Inner Peace
ဒီရက်ပိုင်း နေရတာ စိတ်မပျော်နေပေ။ ဒီနေ့မှာတော့ ပိုဆိုး၏။ တခုခုဆို စိတ်က မရှည်နေပေ။ စိတ်ညစ် နေတာမျိုး မဟုတ်ပေမယ့် စိတ်ရှုပ်နေတာတော့ အမှန်ပင်။ စိတ်ထဲ ဘဝင်မကျ ဖြစ်နေတာမျိုးပေါ့။ ဘာကို ဘဝင် မကျနေတာလဲ မေးက ကျနော် မဖြေတတ်။ ကျနော် ကိုယ်တိုင်လည်း ဘာကို ဘဝင်မကျနေသလဲ ဆိုတာကို မသိသောကြောင့် ဖြစ်၏။
2025 အစမှာတုန်းက ပြောင်းလဲရမယ်ဟု ကြွေးကြော် ထားခဲ့ပေမယ့် February လ ရောက်လာသည်အထိ ဒီအတိုင်းက ဒီအတိုင်းပင်။ အိမ်း ..... ခွေးမြီးကောက် ကျည်တောက်စွပ်များ ဖြစ်နေခဲ့လေပြီလား မသိပေ။ Comfort Zone က အတော်ကြီးကို ကျယ်ပြန့်နေခဲ့လေသလား။ ကျနော် ကိုယ်တိုင်ကကို လုံလောက်အောင် အားမထုတ် ဖြစ်နေသေးသည်လားတော့ မပြောတတ်ပေ။ သေချာတာကတော့ ကျနော့် အားထုတ်မှု လိုနေသေးတာ ဖြစ်မည်။
အပြောင်းအလဲ ဖြစ်လာဖို့ တခုခုကို စတင်ပြီး လုပ်ဖြစ်ဖို့ လိုပြီ။ တခုခုကို သေချာ စွဲစွဲမြဲမြဲ လေ့လာတာ၊ လုပ်တာ ဖြစ်ဖြစ်ပေါ့။ ခုက အချိန်ဖြုန်းသည့် အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်ဖြစ်နေခဲ့၏။ ကိစ္စ အကြီးကြီးတွေမှရယ် မဟုတ် တခါတလေ ပိုစ့်တင်ဖို့ စာရေးနေရင်းက Facebook ရောက်သွားလိုက်၊ Telegram ရောက်သွားလိုက်နဲ့ရယ်။ အာရုံစူးစိုက်မှု လျော့နည်း နေခြင်း ဖြစ်၏။ လက်ရှိ လုပ်နေတာကို အရင်ပြီးအောင် လုပ်ရမယ့်အစား ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက် ဖြစ်နေခဲ့၏။
ကိုကျော်ဇေယျ မကြာခဏ ရေးသားဖော်ပြလေ့ ရှိသည့် ပိုစ့်တွေထဲကလို တရားလေး ဘာလေး ရှုမှတ်တာမျိုး လုပ်ကြည့်ရပေဦးမည်။ တရားစခန်း ဝင်တုန်းကသာ တရားမှတ်တာကို အလေးထား လုပ်ဖြစ်ပြီး တရားစခန်း မဝင်ဖြစ်သည့် အခါမျိုးမှာတော့ တရားမှတ်ခြင်း အလုပ်ကို မှန်မှန် မလုပ်ဖြစ်တော့ပေ။ ဥပမာ တရက်ကို ဘယ်နာရီ၊ ဘယ်နှယ်မိနစ်လေးတော့ တရားမှတ်မယ် ဆိုတာမျိုးလေးပေါ့။ လူ့စိတ်ကလည်း ခက်သားလား။ ကောင်းတာထက် မကောင်းတာကိုပဲ ပိုမိုပြီး မွေ့လျော်လေ့ ရှိ၏။ ဒါကို ကျော်လွှားဖို့ လို၏။
ခက်တယ်ဟုလည်း ပြောလို့ ရသလို၊ လွယ်တယ်ဟုလည်း ပြောလို့ရ၏။ နည်းမသိခင် ခက်ပြီး နည်းလမ်းသိသွားရင်တော့ လွယ်ပေလိမ့်မည်။ ကိုယ့်အကြောင်းကို ကိုယ်သိဖို့က တကယ်တမ်းမှာ မလွယ်သည့် ကိစ္စပင်။ မိမိ စိတ်ကို နားလည်ပြီး လိုအပ်သလို ထိန်းသိမ်း ပြုပြင်သွားနိုင်မယ် ဆိုရင်တော့ အတော်လေး ဟုတ်သွားပြီလို့ ဆိုရမည်။ ကိုယ့်စိတ်ကို ကိုယ်မနိုင်သရွေ့၊ မိမိ ဘာဖြစ်ချင်နေတာကို မသိသရွေ့တော့ အဖြေတွေနဲ့ ဝေးနေပေလိမ့်ဦးမည်။
Leave Inner Peace to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.