ဥသာအကြောင်းတစ်စေ့တစ်စောင်း (အပိုင်း ၄)
အဲ့ဒီလိုနဲ့ ကျန်စစ်သားကို ဖမ်းချုပ်စေကာ သူ့ရဲ့ရှေ့တော်မှောက်ကို ခေါ်ခဲ့ဖို့ ရဲမက်တွေကို အမိန့်ပေးစေလွှတ်လိုက်ပါတယ်။ ရဲမက်တွေအနေနှင့်ကလည်း ကျန်စစ်သားအနေနှင့် အသာတကြည်အဖမ်းမခံခဲ့သော် မတော်တဆ တိုက်ခိုက်မှုဖြစ်ပွားမှာကို အရမ်းစိုးရိမ်ပါတယ်။ သို့သော် ကျန်စစ်သားကတော့ သူ့အမှားအတွက် ပေးဆပ်ဖို့ဝန်မလေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အသာတကြည်ပဲ အဖမ်းခံခဲ့ပါတယ်။ ဒီလိုနဲ့ ရဲမက်တွေဟာ ကျန်စစ်သားကို လက်ပြန်ကြိုးတုပ်ပြီး အနော်ရထာမင်းရဲ့ရှေ့မှောက်ကို ပို့စေပါတယ်။ အနော်ရထာမင်းဟာ ကျန်စစ်သား ဝင်လာတဲ့အခါမှာ ကျောပေးထားတဲ့အနေအထားကနေ လှည့်မကြည့်ဘဲ နေပါတယ်။ အဲ့ဒီလိုအချိန်မှာ နန်းရင်ပြင် မှာလည်း အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ကျန်စစ်သားကို ဒူးထောက်လျက် လက်ပြန်ကြိုးတုပ်ကာ နန်းရင်ပြင်က တိုင်လုံးတစ်ခု နဲ့တွဲချည်ထားပါတယ်။ အနော်ရထာမင်းဟာ ဒေါသတွေထွက်နေပေမည့် သူ့ရဲ့သားတော်လည်းဖြစ်တဲ့ ကျန်စစ်သားကို မေးခွန်းမေးပါတယ်။ "သူကြားတဲ့သတင်းဟာ အမှန်ပါပဲ လား" တဲ့ ။ အနော်ရထာမင်းက မေးပေမည့် ကျန်စစ်သားဟာ လုံးဝ နှုတ်ဆိတ်နေပါတယ်။ အနော်ရထာမင်းကလည်း ထပ်မေးပါတယ်။ အဲ့ဒီတော့မှ ကျန်စစ်သားကလည်း ခေါင်းညိမ့်ပြတယ်လို့ ဆိုကြပါတယ်။ သို့ပေမည့် အနော်ရထာမင်းဟာ ကျန်စစ်သားကို အခွင့်အရေးထပ်ပေးတဲ့အနေနဲ့ "သားတော် နှုတ်ကပြောတာကိုပဲကြားချင်တယ်" လို့ဆိုပါတယ်။ ဒါပေမည့် ကျန်စစ်သားဟာ နှုတ်ကနေတစ်လုံးမျှ ဖွင့်မပြောခဲ့ပါဘူး။ ဒါနဲ့နောက်ဆုံးမှာတော့ အနော်ရထာမင်းဟာ သူ့ရဲ့ အနီးနားမှာ အမြဲဆောင်ထားတဲ့ အရိန္ဒမာလှံနဲ့ ကျန်စစ်သားကိုလှမ်းပစ်လိုက်ပါတယ်။ အဲ့ဒီ အပြုအမူဟာ အရမ်းကိုမြန်ဆန်လွန်းတဲ့အတွက် မှူးမတ်အားလုံးဟာ ကြက်သေသေသွားခဲ့ပါတယ်။ တစ်ချို့ကလည်း မကြည့်ရဲလို့ မျက်စိမှိတ်ထားကြပါသတဲ့။ အနော်ရထာမင်းကိုယ်တိုင်လည်း လှံကို ပစ်လွှတ်ပြီး မကြည့်ရက်လို့ ခေါင်းကို ချာကနဲ လှည့်လိုက်တယ်လို့ဆိုပါတယ်။
