Lay Cho avatar

ဝေးကွာရသော ကြမ္မာ

laycho

Published: 11 May 2018 › Updated: 11 May 2018ဝေးကွာရသော ကြမ္မာ

ဝေးကွာရသော ကြမ္မာ

ရပ်ကွက်ထဲက.. ရင်နင့်ဖွယ်ရာဇာတ်လမ်းလေးတဟ်ခုပြောပြအုံးမယ်...။
လတ်တလောအဖြစ်အပျက်လေးပါ.. ။
ရှိုက်သံတွေ ရောစွက်နေမိလေမလားပဲ စာရှုသူ... ။
...
ဝါလကင်းလွတ် သီတင်းကျွတ်ကိုကျော်လို့.. တန်ဆောင်မုန်းပင်ရောက်ခဲ့လေပြီ။
ပွင့်လင်းလာတဲ့ ရာသီနဲ့အတူ အလှူအတန်းတွေကလည်း ပေါများပါဘိ.. ။
ဤလိုကာလမျိုးမှာ ညိုမတို့အတွက် အူစိုရသည်။
ပေါများလိုက်သည့် အလှူ အတန်းပွဲများကြောင့်..ညိုမ အတွက် ဖူလုံရုံမက..ပေါလျှံပြည့်ဝလို့နေသည်။
ဒီကြားထဲ လမ်းတွင်နေသော ညိုမအားပိုးပန်းသူများကြောင့်..ညိုမ ထင်ရှားစွာ ဝန်းရံခံနေရသည်။
ပိုးကြေးပန်းကြေးဆိုသည်မှာလည်း.. မြင်လို့တောင်မကောင်း..
ညိုမ မျက်နှာ တစ်ချက်ညိုးသည်နှင့်.. ဘာလိုလဲ.. ဘာလုပ်ပေးရမလဲဆိုသည့် ငနဲတွေအသင့်.. ။
ညိုမ က ထိုသို့ ထင်ရှားတောက်ပသော ဘဝကို သာယာသည်။
သာယာသည်ဆိုတာထက်.. မက်မက်မောမောကိုလိုချင်သည်။
ညိုမ အပျိုမဟုတ်တော့..
အပျိုမဟုတ်မှန်း သိလျှက်နှင့်ပင် ဝန်းရံသူတွေများတော့..
ညိုမ မာန်တောင်တက်ချင်ချင်..
ဝန်းရံသူတွေဆိုသည်မှာ ပြောင်ပြောင်တင်းတင်း ဝန်းရံသူတွေ ရှိသလို သမာဓိပိုးတွေလည်း ရှိသည်။
တချို့ကမျက်စပစ်ရုံနဲ့ နှိုက်မြည်းချင်သူတွေ..
အို များစွာပါပဲ..
မည်သို့ပင်ဆိုစေ..
ညိုမအတွက်.. ဘဝင်ကျချင်စရာကောင်းလွန်းလှသည်လေ.. ။

ညိုမအတွက် စိတ်သဘောမတွေ့စရာ အခက်တွေ့ရခြင်းက ညိုမသွားချင်ရာ လွတ်လွတ်လပ်လပ် သွားခွင့်မရခြင်းပင်..
ကိုယ့်လမ်းနယ်နိမိတ်က လွဲ၍ ညိုမအတွက် တစ်လက်မမျှ ကျော်စွန်းလို့မဖြစ်...
ကျော်မိလျှင်ဖြင့် ညိုမကို အရိုးပါတစစီလိုက်ကောက်ရမည်ပင်..
ညိုမ ဒါကို သိသည်။
သို့ပေမယ့်လည်း... ငယ်ရွယ်တင့်တယ်သော ညိုမက သွား
ချင်လာချင်သည်။
ညိုမ သွားချင်သည်က အကြောင်းရှိသည်။
Restricted Area ဖြစ်တဲ့ ဟိုဘက်လမ်းမှာ..ညိုမ Crush နေရသူရှိသည်။
နံမည်ခေါ်သံ တစ်စွန်းတစ်စ ကြားဖူးသည်က..
ဖြူတုတ် ဆိုသည်ထင့်..
ညိုမထက်တော့ ငယ်မည့်ပုံ..
သူ့မျက်ဆံတွေက ညိုသည်။
မျက်ဝန်းတွေက ထင်ရှားပြတ်သားသည်။
မေးရိုးသွယ်သည်။
နားလေးတွေက သေးငယ်ငယ်လေးတွေဖြစ်သည်။
ခန္ခာကိုယ်အဆစ်အပေါက်ကတော့..
ဖုထစ်လုံးထနေသော လက်ပြင်တွေနှင့်..တင်ပါးဆုံ ကိတ်ကိတ်ကြီးများ ..
အို...ညိုမ ဒီ့ထက်ပို၍ ဆက်မတွေးရဲပါ..
ရွှေရင်တွေကျလိကျလိနှင့်တော်တော်တုန်ရသည်။
သည့်အပြင် သူတို့လမ်းထဲ ညိုမလို မ သတ္တဝါ လုံးလုံးမရှိချေ။
သူတို့လမ်း၏ အကြီးအကဲ အုပ်ချုပ်သူများ ကန့်သတ်တားမြစ်မှုများကြောင့် သူလည်း ညိုမတို့ဘက်ခြမ်းကို တစ်ဖဝါးမှ ကျူးကျော်ခွင့်မရှိ.. ။
ထိုသို့သော အကြောင်းများကြောင့် သူ့ကိုသနားစိတ်လည်းဖြစ်မိသည်။
ထိုသို့သော အကြောင်းများကြောင့်ပင်လျှင် ညိုမအလှကို သူ့ကိုတွေ့မြင်စေချင်လှသည်ပင်... ။

