A Tar Oo avatar

N95 Respirator

ahtaroo

Published: 30 Jul 2017 › Updated: 30 Jul 2017N95 Respirator

N95 Respirator

"N95 Respirator" 😷😷😷

(N95 Respirator နဲ့ ပတ်သတ်ပြီး ကျွန်တော် လေ့လာသိရှိထားတာတွေကို မျှဝေခြင်းဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ အတွက် အဓိကရည်ရွယ်ထားပါတယ်။)
============================================
Q: N95 Respirator ဆိုတာဘာလဲ?
A: အသက်ရှုလမ်းကြောင်း ကာကွယ်မှုကိုပေးဖို့ အထူးပြုလုပ်ထားတဲ့ နှာခေါင်းစည်း တစ်မျိုးပဲ ဖြစ်ပါတယ်။ N ဆိုတာ not resistant to oil လို့ဆိုလိုတာဖြစ်ပီး ဆီကိုအခြေခံတဲ့ အမှုန်အမွှားတွေကို မကာကွယ်နိုင်ပါဘူး။ 95 ဆိုတာက ဒီနှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပီး Fit ဖြစ်နေမယ်ဆိုရင် 0.3 microns ထိသေးငယ် အမှုန်အမွှားလေးများကို 95% အထိကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(0.3 microns ဆိုတာက ဘယ်လောက်ရှိလည်းဆိုရင် လူ့ဆံပင်အချင်းရဲ့ အပုံ 300 ပုံ 1 ပုံ လောက်ပဲရှိပါတယ်။ လူ့ဆံပင်ရဲ့ အချင်းက 100 micons ခန့်ရှိပါတယ်။)

Q: Respirator အမျိုးအစား ဘယ်နှမျိုးရှိလဲ?
A: အများကြီးရှိပါတယ်
😷 USA မှထောက်ခံအတည်ပြုထားသော N95, N99, N100, R95, R99, R100, P95, P99, P100
😷 ဥရောပမှ ထောက်ခံအတည်ပြုထားသော FFP2, FFP3
😷 သြစတြေးလျနဲ့ နယူးဇီလန်မှာ အသုံးပြုသော AS/NZS 1716 P2
အစရှိသည်ဖြစ် အများကြီးရှိပါတယ်။ တခြားနာမည်တွေနဲ့လည်း ရှိပါသေးတယ်။
ဘာလို့ အမျိုးအစား အများကြီးဖြစ်နေတာလဲဆိုတော့ လုပ်ငန်းခွင်တွေရဲ့ အန္ဘရယ် (occupational risks) တွေပေါ်မူတည်ပြီး ထုတ်လုပ်ထားကြလို့ပဲ ဖြစ်ပါတယ်။ ပြောချင်တာကတော့ ဆေးရုံ၊ ဆေးခန်း နဲ့ ကျန်းမာရေးဂန်ထမ်းတွေ အတွက် ထုတ်လုပ်ထားတယ့် Respirator နဲ့ ကျောက်တွင်းတူးတဲ့လူတွေ၊ ပိုးသတ်ဆေးဖြန်းတယ့်လူတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာသုံးတယ့် Respirator အမျိုးအစားတွေက မတူကျပါဘူး။

Q: N95 ဖြစ်ရင် ပီးရော ဆိုပီး ကျန်းမာရေးဝန်ထမ်းတွေက အသုံးပြု့ လို့ရမလား?
A: ဆေးရုံး၊ ဆေးခန်းတွေ၊ ကျန်းမားရေးဝန်ထမ်းတွေ အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတယ့် N95 အမျိုးအစားကိုပဲ ရွေးချယ်ပြီးသုံးစွဲသင့်ပါတယ်။ ဒါ့အပြင် အရည်အသွေး (Quality Assurance) အတွက်လည်း စိတ်ချယုံကြည်ရတဲ့ အမျိုးအစားကိုပဲ သုံးသင့်ပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ အထက်တွင်ဖော်ပြခဲ့သလို အသုံးပြု့မယ့် နေရာပေါ်မူတည် ပြီးထုတ်လုပ်ထားတာဖြစ်သလို ထုတ်လုပ်တဲ့ company ပေါ်မူတည်ပြီး အရည်အသွေးကွာသလို ဈေးနှုန်းကလည်း ကွာပါတယ်။

