zinminhtet avatar

ဆက်ရန်မရှိ

zinminhtet

Published: 20 Aug 2018 › Updated: 20 Aug 2018ဆက်ရန်မရှိ

ဆက်ရန်မရှိ

#ဆက်ရန်မရှိ

tg.jpg
photo credit

အရှေ့ဘက်ဆီမှ အနီရောင်ဖျဖျလေးကျိုးတို့ကျဲတဲ တိုးထွက်လာချိန်...ကျေးငှက်သရကာတို့ ကျလိကျလိနှင့်တစ် နေ့တာ ဝမ်းစာရေး ဖြေရှင်းရန် လုပ်ငန်းခွင်ဝင်ဖို့တာဆူနေကြလေသည်။ရန်ကုန် မြို့စွန် တစ်နေရာရှိ ကျူးကျော်ရပ်ကွက် လေးမှ ယိုင်နဲ့နဲ့၊ပလပ်စတစ် မိုးကာ အရောင်အသွေးစုံလင်စွာဖြင့် ကာရံထားသော အိမ်တစ်ချို့ဆီမှလည်း ရေနံဆီမီးခွက် အရောင်လေးတွေ ဟိုတပြ ဒီတပြ လင်းလက်လာလေသည်။

maxresdefault.jpg
Photo credit)
)
"အဟွတ်..အဟွတ်..ကိုထွန်းလှ ထတော့၊ထတော့ လင်းကြက်တောင်တွန်နေပြီ"
မိန်းမဖြစ်သူ မခင်မြ၏ ချောင်းတစ်ဟွတ်ဟွတ်နဲ့ နိုးသံကြောင့် ထွန်းလှ အိပ်ယာမှ ထကာ မျက်လုံးကို လက်နဲ့ပွတ်သပ်လိုက်ရင်း...

"မင့် ချောင်းက ပြန်ဆိုးနေပြန်ပြီလား၊အဲ့တာကြောင့် ပြောတာ ညနေစောင်းမှ ရေမချိုးပါနဲ့လို့၊မင့်တို့က ပြောစကားကိုနားမထောင်ဘူး၊ဖြစ်လာရင် ဆေးဖိုးဝါးခနဲ့ ဒီခေတ်ကြီးထဲလွယ်တာမဟုတ်ဘူး..ကျွတ်..."

"တော်ကလဲတော် ကျုပ်ညနေစောင်း အကြော်ဆိုင်သိမ်းတဲ့အချိန်က မိုးချုပ်ကာနီးပြီလေ..ဆီညှော်နံ့တစွဲစွဲနဲ့ကျုပ်က ရေမချိုးပဲနေနိုင်ပမလားတော့...၊တော့ရာသီဥတုကလည်း အားမနာလျာမကျိုးအေးနေလိုက်တာလည်း ထည့်ပြောအုံးလေ..ဒီလထဲပိုက်ဆံလေးစုပြီး စောင်ထူလေးတစ်ထည်လောက်တော့ဝယ်အုံးမှပါတော်...ကျုပ်က ရာသီဥတုအေးရင် မရဘူး..အဆုတ်က သိပ်ကောင်းတာမဟုတ်ဘူး...နေ့တိုင်း ဒီအကြော်ကြော်တဲ့ အညှော်နံ့တွေနဲ့ ဆိုတော့ ပိုဆိုးတာပ..အဟွတ်... အဟွတ်.. အဟမ်း...."

