မိုးနှင့်အတူ
ရှိုက်လိုက်သော.ပင့်သက်မဆုံးခင်မှာပင် ..
ခပ်ဖွဲဖွဲကျလာသောမိုးစက်တို့၏ အတွေ့အထိမှာ သူမကိုပြန်လည်သတိရမိ၏။ သိပ်မကြာခင်ကမှရခဲ့သာမြေသင်းနံ့တို့၏ လွမ်းဆွတ်စေခြင်းက .. ကိုယ့်ကိုအတိတ်ကိုပြန်ရောက်သွားသလိုထင်ရသည်ပင် ...
လေတချက်ဆတ်ခနဲဝေ့ခိုက်မှာ .. ကိုယ့်မျက်နှာပေါ်ကျတဲ့မိုးစက်က
စပ်ဖျဉ်းသွားစေရဲ့ ....
ဤလိုနာကျင်မှုမျိုးကိုကိုယ်ရရှိခဲ့ဖူးသည်။
ထိုတုန်းက ပါးပြင်ကနာကျင်မှုထက် ရင်ဘတ်ကနာကျင်မှုက .. ပြိုလဲကျလုပင် ။
ကိုယ်ရပ်နေမိသော အမိုးအကာမဲ့မှာ တကိုယ်လုံးရွဲနစ်နေတာသိရဲ့ ..
ဒါပေမယ့်လည်း ကိုယ်အမိုးအကာတစ်ခုအောက် မဝင်ဖြစ်ပါချေ။ မိုးစက်တို့မညှာတာမှုမှာ ကိုယ့်မျက်မှန်လေး မှုန်သီဝေဝါးစွာ ...။ ရှေ့တူရူကိုမမြင်ရတော့တာကလည်း.အလွမ်းကိုပိုပြီးကြွရွစေသည်လေလား ...။
ကိုယ်အကြောင်းရင်းမဲ့စွာ ခေါင်းငိုက်စိုက်လို့ခပ်ကြမ်းကြမ်းခါယမ်းမိသည်။
ကိုယ့်ခေါင်းမိုးရေစိုလို့မဟုတ်ပါ ... ခေါင်းထဲကသူ့အလိုလိုအတိတ်ပုံရိပ်ကိုပုံဖော်နေမှုတွေရပ်တန့်သွားလေမလားရယ်ပါလေ ...
ခြေဖမိုးပေါ်ကျော်တက်ဖြတ်သန်းစီးဆင်းနေတဲ့ရေစီးကြောင်းကိုကြည့်ရင်း ကိုယ်မြင်ယောင်မိသေးတယ် ..
ကတ္တရာလမ်းထက်ဒီလိုစီးဆင်းနေတဲ့ရေစီးကြောင်းတွေနောက် အဓိပ္ပါယ် မဲ့ကိုယ်လျှောက်လိုက်နေဘူးရဲ့ ...
ထိုစဉ်က ကိုယ်ကွဲကာစ ..
ကိုယ့်အသဲကွဲကာစပါလေ ..။
တရှိုက်မက်မက် ... မြတ်နိုးစွာနမ်းရှိုက်ခဲ့ဘူးသော သူ့နှုတ်ဖျားဆီက ဒီလိုစကားလုံးတွေထွက်လာမယ်လို့ ကိုယ်မတွေးမိခဲ့ဘူးပါ ..။
သူ့နှုတ်ခမ်းအစုံကိုကြည့်ရင်း ဆွံ့အနေမိရဲ့ ...
ကိုယ့်ရင်ဘတ်ကြီးတဆစ်ဆစ်နာလာတာကိုလည်းကိုယ်တိုင်ခံစားသိနေတယ် ...
ဘာရယ်ကြောင့်လည်း ...?
ဒီလိုဇာတ်သိမ်းရမှာသေချာလို့လား ...
ချစ်ခြင်းမှာပျော်ဝင်စီးဆင်းမိပြီးမှ .. ဘာလို့အငွေ့ပျံစကားတွေထွက်လာရသလဲ ..
ကိုယ်မသိဘူး ..
တွေးဖို့လည်းဥာဏ်မမှီဘူး ...
သူထပ်ပြောနေတဲ့ စကားတွေက ကိုယ့်နားထဲကြားလိုက်မကြားလိုက် ...
သူငေးနေတဲ့နေရာကိုကိုယ်လိုက်ငေးရင်း ... ဆို့နင့်နာကျင်လာတယ် ..
ကိုယ်ငိုမိနေပြီလား ... ?
မိုးစက်တွေရုတ်တရက်ကျလာခိုက် သူပြေးထွက်သွားခဲ့တာ ကိုယ်သတိပြုမိရဲ့ .. ..
ကိုယ်ကတော့ ...
ကိုယ်ကတော့ ... မိုးရေစက်တွေအောက်မှာပဲ ရပ်တန့်မိနေတုန်း ...
ပါးထက်လှိမ့်ဆင်းသွားတဲ့ ပူနွေးမှုကိုခံစားမိမှ မိုးစက်မဟုတ်ပဲ မျက်ရည်တွေကျနေတာကိုသတိပြုမိတယ် ...။
အဲ့ဒီအချိန်ကစလို့ . ကိုယ်ရဲ့ ပြက္ခဒိန်တွေ အသွေးအရောင်မဲ့ ခြောက်ကပ်ခဲ့ရတာပါပဲ ...။
ပျော်ရွှင်စွာပေါင်းဖက်လေသတည်းမဖြစ်ခဲ့တဲ့ ဇာတ်သိမ်းခန်းမှာ မိုးကတမင်ပင်ခက်ထန်ခဲ့သလိုထင်ရသည် ...
မျက်နှာကို စပ်ဖျဉ်းနာကျင်နေစေတဲ့ မိုးစက်တွေကိုမော့ကြည့်ရင်း မိုးသားတွေညိုမှောင်မဲနက်နေတာ တွေ့တယ် ...
ဒီမိုးက ဟိုတစ်ချိန်ကမိုးလိုပဲ ကိုယ့်ကိုခက်ထန်စွာနာကျင်စေအုံးမှာလား ..?
သို့တည်းမဟုတ် .... ကိုယ့်ရဲ့ခြောက်သွေ့ပိတ်လှောင်မွန်းကျပ်နေမှုကိုပဲ စိုပြေစိမ်းလန်းလာစေမှာလား ... ?
ကိုယ်မျှော်လင့်ရဲ့ ... ကိုယ့်အတိတ် ကိုယ့်အရိပ်တွေကို ရွာသွန်းဆေးကြောပေးစေနိုင်ဖို့ ...
မိုးညနေခင်းမှာ ကိုယ်ဆုတောင်းခဲ့ပါတယ် ...။
(ကိုယ့်ရှေ့ရေပြင်လေးအသိပါကွယ်)...။
Leave မိုးနှင့်အတူ to:
Read more #msu posts
Best Posts From Lay Cho
We have not curated any of laycho's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.