ခရီးတစ်ခေါက်ရောက်ခဲ့ပြီ
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
မိုးလေးတစ်ဖွဲဖွဲကျလာလိုက် တိတ်သွားလိုက်ပေမယ့် မိုးကောင်းကင်တစ်ခွင်လုံးကတော့ တိမ်များအုံးဖုံးလို့နေပါတယ်။ အအေးပိုနေတဲ့ရာသီဉတုနဲ့ တောင်တန်းများကြားမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေက ကြီးစိုးနေပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေခြင်းကြောင့်ပဲ ကျေးငှက်ကလေးတွေရဲ့ အော်မြည်သံကိုကြားနေရပါတယ်။ အဲဒီလို ကျေးငှက်ကလေးတွေရဲ့ အသံကိုကြားနေရတာကလည်း ကြည်နူးစရာတစ်ခုပါ။ လွမ်းချင်စရာ မောချင်စရာလည်းဖြစ်နေတဲ့ နေရာဒေသတစ်ခုပါ။ အချိန်က ညနေ(၄)နာရီလောက်ပဲရှိသေးပေမယ့် မိုးမှောင်ညသလိုဖြစ်နေတဲ့ရာသီဥတုကြောင့် ရောက်နေတဲ့နေရာမှာ အမှောင်ရိပ်လွှမ်းသလိုဖြစ်နေပါတယ်။ နေရာက တောင်ပိုင်းရှမ်းပြည်၊ တောင်ကြီးခရိုင်၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ နောင်ခိုင်ကျေးရွာအုပ်စုထဲမှာပါတဲ့ မွေတော်ကျေးရွာထဲမှာတည်ရှိတဲ့ လူအများလည်းသိနေကြတဲ့ မွေတော် ကက္ကူ ရှေးဟောင်းစေတီတော်တွေ တည်ရှိတဲ့နေရာမှာပဲဖြစ်ပါတယ်။ ပအို့ဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိခြင်းဖြစ်ပါတယ်။
ဒီနေရာလေးကို ကျွန်တော်တို့နိုင်ငံကလူအများစုသိကြသလို ကြုံကြိုက်ရင်ပဲဖြစ်ဖြစ် အလည်သက်သက်ပဲဖြစ်ဖြစ် သွားရောက်လည်ပတ်တတ်ကြပါတယ်။ နိုင်ငံခြားသားအများစုကလည်း အင်မတန်စိတ်ဝင်စားတဲ့နေရာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံသားတွေအများစု လာရောက်လည်ပတ်ကြတာကတော့ ရောက်ဖူးအောင်လို့ဆိုတဲ့ စိတ်ကူးနဲ့ပဲဖြစ်ကြမယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသားများလာရောက်လည်ပတ်ကြတာကတော့ အဲဒီလို ရောက်ဖူးအောင်လို့ဆိုတဲ့စိတ်နဲ့မဟုတ်ကြပါဘူး။ မွေတော် ကက္ကူမှာ တည်ရှိနေတဲ့ စေတီတော်တွေကို စိတ်ဝင်စားလို့ စေတီတော်မှာ ပါရှိတဲ့ အနုပညာလက်ရာက်တွေကို လေ့လာသုံးသပ်ပြီး ဘယ်ခေတ် ဘယ်ကာလ ဘယ်အချိန်က ဆိုတာတွေကို စိတ်ဝင်စားလို့ လာကြတာပဲဖြစ်ပါတယ်။ အတော်တော့ ကွာခြားနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရောက်ဖူးအောင်လို့ဆိုတာထက်မပိုခဲ့ပါဘူး။ ဒါပေမယ့် ရှေးဟောင်းလက်ရာတွေ အနုပညာလက်ရာတွေကိုတော့ စိတ်ဝင်စားပါတယ်။ နားလည်လို့တော့ မဟုတ်ပါ။ ဒီအတိုင်း စိတ်ဝင်စားရုံသက်သက်ပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း ဓာတ်ပုံရိုက်ယူခဲ့တာပေါ့။
မွေတော် ကက္ကူမှာ တည်ရှိနေတာက ရှေးဟောင်းစေတီတော်မျာအပြင် အခြားစိတ်ဝင်စားစရာ အကြောင်းအရာများလည်း ရှိနေမယ်လို့ထင်ပါတယ်။ နောင်မွန်အင်းဆိုတာ ရှေးဟောင်းစေတီတော်တွေရဲ့ အနီးမှာတည်ရှိနေတယ်လို့ဆိုပေမယ့် ကျွန်တော်တို့ရောက်တဲ့အချိန်ကနောက်ကျနေတဲ့အတွက် မကြည့်ခဲ့ မမြင်ခဲ့ရပါဘူး။ အေးချမ်းတဲ့အချိန်ကာလမဟုတ်တာလည်းပါပါတယ်။ မွေတော် ကက္ကူ ဟာ ဘွဲ့တော်အမည် (၅)မျိုးနဲ့ ကျော်ကြားတယ်လို့ဆိုကြပေမယ့် အများသိကြတာကတော့ မွေတော် ကက္ကူ ဆိုတဲ့ ဘွဲ့အမည်ပဲဖြစ်ပါတယ်။ ဘွဲ့တော်အမည် (၅)မျိုးက-
(၁) မွေတော်ကက္ကူဘုရား
