်
အဟုတ်ခက်တယ်။ ဒါပေမဲ့ ဒါဟာ တကယ့် အမှန်တရားပဲ။
မိမိလည်း အိပ်ချင်တယ် အပူကြောင့် အိပ်မပျော်။
အိပ်မပျော်အောင်လုပ်တဲ့ အပူကို မကျေနပ်။ နောက် အပူကနေတစ်ဆင့် တခြားသူတွေကို ထပ်ပြီး မကျေမနပ်ဖြစ်မယ်။ ဆင့်ကာဆင့်ကာ ပူမယ်။ မိမိပူလောင်မှုမှတစ်ဆင့် မိမ်ိ ဆွေမျိူး မိတ်ဆွေတွေ အထိ အဆင့်ဆင့် ထပ်ပူမယ်။
အပူလေးကို မတိုက်ထုတ်နိုင်ပဲ။ ကိုယ့်စိတ်နဲ့ကို
ရန်ဖြစ်နေရင်းကနေ အများပြည်သူကပါ
ခံရတော့မယ်။ ဒီတော့ မကျေနပ်မှုတွေကို
သည်းခံခြင်း ခွင့်လွှတ်ခြင်း ကိုယ်ချင်းစာတရား စသော တရားတွေနဲ့ကျော်လွှားရမယ်။
အပူထဲက အအေးဆိုတာ မကျေနပ်မှုတွေကို
ကျေနပ်အောင် လုပ်ရင်းနဲ့ ရတဲ့ ရလဒ်ပါ။
ယခု မိမိနေရာက နေ၏အရှိန်ကြောင့် ပူတယ် ဒါပေမဲ့ ကျေနပ်တယ်။ အကောင်းမြင်ပါတယ်။ ယခုလို
ပူတဲ့အတွက် စာဖတ်ချိန် ပိုရတယ်။ နေတတ်ရင်
ကျေနပ်စရာပါ။
အပူထဲမှာ အအေးတွေ့ပြီဆိုပါက
တစ်ယောက်တည်းလည်း နေတတ်နိုင်မှာ ဖြစ်တယ်။
-------------ဘုန်းပညာ
Leave အပူထဲမှာ အအေးရှာ to:
Read more #myanmar posts
Best Posts From Ven Gunapeya
We have not curated any of gunapeya's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.