"အေး မင့်တို့ကလည်းပြောလိုက်ရင် ဆင်ခြင်ဆင်လတ်နဲ့ စောစောစီးစီး ငါမပြောလိုက်ချင်ဘူး"ကိုထွန်းလှ ပြောပြောဆိုဆိုနဲ့ ပုဆိုးကို လက်ကစွန်တောင်ဆွဲ၍ ထလိုက်ပြီး ကပိုကသီ ဝတ်လိုက်လေသည်။
ကိုထွန်းလှနှင့် မခင်မြ ဇာတိက ဧရာဝတီတိုင်းဘက်ကဖြစ်ပြီး ရွာရှိ အိမ်ဝိုင်းလေးကိုရောင်း၍ ကြီးပွားချင်စိတ်ဖြင့်မြို့တက်လာခဲ့ရာ သားသမီး ၃ဦးပင်ထွန်းကားခဲ့ပြီဖြစ်သည်။ရန်ကုန်မြို့ကြီးပြကြီးတွင် အိမ်ငှါးနေဖို့ဆိုတာ ကိုထွန်းလှတို့လို လက်လုပ်လက်စားသမားများအဖို့ မလွယ်ကူလှ။ထို့ကြောင့် လှိုင်သာယာဘက်ရှိ ကျူးကျော်ရပ်ကွက်လေးထဲ နေရာယူဝင်ရောက်နေထိုင်ခဲ့ကြသည်မှာ ယခုဆိုလျင် ၈နှစ်ခန့်ရှိပြီဖြစ်သည်။အကြီးမကြီး ၉နှစ်သမီးလောက်ထဲက ပြောင်းလာခဲ့ရာ ယခု အကြီးမ မယ်တင်မြ ပင် ၁၇နှစ်အရွယ် သို့ရှိချေပြီ...။အလတ်ကောင် ထွန်းခိုင်ကလည်း မွေးပြီးထဲက တစ်ရှောင်ရှောင်နဲ့ ဗမာဆေးလေးနဲ့ကုလိုက် ဆေးမှီတိုနဲ့ကုလိုက်နဲ့တောင်မှတစ်ခါတစ်လေ ဆေးခန်းပြေးကြရရာ ဆေးဖိုးအခနှင့်တင် စုဆောင်းထားသမျှ အဖတ်မတင်ဖြစ်ရလေသည်။ဒီကြားထဲ မိန်းမဖြစ်သူ မခင်မြကလည်း ပန်းနာရင်ကြပ်က တစ်ခါတစ်ရံ ထထဖောက်သေးရာ ရှာဖွေသမျှ ပလိုင်းပေါက်နဲ့ဖားကောက်သကဲ့သို့ ဖြစ်ရေချေသည်။ယနေ့လည်း ကုန်စိမ်း သွားတိုက်စရာရှိသဖြင့် ထွန်းလှ မနက် ၄နာရီ လောက်ထဲက အိပ်ယာမှထခြင်းဖြစ်သည်။မနက်စောစောသွားသယ်မှ မနက် ပျံကျဈေးဖွင့်ချိန် ၅နာရီခွဲလောက် ပြန်ရောက်မည်ဖြစ်သည်။

ထွန်းလှ အိပ်ယာမှ ထွက်လာပြီး အိမ်ရှေ့ဘက်ထရံကြားထိုးထားသော အမွှေးဖွာလံနေသည့်  သွားတိုက်တံကို ဆွဲထုတ်လိုက်ပြီး အိမ်ရှေ့ စဥ့်အိုးရှိရာသို့ အိမ်ရှေ့ပေါက်ဝကို ခေါင်းငုံ၍ ထွက်လိုက်သည်။စဥ့်အိုးဘေးရှိ ရေသန့်ဗူးခွံဖင်တ်ြထဲတွင် ထည့်ထားသည့် ပြားကပ်နေသော လေဆာသွားတိုက်ဆေးကို ထုတ်လိုက်ပြီး စဉ်းအိုးစောင်းနဲ့ ဖိပြီး ပွတ်ဆွဲလိုက်သည်။ဆေးကထွက်မလာ။နောက်တစ်ခေါက် ထပ်ဖိဆွဲသည် မရ။ထွန်းလှ တောက်.. တစ်ချက်ခေါက်လိုက်ပြီး အိမ်ဘေး ထင်းပုံနားမှ ဓားမကိုသွားယူလိုက်ပြီး တွေ့ကြသေးတာပေါ့ကွာဟု ကြိမ်းဝါးလိုက်သည်။ထို့နောက် သွားတိုက်ဆေးဗူးဖင်ကို ဓားမဖြင့်ဖိပြီး လှီးဖြတ်ကာ အထဲက ကပ်သပ်နေသော ဆေးလက်ကျန်ကို သွားတိုက်တံဖြင့် ကလော်ယူလိုက်လေတော့သည်။ထို့နောက် ဒန်ဖလားဖြင့် စဥ့်အိုးထဲခပ်လိုက်ရာ ဂလောင်ဆိုသောအသံနှင့်အတူ ရေအနည်းငယ်သာပါလာသည်။
"ရေကလည်း ဘယ်လောက်ထမ်းထည့်ထည့်လောက်ကိုမလောက်ဘူး..ချွေချွေတာတာသုံးပါ..သုံးပါ ဆိုတာ ငါပြောရင်လည်း အောင်မင်းလွန်ရာကြအုံးမယ်..ဝယ်ထည့်ရင်ပဲတစ်စည်ကို ၅ရာ..ငါ့မှာ သွားသွားထမ်းရတာ နီးတဲ့ ခရီးမဟုတ်ဘူး..လခွမ်းမှပဲ..."
တဗြစ်တောက်တောက်နဲ့ ရှိတဲ့ရေနှင့်သာ သွားတိုက်မျက်နှာသစ်လုပ်လိုက်ပြီး ပုဆိုးခါးပုံစကိုဖြည်၍ မျက်နှာကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ထို့နောက်တိုင်မှာချိတ်ထားသော ဝါးခမောက် ကိုယူစောင်းကာ ဆိုက်ကားကိုနင်း၍ ထွက်လာလိုက်လေတော့သည်။

