Lay Cho avatar

နှင်းမြူအလွင့် (၁)

laycho

Published: 31 May 2018 › Updated: 31 May 2018နှင်းမြူအလွင့် (၁)

နှင်းမြူအလွင့် (၁)

[ နှင်းမြူအလွင့် (၁) ]

နံနက်ခင်းထဲ ....
နှင်းမြူတွေ ကျနေလိုက်တာများ ..... ပတ်ဝန်းကျင်ကို မမြင်ရတတ်တော့....
ကိုယ့်ခေါင်းထက် ဆီးနှင်းပွင့်တို့တွဲခိုနေတာကို တစ်စွန်းတစ်စမြင်နေရတယ် .။
ဂျာကင်ထဲ ထိုးထည့်ထားပေမယ့် လက်ဖျားတွေ အေးစက်ထုံကျဉ်နေတာ ... ထိတွေ့ခံစားမှုမသိတော့သလိုပါ ...
ဟူးးးးး....
ပူနေရဲ့ ...... ကိုယ်ရင်တွေပူနေရဲ့။
ရာသီနဲ့ ၀န်းကျင်က ကျောရိုးတစ်လျှာက် စိမ့်တက်အောင် အေးနေပေမယ့် .. ပူနေတယ် ... ကိုယ့်ရင်ထဲ ပူနေပါတယ်လေ။

............................... / ............................... / ............................... /

အတိတ်ရဲ့ အပိုင်းအစများစွာကို ပြန်လည်ထိတွေ့ခံစားနိုင်ဖို့ ကြိုးစားခြင်းဟာ ကိုယ့်အတွက် အလွမ်းလို့ခေါ်ရမယ် ထင်တယ် ...
ဟုတ်တယ် ...
ကိုယ်လွမ်းနေတယ် ...။
တစ်ချိန်က ကိုယ်တို့တွေ ဒီလိုရာသီ ဒီလိုနံနက်ခင်းပေါင်းများစွာမှာ အတူရှိခဲ့ချိန်တွေ လွမ်းတယ် ....။
မင်းအနွေးထည်မှာ လက်နှိုက်အိတ်ပါပေမယ့် ကိုယ့်ဂျာကင်လက်နှိုက်အိတ်ထဲကိုပဲ ကိုယ့်လက်တွေကိုဖျစ်ညှစ်ဆုပ်ကိုင်ရင်းထည့်ထားတတ်တာတွေ ...
ကားလမ်းနံဘေး ထိုင်နေကျကုန်းမြင့်လေးကြည့်မိတော့ ဟိုးအရင် ကိုယ်တို့တွေ အဲ့ကုန်းမြင့်လေးမှာ ထိုင်ရင်း ကြည်နူးခဲ့ကြတာတွေ လွမ်းတယ် ...
အရာရာဟာ ပြန်လည်မှန်းဆလွမ်းရချိန်တွေတိုင်း အားလုံးဟာ မနေ့တနေ့ကအတိုင်း နီးကပ်လွန်းစွာခံစားနေရပြန်တယ်...
ခုလည်းကြည့် ...
ဟိုအရင်လို နှင်းတွေ ကျဆင်းမြဲ ...
ဝန်းကျင်လည်း ဖြူဆွတ်မှုန်သီဝေ့၀ဲဆဲပါပဲ ...။

............................... / ............................... / ............................... /

နှင်းတောအုပ်အုပ်ထဲ ... တိတ်ဆိတ်ငြိမ်သက်ခြင်းအတိနဲ့ သူရယ်ကိုယ်ရယ် လမ်းလျှောက်နေတယ်...
မြူနှင်းထုက ပိတ်ဆီးထားလိုက်တာများ ကားလမ်းနံဘေး လျှောက်နေတာတောင် ကားသံမကြားရဘူး ။
လေက တစ်ချက်တစ်ချက် ဝေ့ခနဲ တိုက်လိုက်တိုင်း သူ့ခန္ခာကိုယ်လေး တုန်တုန်တက်သွားတာ ကိုယ်သိနေတယ် ...
ကိုယ်လည်းအေးလွန်းလို့ အံတွေကြိတ်ထားတာ မေးကြောတွေတင်းပြီး နာသလိုလို ဖြစ်နေပြီ။
ဒါပေမယ့် အမိက ဇွဲကောင်းတုန်း ....
သူမ ဘယ်ကိုသွားချင်မှန်း မသိပေမယ့် သူမလုပ်ချင်တာဆို ကိုယ်က ဘယ်တုန်းကမှ ကန့်ကွက်ဘူးတာမဟုတ်ဘူးရယ် ...
သူချမ်းနေတာ သိတယ် .... ဖြစ်နိုင်ရင် သူ့ကို အိမ်ကိုပြန်စေချင်နေပြီ။
မနက်က ကိုယ့်အိမ်လာပြီး ဒီအတိုင်းလမ်းလျှောက်ရအောင်လို့ ပြောပြီး ကိုယ့်ကိုခေါ်လာခဲ့တာ ...
ကိုယ်ကလည်း အိပ်ယာထဲဆက်နှပ်နေချင်ပေမယ့် ချက်ခြင်းဆိုသလို ကောက်ထလာခဲ့တယ် ... ကိုယ်သိနေတယ် နှင်းတွေကျလို့ သူလာခေါ်တယ်ဆိုတာ ...။
သူမ .... နှင်းတွေကို သိပ်ချစ်တယ် ... ။
ခုလို နှင်းတွေကျတဲ့မနက်ခင်းတွေတိုင်း လမ်းလျှောက်ရတဲ့ Feeling ကို သိပ်နှစ်သက်တယ်လို့ ကိုယ့်ကို ခဏခဏပြောခဲ့တာ ...
နှင်းတောထဲရောက်တဲ့အခါ ဘာစကားမှ မပြောပဲ .. ခုလိုတိတ်ဆိတ်ခြင်းအတိနဲ့ လျှောက်တယ် ...
တစ်ခါတလေ ကိုယ့်ဂျာကင်လက်နှိုက်အိတ်ထဲ သူ့လက်အစုံကိုထည့်လို့ ကိုယ့်အနောက်ကနေ ကိုးလို့ကန့်လန် မှီလိုက်တတ်တဲ့သူ ...
အကာအကွယ်မဲ့သွားတဲ့ ကိုယ့်လက်တွေကတော့ အေးစက်ထုံကျင်လို့ ...။