Q: ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လို N95 မျိုးကို တပ်ဆင် အသုံးပြုသင့်ပါသလဲ?
A: အမေရိကန် ရောဂါကူးစက်မှုထိန်းချုပ်ရေးဌာန (US CDC) ကတော့ သူတို့ဆီက အမျိုးသားလုပ်ငန်းခွင်လုံခြုံရေးနဲ့ ကျန်းမာရေးဌာန (National Institute of Occupational Safety & Helath/ NIOSH) က အသိအမှတ်ပြု ထောက်ခံထားတဲ့ N95 Respirator တွေကိုပဲ သုံးဖို့ လမ်းညွှန်ထားပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် မြန်မာနိုင်ငံမှာ လက်ရှိ အမျိုးသားတီဘီရောဂါတိုက်ဖြတ်ရေး (National TB Programme) က အသုံးပြုနေတယ့် 3M company ကထုတ်တယ့် N95 Respirator၊ Model No: 1860 နဲ့ 1860s တွေဟာ လေမှတဆင့် ကူးစက်တတ်သော ရောဂါပိုးတွေကို ကာကွယ်ရာမှာ အသုံးပြုဖို့ အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ N95 အမျိုးအစားဖြစ်တဲ့အပြင် အမေရိကန်က NIOSH နဲ့ FDA က အသိအမှတ်ပြုထားတဲ့ N95 Respiratir အမျိုးအစား ဖြစ်ပါတယ်။
(မှတ်ချက်။ တခြားနိုင်ငံက ထုတ်တဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ Quality Assurance ကို ကျွန်တော် သေချာမသိတဲ့ အတွက် မဖော်ပြတာပါ။)

Q: N95 Respirator ကိုကျန်းမာရေးဝန်ထမ်းတွေက ဘယ်အချိန်မှာ တပ်သင့်ပါသလဲ?
A: လေမှတဆင့်ရောဂါးပိုးကူးစက်နိုင်တယ့် အခြေအနေတွေမှာ လုပ်ကိုင်နေတယ့် ကျန်းမာရေးဝန်ထမ်းတွေက ဝတ်ဆင်သင့်ပါတယ်။

Q: N95 Respirator က အနံ့တွေကိုကော ကာကွယ်ပေးနိုင်လား?
A: ပုံမှန်အားဖြင့်တော့ အနံ့ကို မကာကွယ်ပေးနိုင်ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေဘအတွက်ထုတ်လုပ်ထားတယ့် N95 တွေကလည်း အနံကို filter မလုပ်ပေးနိုင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုရင် အနံ့ရဲ့မော်လီကျုးတွေက အရမ်းကိုသေးငယ်ပြီးတော့ N95 က မစစ်ထုတ်ပေးနိုင်ပါဘူး။ အနံ့ကို ကာကွယ်ပေးနိုင်တယ့် N95 အမျိုးအစားသတ်သတ်ရှိပြီး သူ့မှာ အနံ့ကို ကာကွယ်ပေးနိုင်တယ့် ကာဗွန်အလွှာတစ်ခု အပိုဆောင်းပါပြီး ဂဟေ ဆော်တယ့် လုပ်ငန်းခွင်တွေမှာ သုံးလေ့ရှိပါတယ်။

Q: N95 Respirator ဝတ်ဆင်ဖို့ ကျန်းမာရေးဝန်ထမ်း တစ်ယောက်အနေနဲ့ ဘာတွေသိထားရမလဲ?
A: N95 Respirator တွေက တစ်ဦးတည်း အသုံးပြုရပါမယ်။ အခြားလူများနဲ့ မျှဝေပြီး သုံး၍ မရပါ။ စနစ်တကျဝတ်ဆင်အသုံးပြုဖို့ အရေးကြီးပါတယ်။ ပုံမှန်အားဖြင့်တော့ N95 ဗူးတွေထဲမှာ ဘယ်လိုဝတ်ဆင်ရမလဲဆိုတယ့် အညွှန်းပါလေ့ရှိပါတယ်။ အဲ့ဒိအတိုင်း Fit ဖြစ်အောင် စနစ်တကျဝတ်ဆင်ရပါမယ့် အပြင် ကိုယ်နဲ့ သင့်တော်တဲ့ size ကိုလည်း ရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဝတ်ဆင်တဲ့အခါမှလည်း နှာခေါင်းစည်းရဲ့ အတွက်ဘက် အခြမ်းကို လက်နဲ့မထိရပါဘူး။ သန့်ရှင်းနေတဲ့ အတွင်းပိုင်းဟာ ကိုယ့်လက်ကြောင့်ညစ်ပတ်သွားနိုင်သလို လက်ကရောဂါပိုးတွေကို ထိတွေ့ကိုင်တွယ်မိထားခဲ့ရင် လက်မှတဆင့် အတွင်းပိုင်းကို ရောဂါပိုးတွေထဲ့လိုက်သလို ဖြစ်သွားနိုင်ပါတယ်။
(အောက်ဖော်ပြပါ link တွင် N95 1860 3M ဝတ်ဆင်ပုံကို လေ့လာနိုင်ပါသည်။)