အဲ့ဒီနေရာမှာ အရိန္ဒမာလှံအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ အနော်ရထာမင်းကို အဲ့ဒီအရိန္ဒာမာလှံ ပေးခဲ့တဲ့သူက သိကြားမင်း ကိုယ်တိုင်ပေးခဲ့တယ်လို့ တစ်ချို့သောစာတွေက ဆိုပါတယ်။ ထားပါ။ အဓိကပြောချင်တာက အနော်ရထာမင်း ဟာ သူ့ရဲ့ ဖခင် ကို နန်းချပြီး သူ့ရဲ့အမေကို သိမ်းပိုက်ထားတဲ့ သူ့ရဲ့ဦးလေး ဆီက ထီးနန်း ပြန်ယူဖို့ စစ်ချီတက်လာပါတယ်။ ပုဂံမြို့ရဲ့ အပြင်ဘက်မှာ တပ်စွဲထားတဲ့ အနော်ရထာဟာ သူ့ရဲ့ဦးလေးကို ရာဇသံပေးပို့ပါတယ်။ ထီးနန်းကိုအပ်မလား ၊ စစ်ချီရမလားလို့ ရာဇသံပေးပါသတဲ့။ နောက်ဆုံးမှာတော့ စစ်တိုက်ဖို့အကြောင်းဖန်လာပါတယ်။ စစ်မြေပြင်ရောက်တဲ့အခါမှာတော့ အနော်ရထာအနေနဲ့ တစ်ဦးချင်း တစ်ယောက်တစ်လှည့် စီးချင်းထိုးဖို့ကိုစိန်ခေါ်ပါတယ်။ ဒီလိုနဲ့စီးချင်းထိုးတဲ့အခါမှာ အနော်ရထာ ဟာ အရိန္ဒာမာလှံကို ကိုင်ကာ သစ္စာပြုပြီး လှံနဲ့ထိုးတဲ့အခါ ဦးလေးဖြစ်သူဟာ လူရောမြင်းပါ ချောက်ထဲကိုပြုတ်ကျပြီး နတ်ရွာစံပါတယ်။ အဲ့ဒီ နေရာကိုတော့ ယခုထိတိုင် မြင်းကပါ အရပ်လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ကျွန်တော်အနေနဲ့ အနော်ရထာ ရဲ့ ဦးလေး နာမည် ကို မေ့နေလို့ ထည့်မရေးတာ ခွင့်လွှတ်ပေးပါဗျာ။ အဲ့ဒီနောက်မှာတော့ အနော်ရထာမင်းဟာ ပုဂံ ကို သိမ်းပိုက်ပါတယ်။ သိမ်းပြီး ပြီးချင်းမှာပဲ သူ့ကို ထီးနန်းအပ်ကြပါတယ်။သို့သော် အနော်ရထာမင်းဟာ ထီးနန်းကိုလက်မခံသေးပဲ သူ့ရဲ့ ဖခမည်းတော် ကျောင်းဖြူမင်းကို ထီးနန်းပြန်စိုးစံခိုင်းပါတယ်။ ခမည်းတော်က လက်မခံမှ အနော်ရထာမင်းကိုယ်တိုင် ထီးနန်းကို လက်ခံပါတယ်။ ဒါကြောင့် အနော်ရထာမင်း ထီးနန်း သိမ်းပိုက်တဲ့အချိန်မှာ သူ့ရဲ့ အရိန္ဒာမာလှံဟာ သူ့ရဲ့လက်စွဲတော်ဖြစ်ခဲ့ပါတယ်။
ပြန်ဆက်ကြရအောင်ပါ။ အဲ့ဒီလို အနော်ရထာမင်း က ပစ်လွှတ်လိုက်တဲ့ သူ့ရဲ့ အရိန္ဒာမာလှံဟာ ကျန်စစ်သားရဲ့ ရင်ဝတည့်တည့်ကို ထိုးမစိုက်မိပဲ သူ့ကို တုပ်ထားတဲ့ကြိုးတည့်တည့်ကို ဖြတ်ကာ သူ့နောက်က တိုင်လုံးမှာ စိုက်နေပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျန်စစ်သားဟာ ချက်ချင်းဆိုသလို သူ့ကိုတုပ်ထားတဲ့ကြိုးတွေကိုအကုန်ဖြည်ကာ အရိန္ဒာမာလှံကို ယူလျှက် နန်းတော်မှထွက်ပြေးသွားခဲ့ပါတယ်။
....
.....
...
...Photo credit by Google Image
...Reference book by တက္ကသိုလ်စိန်တင် (အိုဘယ့်အနော်ရထာ)
...
...@generalpyone
MSC- 238
...
...အပိုင်း (၅) ကို ဆက်လက် စောင့်မျှော်ပေးကြပါဦး
Leave ဥသာအကြောင်းတစ်စေ့တစ်စောင်း (အပိုင်း ၄) to:
Read more #myanmar posts
Best Posts From generalpyone
We have not curated any of generalpyone's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.