............................... / ............................... / ............................... /

သူမ ဘာစကားတစ်ခွန်းမှ မဆိုပဲလျှောက်နေတာ အတော်ကြာပြီ ... နေကလည်း ထွက်လာပေမယ့် နှင်းကမကွဲသေးဘူးရယ် ..
နေရဲ့အပူရှိန်ကြောင့် နှင်းကွဲသွာတဲ့အခါ သူ့နှုတ်ခမ်းလေး စူပြီး ပွစိပွစိနဲ့ နေလုံးကိုအပြစ်တင်တော့မှာမြင်ယောင်သေးတယ် ...
အဲ့လိုအချိန်တိုင်း သူမ အရမ်းချစ်ဖို့ကောင်းတယ် ...
ကိုယ်ကလည်း သူ့နှုတ်ခမ်းစူပုံလေးကို ကြည့်ရင်းဟက်ဟက်ပက်ပက်ရယ်မိရတာ အမော ...။
ကိုယ့်အတွေးတွေမဆုံးခင်မှာပဲ သူ့ဆီကအသံထွက်လာတယ် ။
" နောင် ... ပြန်ကြရအောင် " ...
သူ့နှုတ်ခမ်းက တိုးဖွဖွညင်သာစွာထွက်လာပေမယ့် ကိုယ်ပီပီသသကြီးကြားပါတယ် ..။
" အင်း ..... ပြန်မယ်လေ "
သူဘာကြောင့်ပြန်မယ်မှန်းတော့ ... မသိ။
ပုံမှန်ဆို ရှေ့ကို ခြေလှမ်း ၈၀ လောက်လျှောက်ရုံနဲ့ သူရယ်ကိုယ်ရယ် အကြော်ကျွေးကြေးကစားနေကြ တောင်ပူစာလေးကို ရောက်မည်။
ထိုတောင်ပူစာလေးထိပ်မှာ လူတစ်ထိုင်စာ ကျောက်တုံးခပ်ကြီးကြီးတွေ ရှိသည်မို့ အဲ့ဒီကျောက်တုံးတွေပေါ်ထိုင်ရင်း ပိန်းပိတ်နေသော နှင်းမြူအုပ်အုပ်ကြားမှထွက်ပေါ်လာတတ်သော ကားဟွန်းတီးသံတွေကို နားစွင့်ကာ
ကားကြီး၊ ကားငယ်၊ ကားအမျိုးအစားတွေကို မှန်းဆအဖြေပေးကြရသည်။ ရှုံးလို့ဖြင့် အိမ်အပြန်လမ်းခွဲ လမ်းဆုံလေးနားက အကြော်ဆိုင်မှာ အကြော်ကျွေးရစမြဲ ...။