Q: N95 Respirator ကိုစနစ်တကျ မဝတ်ဆင်ရင် ကိုယ်နဲ့ Fit မဖြစ်ရင် ဘာဖြစ်မလဲ?
A: စနစ်တကျ မဝတ်ဆင်ရင်၊ ကိုယ်နဲ့ fit မဖြစ်ရင် N95 ရဲ့ စစ်ထုတ်နိုင်တယ့် အစွမ်းသတ္တိ 95% အပြည့်အဝ မရနိုင်ပါဘူး။ Fit မဖြစ်လျင် ကိုယ်မျက်နှာနဲ့ N95 ကြားရှိ ဟနေသော နေရာများမှ ရောဂါပိုးအလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။

Q: N95 Respirator ဝတ်ဆင်ဖို့ အတွက် Fit testing လုပ်ဖို့ လိုပါသလား?
A: Fit testing ဆိုတာ ကိုယ်ဝတ်ဆင်မယ့် N95 က ကိုယ်နဲ့ တော်လား မတော် စမ်းသပ်တဲ့နည်းလေးဖြစ်ပါတယ်။ စမ်းသပ်ပြီးလို့ ကိုယ်သင့်တော်တဲ့ Fit ဖြစ်တဲ့ အမျိုးအစားကိုဝတ်ဆင်တာက အကောင်းဆုံးပါပဲ။ အခြေခံအားဖြင့် N95 Respirator ကို လုပ်ငန်းခွင်ထဲမှာ မဝတ်ဆင်ခင် Fit testing အရင်ဆုံးလုပ်ပြီး ကိုယ်နဲ့ Fit ဖြစ်တယ့် Pass ဖြစ်တယ့် N95 ကိုရွေးချယ်ဝတ်ဆင်ရပါမယ်။ ပြီးရင် တစ်နှစ်တစ်ခါပြန်စစ်သင့်သလို၊ N95 အမျိုးအစားနောက် တစ်ခုပြောင်းသုံးမယ်ဆိုရင်လည်း Fit testing အရင်လုပ်ပြီး ဆန်းစစ်သင့်ပါတယ်။ ဥပမာပေးရရင် ပိန်တဲ့သူတစ်ယောက်က N95 size အကြီးကို ဝတ်ဆင်ထားမယ်ဆိုရင် fit ဖြစ်မှာ မဟုတ်ပါဘူး။ အဲ့အခါ N95 က ကြီးနေတဲ့အတွက် ကိုယ်မျက်နှာနဲ့ N95 နဲ့ ထိကပ်နေတဲ့ နေရာတွေမှာ ဟနေပြီးတော့ ရောဂါပိုးတွေ အဲ့နေရာက ဝင်ရောက်နိုင်ပါတယ်။
(အောက်ဖော်ပြပါ link တွင် Fit testing ပြုလုပ်ပုံအဆင့်ဆင့်ကို လေ့လာနိုင်ပါသည်။)

Q: Fit testing လုပ်တဲ့ပစ္စည်း Fit test kit မရှိလို့ လုပ်ဖို့ အဆင်မပြေဘူး ဆိုရင် ဘာလုပ်ရမလဲ?
A: လုပ်ဖို့ အဆင်မပြေဘူဆိုရင်တော့ ကိုယ့်နဲ့ Fit အဖြစ်ဆုံး အလုံခြုံဆုံးလို့ ယူဆရတယ့် size ကိုရွေးချယ်အသုံးပြုစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ Fit testing လုပ်ပီး Pass ဖြစ်တဲ့ size ကိုတပ်သင့်ပါတယ်။ လုပ်ဖို့ အဆင်မပြေတဲ့ အခါမှာ ကိုယ်နဲ့အသင့်တော်ဆုံး Fit အဖြစ်ဆုံးလို့ ထင်တယ့် size ကို ဝတ်ဆင်တာက မဝတ်တာထက် အများကြီးအကျိုးရှိပါတယ်။

