နေရာများ၏ နိဂုံး
တစ်ရက် ကျွန်မတို့ရပ်ကွက်ထဲက ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းလောင်းပွဲရှိလို့ ဆွမ်းလောင်းသွားတဲ့အမေ ဒေါသဖြစ်ပြီးပြန်လာတယ်။ ကျွန်မက အမေဆွမ်းလောင်းသွားတာကို ဘာလို့စိတ်ဆိုးလာတာလဲလို့မေးတော့ 'ငါ့နှယ်အေ....ကုသိုလ်ကတစ်ပဲ ငရဲကတစ်ပိ ဿာပါ'တဲ့။ အမေကဘုန်တော်ကြီးကျောင်းရောက်သွားတော့ သံဃာတော်တွေကြွလာမယ့်လမ်းတစ်လျှောက် ဆွမ်းလောင်းမယ့်သူတွေက ပြည့်ကျပ်နေတာတဲ့။ တစ်နေရာမှာတော့ ဆွမ်းလောင်းမယ့်ဆွမ်းချိုင့်တွေ လှူဖွယ်ပစ္စည်းတွေချထားပေမယ့် လူမရှိဘူး။ တခြားနေရာထက် အဲဒီနေရာကချောင်နေတော့ အမေက သူတို့ချထားတဲ့ လှူဖွယ်ပစ္စည်းတွေကြားထဲ သူ့ဆွမ်းအုပ်ကလေးချပြီး နေရာယူထားလိုက်တာတဲ့။ အဲဒါကု အန်တီကြီးတစ်ယောက်က အော်ကြီးဟစ်ကျယ်နဲ့ သူများဦးထားတဲ့နေရာကို နေရာဝင်ယူရမလားလို့ ပြောသတဲ့။ အမေကလဲ ရှက်လဲရှက် စိတ်လဲတိုတာနဲ့ ဒီနေရာကိုအပိုင်ဝယ်ထားတာလား။ ဆွမ်းလောင်းလို့ရရုံနေရာအပြင် နေရာဘယ်လောင်လိုချင်သေးတာလဲ။ တစ်သတ်လုံးနေရာမယ့် နေရာထင်လို့ ဒီလောက်မက်မောနေတာလားလို့ ပြန်ပြောမှငြိမ်သွားတယ်တဲ့။
ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ကုသိုလ်အတူပြုကြသူချင်းလဲဖြစ်တယ်။ငယ်ရွယ်သူ မသိနားမလည်သေးတဲ့ ကလေးအရွယ်တွေလဲ မဟုတ်ဘဲနဲ့ ဆွမ်းလောင်းရုံခဏရပ်ရတဲ့နေရာအတွက် စကားများရတာ ရှက်စရာကောင်းလွန်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နေရာမက်တဲ့သူတွေက များလွန်းတယ်။ ပွဲခင်းထဲ နေရာအကျယ်ကြီးဦးထားတယ်။ ကြည့်တဲ့သူကနည်းတော့ နေရာကအကျယ်ကြီးပိုနေတယ်။ ဘေးမှာထိုင်စရာမရှိလို့ ရပ်နေသူတွေကို ဘေးမှာဝင်ထိုင်ကြည့်ပါလို့ပြောမယ့် ကိုယ်ချင်းစာတတ်သူရှားလာတယ်။ တရားနာဖို့တောင် မိုက်နဲ့ဟောတဲ့တရား ဘယ်နားကတရားထိုင်နာနာ ကြားရတာချင်းအတူတူ နေရာဦးကြသေးတာ။ လူတွေမှာ လောဘ ဒေါသ မောဟဆိုတာ အနည်းအများသာကွာပေမယ့် ရှိတော့ရှိကြတာပါပဲ။ ဒါပေမဲ့ အသိဥာဏ်ရှိတဲ့ လူတွေပိပိ လောဘကို နည်းနည်းချင်းလျှော့နိုင်ဖို့တော့ကြိုးစားရမယ်။ ခဏကလေးနေရမယ့်နေရာကိုတောင် လောဘမသတ်နိုင်ကြတော့ တကယ့်အသုံးဝင်တဲ့နေရာတွေရဖို့ လူလူချင်းရက်စက်ဖို့ ဝန်မလေးကြတော့ဘူး။ နေရာကြောင့် ဖြစ်တဲ့စစ်ပွဲတွေ သေကျေကြတာတွေ မြန်မာနိုင်ငံတင်မကဘူး ကမ္ဘာပေါ်မှာဖြစ်ခဲ့ကြသလို ဖြစ်ဆဲ ဖြစ်မြဲပါပဲ။ကိုယ်ရောလိုချင်လို့ သူများကိုတွန်းချကြသူလဲ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေကြားနေရတာတွေ မရိုးနိုင်ဘူး။
MSU-007
Leave နေရာများ၏ နိဂုံး to:
Read more #msu posts
Best Posts From khaylay
We have not curated any of khaylay's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.