IMG_639109569073.jpeg
Photo credit
မခင်မြကတော့ ညကတည်းကရေစိမ်ထားသော ကုလားပဲကို ကြိတ်ဆုံထဲထည့်၍ ကြိတ်ရင်း အိမ်၌ကျန်ခဲ့သည်။မနက်ခင်စက်မှူဇုံ ထိပ်နားရှိအကြော်တဲမှာရောင်းရန်အမှီပြုလုပ်နေခြင်းဖြစ်သည်။သမီးကြီးကိုလည်း အဆောင်လခ ပို့ပေးရအုန်းမည်ဖြစ်၍ နေသိပ်မကောင်းပေမယ့် ဈေးမထွက်လို့မဖြစ်။ကုန်ဈေးနှုန်းတွေကကြီးကကြီးနဲ့ ဟင်းကောင်းချက်မစားတောင် အိမ်စရိတ်နဲ့ သမီးအကြီး ကျောင်းစရိတ်နဲ့ ကမလွယ်လှ။ ပညာရေးထူးချွန်သော သမီးကြီးကို မရှိတဲ့ကြားကပင် ပံပိုးပေးခဲ့မှုကြောင့် အခုဆိုလျင် တက္ကသိုလ် ပထမနှစ်ကျောင်းသူကြီးပင်ဖြစ်နေပြီ။ဘာအထူးပြုဆိုလည်းအင်္ဂလိပ်လိုတော့မခေါ်တတ်၊ဓာတုဗေဒနည်းလမ်းဆိုလား မသိ အဲ့ဘာသာရပ်ယူထားသည်။အပျိုပေါက်အရွယ်ဖြစ်တာကတစ်ကြောင်း သူကျောင်းတတ်တဲ့ ဒဂုံတက္ကသိုလ်ကလည်း လှိုင်သာယာ နဲ့ဝေးတာကြောင့် အဆောင်မှာသာနေစေပြီး ပံ့ပိုးပေးခြဲ့ခင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ်သမီးကြီး ပညာတတ်ကြီးဖြစ်လာရင်ညတစ်ဖန်ပြန်အားကိုးလောက်ပါရဲ့။မိဘကိုသိတတ်မယ့် သမီးကြီးဖြစ်ပါစေတော်..။မခင်မြ အတွေးနယ်တချဲ့ချဲ့ ဖြင့် ပဲတွေအကုန်ပင်ကြိတ်လို့ပြီးသွားလေပြီ။ကိုထွန်းလှ က ၆နာရီ လောက်သူ့ပြန်လာခေါ်မည် ဖြစ်သဖြင့် အချိန်လေးရတုန်း မျက်နှာသစ် လိုက်ပြီး ဘုရားဝတ်ပြုခြင်းအမှုကို ပြုလေသည်။ဘုရားဝတ်ပြုအပြီး အလတ်ကောင် အိပ်ယာမှ အိပ်မှုံစုံဝါးဖြင့် ထလာရာ မခင်မြမှ
" ဟဲ့ နင့်ညီလေးနိုးလာရင် နောက်ဖေးက ထမင်းအိုးထဲမှာ ထမင်းကြမ်းကျန်တာရှိတယ်၊နောက်ပြီး မနေ့ညက ရောက်းမကုန်လို့ကျန်တဲ့ ဗယာကြော် လေးခုနဲ့ ညီအစ်ကိုနှစ်ယောက် မျှတစားကြားလား.."
"ဟုတ်ကဲ့ "

Photo credit
"ကလင်...ကလင်"
အိမ်ရှေ့ဆီမှ ကိုထွန်းလှဘလ်သံ ကလင်ကလင်နဲ့ လှမ်းခေါ်နေပြီ။
"ခင်မြ ရေသွားမယ်ဟေ့၊အဆင်သင့်ဖြစ်ပြီလား"
"လာပြီ..လာပြီ၊ကျုပ်စ္စည်းတွေလာဝိုင်းကူသယ်ပါအုံးတော့.တစ်ကတည်း "
"ဟဲ့ အလတ်ကောင် ငါမှာတာမမေ့နဲ့နော်.. ကျောင်းလဲ နောက်မကျစေနဲ့ နင်ကျောင်းမသွားခင် နင့်ညီကိုနင့်ဖေလာခေါ်လိမ့်မယ် "
အလတ်ကောင်မှ လှေကားရင်းမှာ မှီထိုင်နေရင်းခေါင်းညိတ်ပြသည်။တစ်တန်းရောက်နေပြီဖြစ်သော်လည်း ဉာဏ်ထိုင်းလှသောထွန်းခိုင်မှာ မအောင်မနေရပညာရေးစနစ်ကြောင့်သာ သူငယ်တန်းအောင်လာခြင်းဖြစ်သည်။
......xxx....xxxxx........xxxxxx..........xx

zinminhtet@zinminhtet
Msc.126

Leave ဆက်ရန်မရှိ to:

Written by

First Target is SP500

Read more #myanmar posts


Best Posts From zinminhtet

We have not curated any of zinminhtet's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From zinminhtet