Q: N95 Respirator နဲ့ ရိုးရိုး surgical mask နဲ့ အတူတူပဲလား၊ ဘာကွာသလဲ?
A: N95 Respirator နဲ့ ရိုးရိုး surgical mask က မတူပါဘူး။
😷 N95 Respirator က အထက်မှာ ပြောခဲ့သလို အလွန်သေးငယ်တဲ့ လေမှ တဆင့် ကူးစက်တတ်သော ဘက်တီရီးယားပိုး၊ ဗိုင်းရ်စ်ပိုးတွေပါဝင်နိုင်တယ့် အမှုန်လေးတွေကို စစ်ထုတ်နိုင်တဲ့ အတွက် အသက်ရှုလမ်းကြောင်းမှ ကူးစက်မှုကို လျော့နည်းစေပါတယ်။ 95% အထိ ကာကွယ်စစ်ထုတ်ပေးနိုင်ပါတယ်။ စနစ်တကျ ဝတ်ဆင်ဖို့နဲ့ Fit ဖြစ်အောင်ဝတ်ဆင်ဖို့ လုံဖို့ အထူးအရေးကြီးပါတယ်။ လေမှတဆင့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အခြေနေမှာရှိတယ့် ကျန်းမာရေးဝန်ထမ်းတွေ ဝတ်ဆင်သင့်ပါတယ်။
😷 ရိုးရိုး Surgical mask တော့ လေမှတဆင့်ကူးစက်တဲ့ ရောဂါပိုးတွေကို မကာကွယ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက N95 လို ဘေးမှာ လုံအောင် မကာထားသလို ရောဂါပိုးတွေစစ်ထုတ်နိုင်အောင် တည်ဆောက်ထားတာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။ သူရဲ့ အဓိကလုပ်ဆောင်နိုင်မှုက ဝတ်ဆင်ထားတဲ့သူဆီက ချောင်းဆိုးနှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ဖမ်းယူထားပြီး အနီးပတ်ဝန်းကျင်ကို ရောဂါပျံ့နှံ့မှုလျော့ကျအောင် လုပ်ဆောင်ပေးပါတယ်။ လေမှတဆင့် ကူးစက်သောရောဂါရှိနိုင်တဲ့ လူနာတွေဝတ်ဆင်သင့်ပါတယ်။

Q: ပိုပြီးလုံခြုံအောင် ရိုးရိုး surgical mask နဲ့ N95 နှစ်ထပ်ဝတ်ဆင်လို့ ရပါသလား?
A: မရပါဘူး။ မလုပ်ရပါဘူး။
ဘာလို့လည်းဆိုတော့ surgical mask ကိုအောက်မှာခံလို့ N95 က Fit မဖြစ်တော့ပဲ ဟနေတယ့်နေရာတွေကနေ ရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။
N95 တစ်ခုတည်းကိုပဲ စနစ်တကျ Fit ဖြစ်အောင်ဝတ်ဆင်ရင် လုံလောက်ပါပြီ။

Q: N95 Respirator က H1N1ကိုကာကွယ်ရာမှာ အသုံးပြုနိုင်ပါသလား?
A: အမေရိကန် ရောဂါကူးစက်မှုထိန်းချုပ်ရေးဌာန (US CDC) က H1N1ကိုကာကွယ်နည်းလမ်းတွေထဲက တစ်ခုအဖြစ် ကျန်းမာရေးဝန်ထမ်းတွေ N95 ဝတ်ဆင်ဖို့ လမ်းညွန်ထားပါတယ်။