ငယ်ရွယ်သော.. ညိုမ...
အလှဂုဏ်တင့်သေးသော.. ညိုမ..
ဝန်းရံသူတွေများလှသော ဆယ်လီမမ မညိုမ..
...
ဤသို့နှင့်.......
တန်ဆောင်မုန်းလပြည့်ကျော်တရက်ည (ကျီမနိုးပွဲ) သူခိုးကြီးညနှင့်ရောယောင်ပြီး ဤမှာဘက် နယ်နိမိတ်စွန်းမှ.. ညိုမ Crush ရှိရာ ဟိုမှာဘက် စွန်းစွန်းသို့ ညိုမ ယွန်းခဲ့ချေပြီ။
Crush မျက်နှာမြင်ရဖို့အရေး ညိုမမှာ ကန့်သတ်မှုတွေကို ချိုးဖောက်ပြီးသာ လာခဲ့ရသည် ပင်ကိုယ်ကခပ်ကြောက်ကြောက်ရယ်ပါ..
ညိုမ အရိုးတခြား အသား တခြားဖြစ်မှာလည်း စိုးလှသည်။
မသတ္တဝါ လုံးလုံးမရှိသော အရပ်မို့..
အပျိုမဟုတ်သည့်တိုင် ညိုမကြောက်ရသည်။
သူ့အိမ် ညိုမ မသိပါ။
သူ့ကို ကိုယ့်အနေအထား ကိုယ့်လမ်းထဲကနေ ရိပ်ခနဲရိပ်ခနဲ မြင်ရဖူးသည်ကလွဲ၍ တိတိပပသိတယ်ရယ်လို့တော့ မဟုတ်ချေ..
"ဟော..."
ဟိုမှာ သူဖြစ်နိုင်သည်..
သူ့ရဲ့ သွက်လက်တဲ့ဟန်တွေပါပဲ...
အို...
သူ.. သူ.. ငါ့ကို တွေ့သွားပြီ။..
သူလာပြီ.. သူတဖြည်းဖြည်း လာနေပြီ။
ညိုမ ရင်တွေတုန်လိုက်တာ..
ညိုမ တကယ့်ကို အပျိုဖျန်းလေးပြန်ဖြစ်နေသလိုမျိုး..
ဒူးတွေတောင်ညွှတ်ချင်ချင်..
သူ့မျက်ဝန်းညိုတွေကို ဆုံပြီးမကြည့်ရဲ..
သူ အနားရောက်လာပြီး..
ညိုမတစ်ကိုယ်လုံးကို.. စေ့စေ့စပ်စပ်ကြည့်တယ်..
တစ်ပတ်ပတ်ကြည့်တယ်..
သူ့ဘာသာ တစ်ခုခုကိုသဘောကျနှစ်ခြိုက်စွာ ခေါင်းတဆတ်ဆတ်ညိတ်ပြီးမှ.. ရုတ်တရက် ထူးဆန်းတဲ့ အသံပြုလိုက်တယ်..
ညိုမလည်း ရုတ်တရက် ဘာမှန်းမသိ.. ဆွံ့အလို့နေသည်..
မကြာပါချေ..
ဟိုမှ သည်မှ တုန့်ပြန်အသံပြုသံတွေ ညံညံစီပြီးနောက်..
အရိပ်များစွာ ပြေးထွက်ပေါ်ပေါက်လာခဲ့သည်..
အန္တရာယ်..
ညိုမ အတွက် အန္တရာယ်မှန်း အတပ်သိလိုက်သည်..
သူ့ကို ကြည့်တော့ မျက်ဝန်းညိုတွေကွယ်ပျောက်လို့ စိမ်းရောင်တောက် ရမ္မထန်နေသော မျက်လုံးများ..
ညိုမအတွက် အခြေအနေမဟန်တော့ပါ..
အားကုန်ပြေးထွက်ပေမယ့်..
ညိုမအသိနောက်ကျခဲ့ပြီ။..
ညိုမ၏ Crush သူကိုယ်တိုင်ပင် ညိုမကို အမိအရဖမ်းချုပ်ထားနိုင်ခဲ့သည်။
ညိုမ မျက်ရည်ကျရသည်..
ကိုယ်ဘာ့အတွက်လာသည်ဆိုတာ သူမသိ..
သူ့အရပ်က မ မရှိသောအရပ်.
ညိုမ ဘဝပျက်ပြီ။
ညိုမ မျက်လုံးအစုံကိုသာ မှိတ်မိထားတော့သည်။
...
စူးရှစွာ တိုးဝင်လာသော ဝုတ်ဝုတ် ဝေါင်းဝေါင်းမာန်ဖီသံများနှင့်.. ညိုမတို့လမ်းရဲ့ ညိုမကိုဝန်းရံသူ တွေ မာန်ဖီရောက်ရှိလာပြီး.. တမဟုတ်ခြင်းခွေးတိုက်ပွဲကြီး ဖြစ်သွားတော့သည်။..