(၂) ရွှေဝက်ကူးဘုရား
(၃) ရွှေဝက်ဂူဘုရား
(၄) သက်တူဘုရား
(၅) ရွှေဂူကြီးဘုရား
တို့ပဲဖြစ်ပါတယ်။ ဘုရားဘွဲ့တော်တွင်ရခြင်းအကြောင်းတွေလည်းရှိပါတယ်။ ဘုရားသမိုင်းကြောင်းကို ရေးတာမဟုတ်လို့ မရေးတော့ပါဘူး။ စိတ်ဝင်စားရင် အလွယ်တကူရှာဖတ်လို့ရပါတယ်။
သဘာဝအလှတရားရှုခင်းတွေကို ဓာတ်ပုံရိုက်ရတာ ဝါသနာပါလေတော့ ဓာတ်ပုံအတော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ သိရီဓမ္မာသောကမင်းကြီးရဲ့ ကိုးတိုင်း ကိုးဌာန သာသနာပြုမှာ ပါဝင်တဲ့ စေတီပေါင်း(၈၄၀၀၀)ထဲမှာ ပါဝင်တယ်လို့တော့သိရပါတယ်။ ဒီလိုဆိုရင်ဖြင့် နှစ်ပေါင်းထောင်ချီနေခဲ့ပြီဖြစ်တဲ့ အလွန်ရှေးကျတဲ့ စေတီတော်များဖြစ်ပါတယ်။ ပုဂံခေတ်ကာလ အလောင်းစည်သူမင်းတရားကြီးကလည်း စေတီတော်များ ထပ်မံတည်ထားကိုးကွယ်ခဲ့တယ်လို့လည်း သိရပါတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ လှပအေးချမ်းသာယာမှုက ရောက်လာသူတွေကို အမှန်တကယ်အေးချမ်းစေနိုင်ပါတယ်။ ကြည်နူးပီတိဖြစ်စေနိုင်ပါတယ်။ စေတီတော်ပေါင်း (၇၆၂၃)ဆူရှိတယ်လို့ ဆိုခဲ့တဲ့စကားပုံတွေအရ သိရပေမယ့် လက်ရှိမှာတော့ စေတီတော်ပေါင်း(၂၄၇၈)ဆူသာ ကျန်ရှိနေတော့ကြောင်း စစ်တမ်းများအရသိရပါတယ်။
မွေတော်ကက္ကူကနေကျွန်တော်တို့ ပြန်ထွက်တဲ့အချိန်မှာ မှောင်နေပြီဖြစ်ပါတယ်။ ဘုရားဖူးခရီးသည်တွေလည်း တစ်ယောက်မှ မရှိတော့ပါ။ အတော်လေးနောက်ကျသွားတဲ့အတွက် ဘုရားစုံတောင်ဖူးချိန်မရလိုက်ပါဘူး။ အဲဒီကနေ တောင်ကြီးကို ပြန်ရောက်တော့ ည(၇)နာရီလောက်ရှိနေပါပြီ။ တောင်ကြီးမြို့မှာရှိတဲ့ Hive အဖွဲ့သားများကို ဖုန်းဆက်လို့ တွေ့ဆုံချင်ပေမယ့် မိုးချုပ်သွားတာကြောင့် ဖုန်းမဆက်ဖြစ်ခဲ့တော့ပါဘူး။ အမျိုးအိမ်ရောက်တော့ ည(၇)နာရီခွဲလောက်ဖြစ်နေပါပြီ။ ထမင်းစားပြီး အမျိုးများနဲ့ ရောက်ရာပေါက်ရာ စကားတွေပြောရင်းညနက်မှ အိပ်ရာဝင်ခဲ့ပါတယ်။ မိုးကရွာလိုက် တိတ်လိုက်ဖြစ်နေတဲ့အပြင် လေကလည်း တစ်ချက်တစ်ချက်တိုက်နေတော့ တောင်ကြီးမြို့ရဲ့ အအေးဓာတ်က ပိုပြီးအေးနေပါတယ်။ မည်သို့ပင်ဆိုစေကာမူ အဲဒီညအတွက်တော့ ခရီးပန်းလာတာကြောင့် အေးအေးနဲ့ စောင်ခြုံထဲဝင်ကွေးလိုက်တာ တစ်ချိုးတည်းအိပ်ပျော်သွားပါတော့တယ်။
အားလုံးကို လေးစားလျှက် -
@ansoe
Leave ခရီးတစ်ခေါက်ရောက်ခဲ့ပြီ to:
Read more #hive-122133 posts
Best Posts From ANSOE
We have not curated any of ansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From ANSOE
- My Entry For Around The World - Challenge #12/7 🌎
- My Entry For Around The World - Challenge #7/7 🌎
- My Entry For Around The World - Challenge #5/7 🌎
- My Entry For Around The World - Challenge #4/7 🌎
- My Entry For Around The World - Challenge #2/7 🌎
- My Entry For Around The World - Challenge #52/6 🌎
- My Entry For Around The World - Challenge #51/6 🌎
- My Entry For Around The World - Challenge #50/6 🌎
- My Entry For Around The World - Challenge #49/6 🌎
- My Entry For Around The World - Challenge #48/6 🌎