Q: N95 Respirator သုံးပြီးသားကို ပြန်သုံးလို့ရလား၊ ဘယ်လောက်ကြာကြာသုံးလို့ရပါသလဲ?
A: N95 Respirator ကို အတွင်းသားနဲ့ အပြင်နဲ့ပြောင်းပြန်လန်ပြီးသုံးလို့ မရပါဘူး။ ပေါက်ပြဲသွား၊ ရာဘာကြိုးပြုတ်သွား ပြတ်သွား၊ ရေစိုသွားလျင် ထပ်မံ အသုံးမပြုပဲစွန့်ပစ်ရပါမည်။
CDC WHO TB Infection Control Guidelines အရ ၂ ပတ်အထိ အသုံးပြုလို့ရတယ်လို့ ရေးထားပါတယ်။ PIH MSF-H TB Guidelines အရတော့ နေ့စဉ်နာရီအတော်များများ အသုံးပြုဖြစ်ရင် ၁ပတ် အထိသုံးနိုင်ပြီး တခါတလေမှ အသုံးပြုရင် သတင်းပတ်ပေါင်းများစွာ အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။
CDC website page မှာလည်း ပြန်လည်အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။
တစ်ဦးထဲကပဲ ပြန်လည်အသုံးပြုရမှာပါ။ အခြားလူကို မျှပြီးအသုံးပြုလို့ မရပါဘူး။ ဝတ်ဆင်တဲ့အခါမှလည်း နှာခေါင်းစည်းရဲ့ အတွက်ဘက် အခြမ်းကို လက်နဲ့မထိရပါဘူး။ သန့်ရှင်းနေတဲ့ အတွင်းပိုင်းဟာ ကိုယ့်လက်ကြောင့်ညစ်ပတ်သွားနိုင်သလို လက်ကရောဂါပိုးတွေကို ထိတွေ့ကိုင်တွယ်မိထားခဲ့ရင် လက်မှတဆင့် အတွင်းပိုင်းကို ရောဂါပိုးတွေထဲ့လိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ပြန်လည် အသုံးပြုမယ်ဆိုရင် နှာခေါင်းစည်းရဲ့ အပြင်ဘက်မျက်နှာပြင်မှာ ရောဂါပိုးတွေ ရှိနေနိုင်တဲ့ အတွက် နှာခေါင်းစည်းတပ်ဆင်ရာနဲ့ ချွတ်ရာမှာ ပါးစပ်၊ နှာခေါင်း နဲ့ မျက်စိတို့ကို မထိမိအောင် ဂရုစိုက်ရပါမယ်။ ဒါ့အပြင် N95 နှာခေါင်းစည်းကို မဝတ်ဆင်ခင်၊ ဝတ်ဆင်ပြီးတိုင်းနှင့် ချွတ်ပြီးတိုင်းလက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောရပါမယ်။ အသုံးပြုနေဆဲနှင့် အသုံးပြုပြီး N95 နှာခေါင်းစည်းကို ထိတွေ့ကိုင်တွယ်မိပြီးတိုင့်းလည်း လက်ကိုဆပ်ပြာနှင့် ဆေးကြောရပါမယ်။ အကြောင်းရင်ကတော့ တချို့ရောဂါပိုးတွေဟာ (ဥပမာ H1N1 ဗိုင်းရပ်စ်ပိုး) ထိတွေကိုင်တွယ်ရာက တဆင့်လည်းကူးစက်နိုင်လို့ပါ။

Q: N95 Respirator ကို ဘယ်လိုသိမ်းမလဲ?
A: ပလက်စတစ်အိပ်ထဲမှာ မသိမ်းရပါဘူး။ ရေငွေ့ရိုက်မှာ စိုးလို့ပါ။ စိုစွတ်တဲ့နေရာတွေမှာ မသိမ်းရပါ။ ခြောက်သွေ့ပြီး သန်ရှင်းတဲ့နေရာ၊ အရိပ်ရတဲ့ နေရာမှာ သိမ်းလို့ရသလို စက္ကူအိပ်ထဲမှာ ထဲ့သိမ်းလည်းရပါတယ်။ လုံးချေပြီး မသိမ်းဆည်းရပါ။

(မှတ်ချက်။ အထက်ပါအချက်အလက်တွေဟာ (1) US CDC website page, (2) WHO Guidelines: Infection Prevention & Control of epidemic/pandemic prone acute respiratory infections in health care 2014, (3) CDC WHO TB infection control in health care facilities, congregate settings & households, (4) 3M company ရဲ့ website pageတွေကို ကိုးကားပြီးရေးထားခြင်းဖြစ်ပါတယ်။ N95 Respirator ဝတ်ဆင်တာတစ်ခုတည်းနဲ့ရောဂါပိုးကူးစက်တာကို မကာကွယ်နိုင်ပါဘူး။ အခြား ရောဂါကူးစက်မှုထိန်းချုပ်တဲ့နည်းလမ်းတွေနဲ့ စနစ်တကျပေါင်းစပ်ကာကွယ်မှ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။)

Credit Dr. Moe Hein KyawFB_IMG_1501386239229.jpg
FB_IMG_1501386231323.jpg

Leave N95 Respirator to:

Written by

Read more #myanmar posts


Best Posts From A Tar Oo

We have not curated any of ahtaroo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From A Tar Oo