suhlaing avatar

ကျူးသို့ အပြန်

suhlaing

Published: 18 Aug 2018 › Updated: 18 Aug 2018ကျူးသို့ အပြန်

ကျူးသို့ အပြန်

ကျမကို ပတ်ဝန်းကျင်က သမုတ်ကျတဲ့အတိုင်း ဆိုးသွမ်းပြီး ကြမ်းတမ်းတဲ့ ကောင်မလေးအဖြစ် ကျမ ကြီးပြင်းလာခဲ့ပါသည်။ ကျမ ဘဝရဲ့ စာမျက်နှာများကတော့ လက်ရေးမညီမညာနဲ့ရေးခြစ်ထားတဲ့ ကျောင်းသူတစ်ယောက်ရဲ့ မူလတန်းစာမျက်နှာပါဘဲ။ အမေက ပြောတယ်လေ မိန်းကလေးဆိုတာ သေစာရှင်စာ တက်ရင် ရပြီတဲ့။ ဒီလိုနဲ့ဘဲ မူလတန်းမလွန်တဲ့ ကျမ ၂တန်းနဲ့ ကျောင်းထွက်ခဲ့ရတယ်။ ကျမ အောက်က မောင်နှမ ၅ယောက်ကို ထိန်းရင်း အိမ်ကျို အိမ်ကြားဝင် ပုလင်းတွေ ဗူးတွေကောက်နဲ့ မုန့်ဖိုးလေးတွေ ဖန်တီးတက်လာတယ်။

ကျမတို့ နေတဲ့ ရပ်ကွက်က ကျူးတဲလို့ လူတွေ ခေါ်ကျတာပါဘဲ။ ကျူးကျော်တယ်ဆိုတဲ့စကားက သိပ်များ ခန်းနားနေမလားလို့ကျမက ကြီးကြီးကျယ်ကျယ်တွေ တွေးလိုက်မိပါသေးတယ်။ တကယ်ကနေစရာမရှိလို့ ရရာ မြေလွတ်ကလေးပေါ်မှာ ခိုကပ်နေရတာပါ။ ခိုတဲ ဆိုရင် ပိုမှန်လေမလား။ ခိုကပ်သူတွေ တဖြည်းဖြည်းပေါများလာတာကြောင့် ကျမတို့ ရပ်ကွက်ကြီးလည်း တစ်စ တစ်စ ပိုပိုကျယ်ဝန်းလာပါတယ်။ အိမ်ခြေ ရာခြေ မရှိတဲ့ လူတွေများသထက်များလာတာကြည့်ရင်း အားငယ်တဲ့ စိတ်က တဖြည်းဖြည်းပျောက်ဆုံးလာပြီး ဘဝတူတွေကြား ပျော်မွေ့တက်လာတယ်။ အရင်က တဲလေး ၁၀လုံးနဲ့ စခဲ့တဲ့ ကျမတို့ ရပ်ကွက်ဟာ အခုဆိုရင် တဲစုလေးတွေ ၆၀ကျော် သွားပါပြီ။ ကျမတို့ တဲလေးကို ဝန်းရံပြီး တစ်တဲပြီး တစ်တဲ ဆောက်လာလိုက်ကျတာ ကျမတို့ တဲလေးတောင် ရပ်ကွက် အလည်ရောက်လာပါပြီ။

IMG_20180818_095044.png
credit image source

လူစည်ကားလာပြီး တဲနေရာလေးက အချက်အခြာကျလာတော့ ဥာဏ်ကောင်းတဲ့ အမေက တဲဆိုင်လေးနဲ့ ကုန်စိမ်းဆိုင်လေး ဖွင့်လိုက်ပါတယ်။ ဆိုင်လို့ဆိုပေမဲ့ မရှိမဖြစ် ပစ္စည်းလေးတွေလောက်သာ အမေက ရောင်းတာပါ။ မီးခြစ် ဖယောင်းတိုင် ဆေးလိပ် ဓာတ်ခဲ အိမ်တွင်း ဗမာဆေး တစ်ခါစပ် အင်္ဂလိပ်ဆေး ကြက်သွန်နီ ကြက်သွန်ဖြူ နဲ့ ကန်စွန်းရွက် ချဉ်ပေါင်ရွက် ငရုပ်သီးစိမ်း ငပိရည်ကျို စသည့် ပစ္စည်းလေးများကို ဖြစ်ပါတယ်။ ကျမက ကလေးထိန်း ထမင်းချက် တခါတလေလည်း ဈေးရောင်းကူပေါ့။ အဖေကတော့ စက်ရုံကြီးတစ်ရုံမှာ လုံခြုံရေး လုပ်ပါတယ်။ ဒါပေမဲ့ ရတဲ့ လစာကတော့ အဖေ့ အရက်ဖိုးတောင် လောက်ငတယ် မရှိပါဘူး။ အလုပ်က ပြန်လာတာနဲ့ အရက်ဆိုင်တန်းဝင်ပြီး ညမိုးချုပ်မှ အိမ်ပြန်လာတက်သူပါ။