လွယ်တော့ လွယ်သည်မဟုတ်...။ မမြင်ရပဲ ကြားသာကြားရတဲ့ ကားဟွန်းတီးသံလောက်နဲ့ ကားအမျိုးအစားရယ် ကားကြီး ကားငယ်ခွဲရသည်မှာ မျက်မမြင်ပုဏ္ဍား ၆ ယောက် ဆင်ကို တစ်ယောက်တစ်ပေါက်ထင်ကြေးပေးကြသလိုပါ ...။
တခါတလေ ကြက်ကန်းတိုးပြီး ကိုယ်မှန်တဲ့အခါ သူ့နှုတ်ခမ်းလေး ကြက်တူရွေးလို ချွန်တက်လာရဲ့ .... သူများမှန်လို့ကတော့ အိမ်အပြန်တစ်လမ်းလုံး ကိုယ့်နားကို ဒုက္ခပေးပြီး ကြွားလုံးထုတ်မည်ပဲ ဖြစ်သည်။
...........................................................
" ပြန်တော့နော်. နောင် "
" နေထွက်လာမှ ရေချိုး.. သိပ်အေးလွန်းရင် ရေနွေးနဲ့စပ်ချိုးနော် "
ပြန်ခါနီးလမ်းခွဲလေးမှာ မှာနေကြအတိုင်း သူမှာတယ်...။
" အင်း ... ကိုယ်ပြန်တော့မယ်လေ "
ကိုယ်လှည့်ထွက်လာခဲ့ပါတယ် ... သူ့ကိုအရင်ပြန်စေချင်ပေမယ့် ကိုယ့်ကိုပဲအမြဲအရင်ပြန်စေတတ်တဲ့သူ့ကို ဘာမှစောဒက တက်မနေတော့ပါ ...
နှင်းတွေစိုပြီး နင်းလိုက်တိုင်း နဲနဲလေးနိမ့်နိမ့်ဝင်သွားတဲ့ မြေနီလမ်းကလေးမှာ သူ့ကို ကျောခိုင်းပြီး ကိုယ်ပြန်လာခဲ့တယ် ...
သူကိုယ့်ကျောပြင်ကို ငေးကြည့်ရင်းကျန်နေခဲ့မှာ ကိုယ်သိနေပါတယ်...
သြော် ...မိန်းကလေးရယ် ... ဒီနေ့အကြော်မစားရတော့ဘူးကွယ် ...။

............................... / ............................... / ............................... / ..............................

ကြယ်အချို့အိပ်မပျော်သေးတဲ့ကောင်းကင်မှာ ကိုယ့်သတိယခြင်းတွေအတောင်ပံဖြန့်ဖြစ်တယ်။
လွမ်းတယ် မိန်းကလေး ...
ကိုယ်သိပ်လွမ်းတယ် ...။
ကြယ်တစ်ပွင့်ကြွေလွင့်တိုင်း ကိုယ်မျှော်လင့်တဲ့ပန်းတိုင်ရောက်ဖို့ ဆုတောင်းရမှာလား ...။
မဖြစ်သင့်ပါ ....။
တောင်းဆိုနေရုံနဲ့ ရနိုင်တယ်လို့ ဘယ်တန်ခိုးရှင်က အာမခံလို့လည်း ...
ကိုယ်ကြိုးစားတဲ့ ကိုယ်လျှောက်လှမ်းတဲ့လမ်းမှာ ကိုယ်သာလျှင်ပဓာန ... ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာမဟုတ်လား ...
ဒါပေမယ့် ကိုယ့်ကိုယ်ဆို လူစဉ်မမှီသလို လေလွင့်လိုလို အထင်အမြင်သေးသေးရှုမြင်ဆက်ဆံတတ်တဲ့ မင်းအသိုင်းအဝိုင်းမှာ ကိုယ်ဟာကြယ်တစ်ပွင့်လိုထွန်းလင်းတောက်ပလာမယ်မထင်ဘူး ..။
ကိုယ်နဲ့မင်းသာ နားလည်တဲ့ သီးခြားဖြစ်တည်တဲ့ ကမ္ဘာလေးမှာပဲ ကိုယ်တို့နေကြဖို့ မျှော်လင့်တယ် .. ကိုယ်ကြိုးစားတယ် ..။
အဲ့ဒီ့ကမ္ဘာလေးဟာ ကိုယ်နဲ့မင်းအတွက် တောက်ပတဲ့ ... ခမ်းနားတဲ့ ... ပြီးပြည့်​စုံလွန်းတဲ့ ကမ္ဘာလေးဖြစ်ရမယ်။
အဲ့ဒီ့အတွက် ကိုယ်ကြိုးစားနေမယ် ...
အဲ့ဒီ့ပန်းတိုင်ကိုကိုယ်ရောက်ရမယ်။
အတွေးများစွာနဲ့ ဒီညတော့ကိုယ်အိပ်ဖြစ်မယ်မထင်ဘူး ..။
လေပူ တစ်ချက်မှုတ်ထုတ်ရင်း ကိုယ်ငြီးတွားမိလိုက်တယ် ... " လွမ်းတယ် ကောင်မလေးရယ် "......။
ဟော ... ကြည့်စမ်း ...
ကြယ်တစ်ပွင့်ကြွေသွားပြန်ပြီ။
" ကိုယ်ဆုတောင်းရမှာလား ... "
အင်း .... ရိုမန့်တစ်ဆန်ဆန်လေး ကိုယ်ဆုတောင်းကြည့်မယ်လေ ..။
" မနက်ခင်း..နှင်းတွေသိပ်သိပ်သည်းသည်းကျပါစေကွယ် "...။
(နောက်တစ်ပတ် ဆက်ရန်)
Lay Cho
#MSU-061
FB_IMG_1527772856637.jpg

Leave နှင်းမြူအလွင့် (၁) to:

Written by

스틸맥을 가르쳐 주세요.

Read more #msu posts


Best Posts From Lay Cho

We have not curated any of laycho's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Lay Cho