ညိုမလည်း.. အတင်းလွတ်အောင်ရုန်းရင်း ကိုယ့်ဘက်အခြမ်းအသည်းအသန်ပြန်ပြေးလာမိတော့သည်။
ပြင်းထန်လွန်းလှသော အားကောင်းမောင်းသန်ဖိုသတ္တဝါတွေ၏ ရန်ပွဲက.. ဟိန်းသံဟောက်သံများနှင့် တရပ်ကွက်လုံးကို အုတ်အော်သောင်းတင်း လန့်ဖျန့်နိုးထစေသည်။
လူတွေနိုးလာ.. ရေတွေပက်နှင့် တခဏခြင်းရန်ပွဲပြေငြိမ်းပြီးနောက်မှာတော့.. ညိုမအတွက် သတင်းဆိုးတစ်ခုကို
လူတွေက အဖြေထုတ်လိုက်ကြတော့သည်။
ညိုမကို သတ်လျှင်သတ်.. မသတ်လျှင် အဝေးကိုစွန့်ပစ်တော့မည် ဆိုသော သတင်းဆိုး..
လူတွေကလည်း လူတွေ..
ခွေးမ ဆိုလျှင် မမွေး..
သားတွေပေါက် အလုပ်ရှုပ်သည် တဲ့..
ခွေးထီးတွေသာ မွေးသည်။
ညိုမတောင် စိတ်သဘောကောင်းလှသော အသက် ၅၀ ကျော်အပျိုကြီးအိမ်မှာ တရားဝင်မဟုတ်ပဲ ခိုးကြောင်ခိုးဝှက်ခိုကပ်နေရသည့်ဘဝ ။
ဤသို့ အထီးတွေချည်းမွေးတော့ ခုဆို ညိုမလို တခုလပ်မကျန် နှစ်လင်ကွာ မကျန်.. ဘယ်နှစ်သား ကျကျ.. အမ ဆိုသည်နှင့် အဆိုပါအထီးများက အမြှီးတနှံ့နှံ့ ခောင်းတယမ်းယမ်း နှာခေါင်းတပွပွဖြစ်ကုန်ကြတော့သည်။
တစ်လမ်းလုံးတွင် ညိုမ တကောင်ထဲ သာ မသတ္တဝါ...
ဟိုဘက်လမ်းက ငထန်တွေကလဲ မ ဆိုသည်ကို မမြင်ဘူး..
ခွေးသိုးကြိုးပြတ်တွေချည်းပင်..
ခုတော့ ညိုမ ကတော့ ဒုက္ခလှလှတွေ့ချေပြီလေ..
လူတွေ၏ မညှာမတာ ပြတ်သားသော ဆုံးဖြတ်ချက်အောက်မှာ.. ညိုမ ဘဝဆုံးရတော့မည်.. ။
လူသားတွေက ကိုယ်ချင်းစာတရားမရှိကြ...
သူတို့သာ ဖိုမလိုအပ်ချက်မျိုး ရှိသည်ထင်လေရော့သလား .. ညိုမ တို့လို အဟိတ်တိရိစ္ဆာန်တွေလည်းပဲ ဖိုမ ထိတွေ့မှု တောင့်တကြသည်ပင်...
သူတို့ဆုံးဖြတ်သလို.. ညိုမကို သတ်ရင်သတ်မည်... ။
မသတ်လို့ တခြားတနေရာပို့လျှင်လည်း ညိုမ ဖိုသတ္တဝါများကြားမှာ သေတမန်ပြောင်းဝမှာ အရိုင်းပန်းငယ် နွမ်းကြေရမည်။ (အရိုးပြန်ရလျှင်ကံကောင်း) ...
ညိုမ ဘဝက ဆုပ်ဆူး စားရူး အခြေအနေ...
Crush ကိုလဲ သေလောက်အောင် မုန်းတီးသွားခဲ့ပြီ။
ညိုမ ပိုင်နိုင်သော ဆုံးဖြတ်ချက်နှင့် မျက်စိရှေ့က အသားဟင်းလျာကို မျက်ရည်များစွာဖြင့် အရသာမခံပဲ ဟက်ဟက်ပက်ပက် ဝါးပြီး အတင်းမြိုချလိုက်တော့သည်။
ညိုမ သိသည်။
ဒီအသားတွေက စည်ပင်က ရှင်းလင်းရေးချထားသော အမဲသားများ ဖြစ်သည်ကိုပင် .. ။ ။
Lay Cho image

Leave ဝေးကွာရသော ကြမ္မာ to:

Written by

스틸맥을 가르쳐 주세요.

Read more #msu posts


Best Posts From Lay Cho

We have not curated any of laycho's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Lay Cho