အဖေနဲ့အမေ ရန်ဖြစ်သံတွေကြား ရွံ့ဗွက်ထူတဲ့ လမ်းတွေကြား ခြင်တွေပေါတဲ့ ရေအိုင်တွေကြား ပတ်ဝန်းကျင်ရဲ့ဆဲသံတွေကြား စာအံသံပျောက်တဲ့ နံနက်ခင်းတွေကြားမှာ ကျမ ကျင်လည်ကျက်စားလာရင်းနဲ့ အပျိုဖော်ဝင်တဲ့ အရွယ် ရောက်လာပါတယ်။ ထုသားပေသားကျလှတဲ့ ဘဝမှာ ကျင်လည်လာခဲ့ရသူမို့ သဘာဝဆန်လှတဲ့ အလှတရားတွေကို ကျမ ပိုင်ဆိုင်ထားပါတယ်။ ခပ်ရမ်းရမ်း ခပ်ရိုင်းရိုင်း ကိုယ်ပိုင်ဟန်ကြောင့် ရွယ်တူတွေ အနားမကပ်ရဲခဲ့တဲ့ ကျမ ဇာတ်တူသားကို မမက်မောခဲ့ပါဘူး။ အမေ့ အသိ အိမ်ဖော်ပွဲစား မိန်းမတစ်ယောက်ရဲ့ အပြောတွေအောက်မှာ အရည်ပျော်ခဲ့တဲ့ ကျမဟာ သူဌေးအိမ်တစ်အိမ်မှာ ရွှေရောင် အိမ်မက် မက်ခွင့်ရခဲ့ပါတယ်။

ခန်းနားတယ်ဆိုခြင်းထက် ပုံပြင်တွေထဲမှာ တစ်စွန်းတစ်စကြားဖူးတဲ့ ရွှေရောင်ရဲတိုက်ကြီးလို့ ကျမ ထင်မှတ်မိပါသည်။ ထို ရဲတိုက်ကြီးတွင် မင်းသားလေးလည်း ရှိပါသည်။ အင်မတန်လှပပြီး မောက်မာသော မင်းသမီးလေးလည်း ရှိပါသည်။ အထက်တန်းစားဆန်လှသော မယ်တော်ကြီးလည်း ရှိပါသည်။ အဆီကိုစား အသားကို မြိုချင်သော အာဏာရှင်လည်း ရှိပါသည်။ ထို့ထက်ဆိုးသည့် ခွေးဆိုးကြီးတွေလည်း ရှိပါသည်။ သက်တော်စောင့်လည်းရှိပါသည်။ ကျမသည် လှပချောလွန်းသည့် စင်ဒရဲလားလေးလည်း မဟုတ်သည့်အတွက် မင်းသားလေးသည် ကျမ အတွက် ဖြစ်မလာခဲ့ပါ။ အိမ်ဖော်ကို ခြေတော်တင်ချင်သည့် ခပ်ညံ့ညံ့ ဇာတ်လမ်းတစ်ပုဒ်သာရေးခွင့် ရခဲ့ပါသည်။

IMG_20180818_095358.png

ဗိုက်ကလေးဆူထွက်လာသော ကျမကို အိမ်ရှင်မကြီးက ငွေအထပ်လိုက်ပေးခဲ့ပြီး သူတို့နှင့်ဝေးရာကို နှင်ထုတ်ခဲ့ပါသည်။ သူတို့၏ ကျမ ဘဝကောင်းစားရေး အကြံပေးချက်ကိုတော့ ကျမ လက်ခံနိုင်ခြင်း မရှိခဲ့ပါ။ ကျမ ရင်သွေးလေးကို လူ့လောကထဲသို့ ကျမ ဆွဲခေါ်ရပါမည်။ ထိုကလေးအတွက် ကျမ ပေးနိုင်သော လူဖြစ်ခွင့်နှင့် ရှင်သန်ရပ်တည်ခွင့်ကို ကျမ ပေးဖြစ်အောင်ပေးပါမည်။ ထို ကလေးကို ကျမ နို့ချို တိုက်ကျွေး ချင်ပါသေးသည်။ ချစ်စဖွယ် ထိုကလေးကို ချော့မြူ ပွေ့ဖက်ချင်ပါသေးသည်။ ထိုကလေး၏ တီတီတာတာ အမေဟု ခေါ်သံကို ကြားချင်ပါသေးသည်။ ထိုကလေးကို ကျမ ဘဝနှင့် ရင်းကာ စောင့်ရှောက်ချင်ပါသေးသည်။
ကျမ ဘဝ မှောင်မိုက်ချင် မှောင်မိုက်မယ် ကြမ်းတမ်းချင် ကြမ်းတမ်းမယ် ခက်ခဲချင် ခက်ခဲမယ်။ မည်သို့ပင် ဖြစ်စေကာမူ ထို ကလေးကို ကျမ မွေးပါမယ်။ ခိုင်ခံ့သော်လည်း လုံခြုံမှုမရှိသော ထိုရဲတိုက်ကြီး အကြောင်းကိုလည်း ထိုကလေးအား တစွန်းတစတော့ ပြောပြချင်ပါသေးသည်။ မျှော်လင့်ခြင်း ရောင်ခြည်တန်းလေးကို ရင်ဝယ်ထွေးပိုက်ရင်း ရွှံ့ဗွက်အိုင်တွေကို နင်းကာ မိခင်မည်သော ထိုသူမသည် လုံခြုံ နွေးထွေးသော ကျူးကျော် အိမ်ခြေတန်းများကြားတွင် တိုးဝင် ပျောက်ကွယ်သွားပါတော့သည်။

IMG_20180818_095558.png
credit image source

suhlaing@suhlaing
msc 175

Leave ကျူးသို့ အပြန် to:

Written by

Hive Game Player

Read more #myanmar posts


Best Posts From suhlaing

We have not curated any of suhlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From suhlaing