18 + ( ၁၈နှစ်ပြည့်မှ ဖတ်ရန် )
18 + ( ၁၈နှစ်ပြည့်မှ ဖတ်ရန် )
( ၁ )
ဂျပန်လက်ကျန်ဗုံးခွံကို
ကျောင်းတက်ခေါင်းလောင်း လုပ်ထားတဲ့
စာသင်ကျောင်းမှာ ကြီးပြင်းလာတယ်
အမြောက်ဆံအခွံကို
ဘုရားပန်းအိုး ထိုးနေရတဲ့နိုင်ငံမှာ
လူဖြစ်လာတယ်
ဒီကဗျာထဲ
မြေမြုပ်မိုင်းတွေ ထည့်မြုပ်ထားတယ် ။
( ၂ )
ကချင်ပြည်နယ်မှာ ယမ်းငွေ့ဝေချိန်ဆို
ရှုခင်းသိပ်လှတာ
ရခိုင် ဒုက္ခသည်စခန်းတွေ တိုးချဲ့ရဦးမယ်
ကရင်နီကလေးတွေ စာမတတ်တဲ့ကိစ္စဟာ
သိပ် အရေးမပါဘူး
ဘိန်းစိုက်ဖို့ ဘွဲ့မှ မလိုတာ
" ပွင့်တဲ့ပန်းတွေ ရနံ့မမွှေးမှတော့
ယမ်းနံ့တွေ ရဲရဲရှုလိုက်ကြ "
( ၃ )
မနောပွဲမှာကခုန်ဖူးတဲ့ လက်ကလေးလည်း
ဓါးနဲ့ခုတ်ရင် ပြတ်တာပဲ
ဝါးညှပ်အက အလှပြတဲ့ ခြေထောက်လည်း
မြေမြုပ်မိုင်းနင်းရင် ပြတ်တာပဲ
ဒုံးယိမ်းကတဲ့ ခန္ဓာကိုယ်မှာ
ကျည်ရာဗရပွနဲ့
ဒီဖက် စစ်သင်္ချိုင်းမှာလည်း
ပူပူနွေးနွေးမုဆိုးမနဲ့
နေ့စေ့လစေ့ဗိုက်ကြီးသည် ငိုချင်းချနေတယ်
ကောင်လေးကြည့်ရသလောက်
" သူ့အဖေ တိုက်ပွဲကျတာကို
စာမေးပွဲကျသလို ပြန်ဖြေခွင့်ရမယ်ထင်နေပုံပဲ"
ကောင်လေးမှာ
ညညဖက်အိပ်စရာ အဖေမရှိတော့ဘူး
အားကိုးရာမရှိတဲ့အခါ
စစ်သည်ကောင်းတံဆိပ်လည်း ဖက်ထားလို့မရ ။
( ၄ )
သွေးချင်းတို့မြေတွေက
သွေးစွန်းလို့ပေနေရ
အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ
အိမ်သာသုံးစက္ကူစုတ်ပဲ
ပြည်တွင်းစစ်ဟာ နာတာရှည်ရောဂါ
'တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး' ဆိုပြီး
သေနတ်ပြောင်းတွေ ခေါင်းကို ထိုးချိန်နေကြ
အိုးမဲမသုတ်ပဲ
အိမ်ကြက်ချင်း အားပါးတရခွပ်နေကြ
ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်တွေနဲ့
စစ်သင်္ချိုင်းကလဒတွေဟာ
ဇာတ်တူသားစားပြီး ဝဖြိုးလို့ ။
( ၅ )
ပြည်တွင်းစစ်ဟာ
ဘိုးဘွားပိုင် အမွေအနှစ်တစ်ခုလိုမျိုး
၁…နေရာယူ
၂…အဆင်သင့်
၃…ကျည်ဆံထည့်
၎…မောင်းချိန်
၅…ဝပ်
၆… အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး
၇…ပစ်နိုင်ပြီ
အဲ့ဒီလို လည်နေတဲ့သံသရာထဲ
" ငါ့အဖေငယ်ငယ်က တိုက်တဲ့ပွဲ
ငါကြီးတဲ့အထိ ကျည်ဆန်မစဲသေးဘူး "
( ၆ )
ခေတ်ကကြမ်းတယ်
ငြိမ်းချမ်းရေး ဒီရေတောမစိုက်သရွေ့
စစ်ကမ်းပါး ပြိုနေမယ်
ပြည်သူဟာ
ဘယ်ပထွေးကို အဖေခေါ်ရ
ဘယ်အဖေကို ကံကြီးထိုက်ရမလဲ
စစ်တစ်ပင် စိုက်လိုက်တိုင်း
ဗုံးသီးတွေ သီးလို့ သေပန်းတွေ ပွင့်ကြ
မင်း ရန်သူဟာ
သူ့အမေအတွက် သားတစ်ယောက်ဖြစ်ပြီး
သူ့ရန်သူဟာ
မင်းမိခင်ရဲ့သားတစ်ယောက်ဖြစ်တယ်
" ဘယ်သူ သေသေ မမာနိုင်တာ အမေတွေ "
( ၇ )
ဖွတ် မိကျောင်းဖြစ်တာသိတယ်
ထိုင်ငိုနေရုံနဲ့ ဧရာဝတီဟာ ချမ်းသာမလာဘူး
ငြင်းခုံနေရုံနဲ့ ပြည်သူဟာ ကျန်းမာမလာဘူး
အမြောက်ဆံအခွံကို
ဘုရားပန်းအိုး ထိုးနေရတဲ့နိုင်ငံသားမို့
ဂျပန်လက်ကျန်ဗုံးခွံကို
ကျောင်းတက်ခေါင်းလောင်းလုပ်ထားတဲ့
စာသင်ကျောင်းထွက် ကဗျာရေးသူမို့
ဒီကဗျာထဲ
မြေမြုပ်မိုင်းပဲ ထည့်မြုပ်နိုင်တယ် ။
( ၈ )
" သင် ၁၈နှစ်ပြည့်ပြီလား
၁၈နှစ်ပြည့်ပြည့် မပြည့်ပြည့်
တပ်မတော်ရော သောင်းကျန်းသူပါ
သင့်ကို အလိုရှိနေတယ် "
ဆန်းကျော်စွာဝင်း
Copy#
#crd
Leave 18 + ( ၁၈နှစ်ပြည့်မှ ဖတ်ရန် ) to:
Read more #sagaing posts
Best Posts From chirstonawba
We have not curated any of chirstonawba's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.